Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘ဗုံးကြဲခံနေရတဲ့မြို့က မိန်းမ’

◼️ဆောလျန်

ဇာတိမြို့ ဗုံးကြဲခံနေရတဲ့ အချိန်တုန်းက အဲဒီမိန်းမက အိပ်ပျော်နေခဲ့တာ။ အိပ်ပျော်နေတယ်ဆိုပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်တော့ ဘယ်ဟုတ်လိမ့်မလဲ။ အိမ်ကနေ အသက်လု ထွက်ပြေးရပြီးကတည်းက နောက်က ကပ်ပါလာတဲ့ ဆင်တူယိုးမှား ခြောက်အိပ်မက်တွေထဲမှာ တဝဲလည်လည် နစ်မြုပ်ရင်း အိပ်တဝက် နိုးတဝက် ဖြစ်ရလေ့ရှိတဲ့ ညများစွာထဲက တညပဲကိုး။ ဇာတိမြို့ ဗုံးကြဲခံနေရတဲ့အချိန်မှာ အဲဒီမိန်းမက ထုံးစံအတိုင်း ‘နင့်နောက်က သူတို့လိုက်လာပြီ’ ဆိုတဲ့ အိပ်မက်ထဲက အသံတခုကိုကြားပြီး လွတ်ရာလွတ်ကြောင်း ကြောက်လန့်တကြား ထွက်ပြေးနေတာ။ နိုးလာတော့ ရင်ကပူ ရေကငတ်ရင်း လက်ရှိ ပစ္စုပ္ပန်နဲ့ ချိတ်ဆက်မိဖို့ အတော်ပဲ ကြိုးစားယူလိုက်ရတယ်။ မြင်ကွင်းကို ရှင်းလင်း ပြတ်သားတော့မှ ထုံးစံအတိုင်း လည်ချောင်းဝမှာ ပိတ်ဆို့နေတဲ့ အလုံးကြီး ပြုတ်ကျသွားတော့တာ။ ဒါ အိပ်မက်ပဲ၊ ငါ သူတို့လက်က လွတ်ခဲ့ပြီ …

ဒါပေမဲ့ မိနစ်ပိုင်းအတွင်းမှာပဲ သူတို့လက်က အခုချိန်အထိ အမှန်တကယ် မလွတ်မြောက်သေးပါလား ဆိုတာကို သတိရဖို့ ဖန်လာပြန်တယ်။ ဆိုရှယ်မီဒီယာပေါ် ရောက်ရောက်ချင်း ဖတ်လိုက်မိတဲ့ စာလုံးတွေဟာ စောစောတုန်းက လည်ချောင်းဝက ပြုတ်ကျသွားခဲ့တဲ့ အလုံးကြီးကို နောက်တဖန် အရှိန်နဲ့ ဆောင့်ကန်တက်လာစေတယ်။ မျက်လုံးတွေဟာ ချက်ချင်းပဲ ပြာဝေ … အသက်ရှူနေသေးသလား၊ မရှူတော့ဘူးလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝေခွဲမရတော့တဲ့ တဒင်္ဂ ရှင်သန်မှု တန့်ခြင်းမျိုးနဲ့လည်း ဆင်တူပါရဲ့။ ဗုံးကြဲနေပြီ … ဗုံးကြဲနေပြီ တဲ့ …

ဗုံးကြဲခံနေရတဲ့မြို့က မိန်းမဟာ ဖုန်းကို အိပ်ရာပေါ် ဖုတ်ကနဲ ပစ်ချတယ်။ ပြီးတော့ အခန်းထဲမှာ စိတ်နဲ့ကိုယ်နဲ့ မကပ်တော့သလို လူးလာခေါက်ပြန် လျှောက်နေတယ်။ ‘ရင်ဝကို မီးစနဲ့ ထိုးနေသလို ပူလိုက်တာ’ ဆိုတဲ့ အသုံးအနှုန်းမျိုး အရင့်အရင်က ကြားဖူးပေမဲ့ ဒီတကြိမ်တော့ ခံစားမှုကိုပါ နားလည်လာသလိုပဲ။ သူတပါးမြို့တွေ ဗုံးကြဲခံရတုန်းက ဝမ်းနည်းရတယ်၊ ကိုယ်ချင်းစာရတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့သမျှ ဘယ်ဟုတ်လိမ့်မတုံး။ ကိုယ့်မြို့၊ ကိုယ့်ဒေသကို ထိတဲ့အချိန် ဖြစ်ရတဲ့ အပူမီးက သာလို့ ဆိုးလှပါကလားနော်။ ရင်ခေါင်းမှာ ဆို့တက်နေတဲ့ အကျိတ်အခဲကြီးက ငိုချလိုက်ရင်ရော ပျောက်သွားမလား။ ခက်တာက ငိုလို့ မရနေတာပဲ။ ငိုချင်လိုက်တာလို့ အရူးတယောက်လို တဖွဖွ ပြောနေပေမဲ့ မျက်ရည်က တပေါက်တလေးတောင် စိမ့်ထွက်မလာဘဲ စိတ်နှလုံးအိမ်မှာပဲ တိုးလို့ တိုးလို့ တင်းကျပ် လာတော့တာ။

