ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။
ကျူရှူးကျွန်းရဲ့ ကူမာမိုတို ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တဲ့ စျေးဝယ်စင်တာကြီး တစ်ခုနဲ့ နေအိမ် အဆောက်အအုံတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက ဝင်ရောက် ရှင်းလင်းခဲ့တဲ့နောက် သေဆုံးစာရင်းက ထပ်တိုးလာတာ ဖြစ်ပါတယ်။
ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ သေဆုံးသူ ၁၃ ဦးလို့ အတည်ပြုထားပေမယ့် ဇူလိုင် ၃၀ မနက်ပိုင်းမှာတော့ အဲဒီကိန်းဂဏန်းဟာ ၂၃ ဦးထိ တိုးလာပါတယ်။ ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ၁၇ ဦး သေဆုံးပြီးပြီလို့ အတည်ပြုထားပြီး ကျန်တဲ့ ၆ ဦးကတော့ အသက်ရှင်တဲ့ လက္ခဏာ မရှိတော့ဘူးလို့ သိရပါတယ်။ ဒါဟာ ဂျပန်မှာတော့ လုပ်ထုံးလုပ်နည်းအရ တရားဝင် အတည်မပြုသေးရတဲ့ သေဆုံးစာရင်းကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အခြေအနေ အထူးစိုးရိမ်ရသူ ၅ ဦး ရှိနေတယ်လို့လည်း ဆိုပါတယ်။ ကူမာမိုတိုရဲ့ ကာရှီမာ ဧရိယာမှာ ရှိနေတဲ့ Aeon စျေးဝယ်စင်တာကြီးဟာ ငလျင်လှုပ်ခတ်ချိန် ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့်လို့ ယူဆရတဲ့ ပေါက်ကွဲမှု တစ်ခုပါ ကြုံတွေ့ခဲ့ပြီး အပြင်းအထန် ပျက်စီးခဲ့ပါတယ်။

Public Service Announcement
ရာနဲ့ချီတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အဲဒီနေရာက အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေကို အချိန်လုပြီး ကြိုးစားပမ်းစား ရှာဖွေနေပါတယ်။
စျေးဝယ်စင်တာ အပျက်အစီးတွေအောက်ကနေ လူ ၁၀ ဦးကို ဆွဲထုတ်နိုင်ခဲ့ပြီး အဲဒီထဲက ၄ ဦးကိုတော့ အလောင်းသာ ရခဲ့ကြောင်း၊ နောက် ၁ ဦးကလည်း ထပ်မံသေဆုံးသွားကြောင်း၊ ကျန်တဲ့ ၅ ဦးကလည်း ပြင်းထန်မှု အမျိုးမျိုးနဲ့ ဒဏ်ရာတွေ ရထားကြောင်း ကူမာမိုတို ကယ်ဆယ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက AFPဆီကို ပြောကြားခဲ့ပါတယ်။
ဂျပန်က ပြင်းအား မဂ္ဂနီကျု ၇.၁ လို့သတ်မှတ်ပြီး အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက မဂ္ဂနီကျု ၆.၈ လို့ ကြေညာခဲ့တဲ့ ငလျင်ကြီးဒဏ်ကြောင့် ကျူရှူးကျွန်း အနှံ့မှာ ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။ အိမ်တွေ ပြားပြားဝပ် ပြိုလဲကုန်သလို တံတားတွေကျိုးပြီး လမ်းတွေလည်း ပပ်ကြားအက်ကုန်ပါတယ်။ ဓာတ်အားပြတ်တောက်မှုတွေ နေရာအနှံ့ ကြုံခဲ့ပြီး မီးတွေလည်း လောင်ခဲ့ပါတယ်။
ငလျင်ကြီး အပြီးမှာလည်း နောက်ဆက်တွဲ ငလျင်တွေ ဆက်လက် လှုပ်ခတ်နေတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေအတွက် အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ကျူရှူးမှာ နေ့အပူချိန် ၃၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ မြင့်တက်နေပြီး အပူလျှပ်နိုင်တဲ့ အန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ထားရပါတယ်။
ငလျင်ကြီး လှုပ်ခတ်အပြီး Aeon စျေးဝယ်စင်တာထဲမှာ ရှိနေသူကို ရွှေ့ပြောင်းပေးခဲ့ပေမယ့် မိနစ် ၅၀ လောက်အကြာ အထဲမှာ ဝန်ထမ်းတွေ၊ စျေးဝယ်သူတွေ ကျန်နေဆဲ အချိန်မှာပဲ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
ငလျင်ကြီးအပြီး ဒေသအများအပြားမှာ သောက်သုံးရေ ပြတ်လပ်မှုတွေလည်း ဖြစ်နေပါတယ်။ ဂျပန် သတင်းဌာနတွေက ဖော်ပြတဲ့ ဗီဒီယိုတွေထဲမှာတော့ သောက်သုံးရေ ဖြန့်ဝေပေးတဲ့ နေရာမှာ လူတွေ တန်းစီနေတာကို တွေ့ရပါတယ်။
ဂျပန်ဟာ ကမ္ဘာပေါ်မှာ ငလျင်အလှုပ်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်းစုနိုင်ငံ တစ်ခုဖြစ်တဲ့ ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိသလို ဂျပန်နိုင်ငံရဲ့ တည်နေရာကလည်း ကမ္ဘာ့မြေအောက် ကျောက်လွှာချပ်ကြီး လေးခု စုဆုံတဲ့ နေရာမှာ ကျရောက်နေပြီး ငလျင်လှုပ်ခတ်နိုင်တဲ့ ပြတ်ရွေ့ကြောတွေ ဝန်းရံနေပါတယ်။
ကူမာမိုတိုမှာ ၂၀၁၆ ခုနှစ်တုန်းကလည်း ရက်ပိုင်းလေးပဲခြားပြီး ဖျက်အားပြင်း ငလျင် နှစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၂၇၃ ဦး သေဆုံးခဲ့ပြီး ၂၈၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကိုးကား: Guardian


















































