– ခါကာဘို ရေးသားသည်။
“အစိုးရတစ်ရပ်ဟာ ပြည်သူတွေရဲ့ ရထိုက်တဲ့ လုံခြုံရေး၊ တရားမျှတမှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေလို အခြေခံတာဝန်တွေကို မဖြည့်ဆည်းပေးနိုင်တော့ဘူးဆိုရင် အဲဒီနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။”
ဒီအယူအဆကတော့ အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင်ရောဘတ်အိုင်ရော့တ်ဘတ်ဂ် (Robert I. Rotberg)က နိုင်ငံတစ်ခုရဲ့ “အောင်မြင်မှု”နဲ့ “ကျရှုံးမှု” ကို ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာသင့်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံကိုဘယ်အချိန်မှာ “ကျရှုံးနိုင်ငံ (Failed State)” လို့ သတ်မှတ်ရမလဲဆိုတဲ့ မေးခွန်းဟာပဋိပက္ခများပြားလာနေတဲ့ ယနေ့ကမ္ဘာ့နိုင်ငံရေးမှာ အရေးကြီးတဲ့မေးခွန်းတစ်ခု ဖြစ်သလို ဒီအယူအဆကို နားလည်ထားဘို့လည်းအရင်ကထက်ပိုလိုအပ်လာပါတယ်။

Public Service Announcement
သို့သော်ယနေ့ နိုင်ငံရေးသိပ္ပံလောကမှာ “ကျရှုံးနိုင်ငံ” ဆိုတဲ့ အသုံးအနှုန်းကို အတိအကျ သတ်မှတ်ရာမှာသတိထားအသုံးပြုကြပြီး အားနည်းလာနေတဲ့ နိုင်ငံတွေကို “Fragile State” သို့မဟုတ် “ထိရှလွယ်သောနိုင်ငံ” ဟု အသုံးများပါတယ်။
နိုင်ငံတစ်နိုင်ငံကို“ကျရှုံးနိုင်ငံ”ဟုတ်၊ မဟုတ် သတ်မှတ်တဲ့အခါ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့ အစိုးရအုပ်ချုပ်ရေးစနစ် တစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး အားနည်းချက်တွေ ဘယ်လောက် ရှိသလဲဆိုတာကို တိုင်းတာတာ ဖြစ်ပါတယ်။
ဒီလိုတိုင်းတာရာမှာ နိုင်ငံတကာက အကျယ်ပြန့်ဆုံး အသုံးပြုတဲ့ စံနှုန်းတစ်ခုကတော့ “ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ The Fund for Peace (FFP)” ရဲ့ “ထိရှလွယ်သော နိုင်ငံများဆိုင်ရာ ညွှန်ကိန်း (FSI)” ပဲဖြစ်ပါတယ်။ FSI ဟာပဋိပက္ခဆန်းစစ်လေ့လာမှု မူဘောင် (CAST)လို့ခေါ်တဲ့ ဆန်းစစ်ရေးမူဘောင်ကို အသုံးပြုပြီး နိုင်ငံပေါင်း ၁၇၈ နိုင်ငံကို နှစ်စဉ် အကဲဖြတ်ပါတယ်။
FSI ဟာ သတင်းအချက်အလက်များစွာကို စနစ်တကျ ခွဲခြမ်းဆန်းစစ်ပြီး၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ် အသုံးပြုပါတယ်။ဒါ့အပြင် လူမှုသိပ္ပံပညာရှင်တွေရဲ့သုံးသပ်ချက်များနဲ့ အတည်ပြုပြီးရလဒ်ထုတ်ပြန်တာ ဖြစ်ပါတယ်။
CAST မူဘောင်မှာ နိုင်ငံတစ်နိုင်ငံရဲ့ “ထိရှလွယ်မှုကို ညွှန်ကိန်း ၁၂ ခု” နဲ့ တိုင်းတာထားပြီး၊ ညွှန်ကိန်းတစ်ခုချင်းစီအောက်မှာ တိုင်းတာရမယ့် အချက်ခွဲပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။
