■ လရောင်လွှမ်း
ဘယ်တော့မှ လက်မမြှောက်ဘူး
ဆယ်ခါပြန် သေချင်သေ

Public Service Announcement
ဘဝက သွေးသံရဲရဲဖြစ်နေစေဦးတော့
လက်ရုံးဆန့်တန်း
ချီတက်နေမယ့်သူတွေ ဖြစ်တယ်
သူတို့ယုံကြည်ချက်က
သူတို့သံချပ်ကာ ကားပဲ
ဘယ်ဘာသာတရားကိုမှ မစွဲလန်းဘူး
ဘယ်ဘုရားဆီမှာမှ ဆုမတောင်းဘူး
အမှန်တရားကိုပဲ
ကိုးကွယ်တတ်တာ လူငယ်
ဆီပူပူဒယ်အိုးထဲ ရောက်တာတောင်
ကူးခတ်နေမယ့် ငါး
စက်နဲ့ အကြိတ်ခံရချိန်ထိ
အချိုဓာတ်ကိုမစွန့်တဲ့ ကြံချောင်း
သူ့ခန္ဓာကိုယ် တံစို့ထိုးမီးကင်ခံရတဲ့တိုင်
သူ့ အမွေးအတောင်
လေထဲထပျံနေမယ့်ငှက်
လူငယ်ဆိုတာ အဲ့ဒီလို
ဒူးထောက်ပြီး မရှင်သန်
ခေါင်းမော့ ရင်ကော့ရင်း
အသေခံဖို့ အသင့်ရှိတဲ့လူငယ်တွေ
သူတို့ကျဆုံးတဲ့အခါ
သူတို့အရိုးက
ဘယ်လိုဖျက်ဖျက် မပျက်စီးတဲ့ကျောက်စာပဲ
ဆံပင် မဖြူခင်
သွေး အရင်ဖြူတဲ့ သူတွေထဲ
ခေတ်အဆက်ဆက်လူငယ်တွေ
ဘယ်တုန်းကမှ မပါခဲ့ဘူး
လူငယ်တွေက
သေးစီးကြောင်းနဲ့မြစ်ချောင်း
ခွဲခြားသိတယ်
ဆိတ်ချေးတုံးနဲ့ပုတီးလုံး
ရွေးတတ်တာ လူငယ်
အဓမ်မတရားကို မခစားဘူး
တိုင်းပြည်ကို မညာဝါးဘူး
သူတို့အတွေးအခေါ်ကို
ဘယ်ဆေးမှ အထိုးမခံသလို
သူတို့ရင်ထဲ
ဘာအဆိပ်မှ ခတ်လို့မရဘူး
ဘယ်သမိုင်းခေတ်မှာမဆို
ကျည်ကွယ်ရာ မနေ
တိုက်ပွဲအလယ်မှာရှိနေတာ လူငယ်
လက်ဖျံရိုး အလံတိုင်လုပ်
အရေပြားကို အလံချုပ်
သွေးနဲ့ အနီရောင်သုတ်ပြီး
လွှင့်ထူထားတဲ့ လူငယ်တွေ
လူ လဲကျရင်ကျမယ်
သူတို့အလံ
ဘယ်တော့မှ မြေမခစေရဘူးဆိုတာယုံ။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘လရောင်လွှမ်း” ရဲ့ “လူငယ်တေး”ကဗျာကို
People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