အဲဒီ ညွှန်ကိန်း၁၂ခုကို “နိုင်ငံရဲ့စည်းလုံးညီညွတ်မှု၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးနှင့်ကဏ္ဍစုံဆိုင်ရာ ညွှန်ကိန်များ” ဟု အုပ်စုလေးစုအဖြစ် ခွဲထားပါတယ်။ ညွှန်းကိန်း ၁၂ ကတော့ –
၁။ လုံခြုံရေးယန္တရား
နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေကို တိုင်းတာ တာပါ။ တိုက်ပွဲတွေ၊ အာဏာသိမ်းမှုတွေရှိ မရှိ၊လက်နက်ကိုင်အဖွဲ့တွေပေါ်ပေါက်နေသလား၊ ရဲတပ်ဖွဲ့ကို ပြည်သူ ယုံကြည်နိုင်သလား၊ အစိုးရက အကြမ်းဖက်မှုကို အားပေးနေသလား၊ ပြည်သူ့စစ်များနှင့် ကြေးစားအုပ်စုများ ရှိနေလား၊ ပြည်သူတွေက လုံခြုံရေးအတွက် ယုံကြည်မှုရှိရဲ့လား ဆိုတာနဲ့ စစ်တပ်က အရပ်ဘက်အစိုးရ အောက်မှာ ရှိရဲ့လား ဆိုတဲ့အချက်တွေကို အဓိကကြည့်တဲ့ ညွှန်ကိန်း ဖြစ်ပါတယ်။
၂။ အုပ်စုကွဲနေသော ထိပ်ပိုင်းခေါင်းဆောင်များ
နိုင်ငံရေး၊လူမျိုးရေး၊ဘာသာရေးအပေါ် အခြေခံပြီး ခေါင်းဆောင်တွေ အာဏာလုနေကြသလား၊ အရင်းအမြစ်တွေကိုမျှမျှတတ ခွဲဝေသလား၊ ခွဲထွက်ရေးတောင်းဆိုမှုတွေ ရှိနေသလားဆိုတဲ့ ညွှန်ကိန်း ဖြစ်ပါတယ်။
၃။ အုပ်စုလိုက် နာကျည်းချက်များ
လူမျိုး၊ဘာသာရေးနဲ့ လူမှုအုပ်စုတွေကြားမှာ ရှိနေတဲ့ သမိုင်းဝင်မကျေနပ်ချက်တွေ၊မညီမျှမှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ကြည့်တာပါ။ ပဋိပက္ခ တွေရဲ့နောက်မှာ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ အုပ်စုတစ်ခုချင်းစီရဲ့ အခွင့်အရေးတွေကိုလည်း အကဲဖြတ်ပါတယ်။
၄။ စီးပွားရေးဆုတ်ယုတ်မှုနှင့်ဆင်းရဲမွဲတေမှု
နိုင်ငံရဲ့စီးပွားရေးအခြေအနေကိုတိုင်းတာတာဖြစ်ပြီး GDP၊ တစ်ဦးခြင်းဝင်ငွေ၊အလုပ်လက်မဲ့နှုန်း၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊နိုင်ငံရဲ့ကြွေးမြီနဲ့ စီးပွားရေးပျက်စီးမှုများကို အကဲဖြတ်ပါတယ်။
၅။ မညီမျှသော ဖွံ့ဖြိုးတိုးတက်မှု
လူမျိုး၊ ဘာသာ၊ ဒေသအလိုက် ကြီးမားသော စီးပွားရေးအခွင့်အလမ်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ရှိ မရှိ၊ ဥပဒေအရ တန်းတူညီမျှခွင့်တွေ ရှိ မရှိကို ကြည့်တာပါ။ ဝင်ငွေကွာဟမှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေ မျှတမှုရှိ မရှိ၊ အခမဲ့ ပညာရေးနှင့် အလုပ်အကိုင် သင်တန်းများ၊ ကျူးကျော်ရပ်ကွက်များနှင့် ဆင်းရဲသား ရပ်ကွက်များ အများအပြား ရှိနေသလား ဆိုတာတွေလည်း ညွှန်းကိန်းထဲမှာ ပါဝင်ပါတယ်။
၆။ လူ့စွမ်းအား အရင်းအမြစ်နှင့် ပညာရှင်များ ထွက်ခွာမှု
နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်းတွေကြောင့် ပညာရှင်တွေ၊ ကျွမ်းကျင်လုပ်သားတွေနဲ့ လုပ်ငန်းရှင်တွေ ပြည်ပထွက်ခွာသွားမှုကို တိုင်းတာတာပါ။ပြည်ပရောက်သူတွေကနိုင်ငံအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲဆိုတာကိုလည်း ကြည့်ပါတယ်။
၇။ နိုင်ငံတော်၏ တရားဝင်မှု
ရွေးကောက်ပွဲတရားမျှတမှု၊ အစိုးရအပေါ် ပြည်သူများ၏ယုံကြည်မှု၊နိုင်ငံရေးလုပ်ငန်းစဉ်၏ ပွင့်လင်းမှု၊ အဂတိ လိုက်စားမှုနှင့် နိုင်ငံရေးအကြမ်းဖက်မှုစတဲ့ အချက်တွေကို အကဲဖြတ်တဲ့ ညွှန်းကိန်းဖြစ်ပါတယ်။
၈။ ပြည်သူ့ဝန်ဆောင်မှု
အစိုးရက ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊လျှပ်စစ်၊အခြေခံအဆောက်အအုံနဲ့ လုံခြုံရေးလို အခြေခံဝန်ဆောင်မှုတွေကို ပြည်သူများထံ ထိရောက်စွာ ပေးနိုင်သလားဆိုတာကို ကြည့်ပါတယ်။
၉။ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေး
နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်ခွင့်များ၊ တရားမျှတမှု၊ တရားစီရင်ရေးလွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိ မရှိကို အကဲဖြတ်ပါတယ်။
၁၀။ လူဦးရေဆိုင်ရာ ဖိအားများ
လူဦးရေတိုးပွားမှု၊ အစားအစာနှင့်ရေအရင်းအမြစ် ရှားပါးမှု၊ ကျန်းမာရေးပြဿနာများနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် နိုင်ငံအပေါ် ကျရောက်လာသည့်လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားများကို တာဝန်ယူနိုင်မှု တို့ကိုအကဲဖြတ်ပါတယ်။
၁၁။ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ
ပဋိပက္ခသို့မဟုတ်အကြမ်းဖက်မှုများကြောင့်လူထုအမြောက်အမြား အတင်းအဓမ္မ နေရပ်စွန့်ခွာ ရခြင်း၏ ဖိအားကို တိုင်းတာပါတယ်။
၁၂။ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု
နိုင်ငံတစ်နိုင်ငံရဲ့ စစ်ရေး၊ နိင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးတို့ အပေါ် ပြင်ပနိုင်ငံများ သို့မဟုတ် အဖွဲ့အစည်းများက အကူအညီနဲ့ သြဇာလွှမ်းမိုးမှု ရှိ မရှိ ဆိုတာကို အကဲဖြတ်ပါတယ်။
ဒီညွှန်ကိန်း ၁၂ ခုကို ၀ မှ ၁၀ အထိ အမှတ်ပေးပြီး စုစုပေါင်း ၁၂၀ မှတ်ဖြင့် တွက်ချက်ပါတယ်။ အမှတ်မြင့်လေနိုင်ငံ၏ထိရှလွယ်မှုနှင့် ပြိုကွဲနိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။နောက်ဆုံးထုတ်ပြန်ထားတဲ့ ၂၀၂၄ ခုနှစ်အတွက်စာရင်းမှာတောင် မြန်မာက ရမှတ် ၁၀၀ နဲ့ အဆိုးဆုံးနိုင်ငံစာရင်းမှာ အဆင့် ၁၁ မှာချိတ်နေပါတယ် ။
ထို့ကြောင့် ကျရှုံးနိုင်ငံဆိုတာ ဖြစ်ရပ်တစ်ခုတည်းအပေါ် မူတည်ခြင်းမဟုတ်ဘဲ ညွှန်ကိန်း ၁၂ ခုလုံး၏အားနည်းချက်များကိုစနစ်တကျအကဲဖြတ်ပြီး သတ်မှတ်ခြင်း ဖြစ်ပါတယ်။
ဒါဆို တကယ် “ကျရှုံးနိုင်ငံ” ဖြစ်ခဲ့တဲ့ နိုင်ငံတွေက ဘယ်နိုင်ငံတွေလဲ?
လူသိအများဆုံး၃နိုင်ငံကတော့-၁၉၉၁ ခုနှစ်မှာဗဟိုအစိုးရ ပြိုကွဲသွားပြီးနောက်မှာ ဆယ်စုနှစ်များစွာနိုင်ငံရဲ့နေရာအနှံ့မှာကိုယ့်ဒေသကိုယ်အုပ်ချုပ်ကြပြီး၊ပြည်သူ့ဝန်ဆောင်မှုတွေပါ ရပ်တန့်သွားခဲ့တဲ့ ဆိုမာလီယာနိုင်ငံ။
လွတ်လပ်ရေးရပြီး မကြာခင် ပြည်တွင်းစစ်ဖြစ်ပွားကာ လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရပြီး ငတ်မွတ်ခေါင်းပါးမှုများလည်း ဖြစ်ပေါ်ခဲ့တဲ့ တောင်ဆူဒန်နိုင်ငံ။
ကျောင်း၊ဆေးရုံ၊စီးပွားရေး၊သယ်ယူပို့ဆောင်ရေးစနစ် အားလုံးနီးပါး ထိခိုက်ပျက်စီးသွားခဲ့ပြီး၊ မြို့တော်ပေါ့အိုပရင့်စ် ရဲ့ အစိတ်အပိုင်းအများစုကိုပါ ရာဇဝတ်ဂိုဏ်း တွေက ထိန်းချုပ်ထားတဲ့ ဟေတီနိုင်ငံ တို့ ဖြစ်ပါတယ်။
ဒါဆို မြန်မာနိုင်ငံကရော “ကျရှုံးနိုင်ငံ” ဖြစ်သွားပြီလား?
နိုင်ငံတကာသုတေသီတွေရဲ့သုံးသပ်ချက်တွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ လက်ရှိမှာ ကျရှုံးနိုင်ငံရဲ့ လက္ခဏာအများအပြားကို ပြသနေပြီဆိုတာ တွေ့ရပါတယ်။
ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာလက်နက်ကိုင်ပဋိပက္ခတွေ နိုင်ငံတဝှမ်း ပျံ့နှံ့လာပြီးစစ်တပ်ကနယ်မြေအများအပြားကို လက်လွှတ်ခဲ့ရပြီး စစ်အစိုးရ နဲ့ ရွေးကောက်ခံ အရပ်သားအစိုးရဆိုပြီး အစိုးရ နှစ်ရပ် ရှိနေပါတယ်။
အချို့ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO)တွေ၊အချို့နေရာတွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေက သြဇာရှိနေပြီး ဒေသန္တရအုပ်ချုပ်ရေးစနစ် အသစ်တွေ ပေါ်ပေါက်နေပါတယ်။ တစ်ချိန်တည်းမှာပဲစီးပွားရေးကျဆင်းမှု၊လူငယ်နဲ့ ပညာရှင်များ ပြည်ပထွက်ခွာမှု၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုများ ကျဆင်းလာမှုတို့အပြင် ဒုက္ခသည် ဦးရေလည်း ဆက်တိုက် မြင့်တက်လာနေပါတယ်။
ဒီအချက် တွေဟာ ညွှန်းကိန်း ၁၂ ချက်စလုံးမှာ ပါဝင်တဲ့ အရေးကြီးအချက်တွေပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကျရှုံးနိုင်ငံ ဖြစ်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားနေပြီလို့ အချို့နိုင်ငံရေးလေ့လာသူများက ဆိုပါတယ်။
သုတေသီတချို့ကတော့နိုင်ငံရဲ့အုပ်ချုပ်ရေးစွမ်းရည်နဲ့ အခြေခံတာဝန်များစွာဟာနေရာအလိုက် ပြိုကွဲပျက်စီးနေရုံသာမက၊ ကိုယ့်ကိုယ်ကို အစိုးရလို့ကြွေးကြော်နေတဲ့ စစ်အုပ်စုကိုယ်တိုင်က ပြည်သူတွေရဲ့ မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် စပါးကျီများပါမကျန် မီးရှို့ဖျက်ဆီးခြင်း၊ မတရားဖမ်းဆီးခြင်း၊နှိပ်စက်ခြင်းနဲ့သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင် နေခြင်းကြောင့် “မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဆင့်ကို ရောက်ရှိနေပြီ” လို့ သုံးသပ်ကြပါတယ်။
အမေရိကန် ဘာသာဗေဒပညာရှင်နှင့် နိုင်ငံရေးဝေဖန်သုံးသပ်သူ “နိုမ်ချော့မ်စကီး (Noam Chomsky)” ကတော့ –
“ကျရှုံးနိုင်ငံ” ဆိုတာ
ပြည်သူတွေကို အကာအကွယ်မပေးနိုင်တဲ့၊ ဒါမှမဟုတ် အကာအကွယ်ပေးဖို့ ဆန္ဒမရှိတဲ့နိုင်ငံကို ဆိုလိုပါတယ်” .. လို့ ပြောထားပါတယ်။
ကိုးကား – The Fragile States Index (FSI)

















