Public Service Announcement

Public Service Announcement

အမှန်တော့ ဒီရက်မတိုင်ခင် မြို့သိမ်းစစ်ပွဲ စပြီဆိုကတည်းက ခုလိုအဖြစ်တွေ ရောက်လာနိုင်ခြေ ရှိတယ်လို့တော့ အဲဒီမိန်းမက တွေးခဲ့သေးတယ်။ ဂဏန်းသင်္ချာမှာ ၁ ပြီးရင် ၂ လာမှာပဲဆိုတာလို သိပ်ရိုးစင်းတာကိုး။ အခြေအနေ မလှလို့ မြို့တွေကို လက်လွှတ်ရခါနီးရင်၊ လက်လွှတ်လိုက်ရရင် သူတို့တွေ ရွေးလေ့ရှိတဲ့ နောက်ဆုံးလမ်းက ဒါပဲ မဟုတ်လား။ ဝေဟင်ကနေ သေမင်းတမန်ကို လွှတ်ချလိုက်ဖို့အတွက် အမိန့်ပေးသူရော ပြုလုပ်သူကပါ ဘယ်သောအခါကမျှ ဝန်လေးတွေဝေခြင်း၊ ငဲ့ညှာခြင်း အလျဉ်းမရှိခဲ့ကြ။ အနှစ်နှစ်အလလ ချွေးပွင့်ကလေးတွေ တပွင့်ချင်း စုပေါင်းထားသလို စိတ်အင်အား လူအင်အားအပြည့် ရင်းနှီးလို့ ဆောက်လုပ်ခဲ့ကြတဲ့ နေအိမ် အဆောက်အအုံတွေဟာ မိနစ်ပိုင်းအတွင်း အစိတ်စိတ် အမြွာမြွာ ပျက်စီးခဲ့ကြရ၊ လသားအရွယ်ကစလို့ ကလေးငယ်များစွာအပါ လူ့အသက်ပေါင်းများစွာ တဖြုတ်ဖြုတ် ကြွေလွင့်ခဲ့ရ။

အခုရော ဗုံးကြဲခံနေရတာ မြို့ရဲ့ ဘယ်အစိတ်အပိုင်းများပါလိမ့်။ အို … ဘယ်အစိတ်အပိုင်းဆိုတာက ခုနေ ဘာများ အရေးကြီးလို့လဲ။ ဘယ်သူပဲထိထိ ငါတို့လူတွေ၊ ဘယ်အိမ်ပဲဖြစ်ဖြစ် ငါတို့အိမ်တွေ …

ဗုံးကြဲခံနေရတဲ့မြို့က မိန်းမဟာ မျက်လုံးတွေကို စေ့ပိတ်ချလိုက်တယ်။ ရစ်ခွေစီးဆင်းနေတဲ့ ဧရာဝတီ၊ မှိုင်းပြာရီ တောင်ကြောတွေ နောက်ခံထားတဲ့ မြို့ကလေး၊ စိမ်းမြရိပ်ညိုသော သစ်ပင်များ၊ အဆင်းအတက် များပြား ကွေ့ကောက်ရှည်လျားသော လမ်းသွယ်များ။ တချိန်တုန်းက မြို့ကလေးရဲ့ကောင်းကင်မှာ အဲဒီမိန်းမရဲ့ ငယ်အိပ်မက်ဟာ တိမ်ဖြူအုပ်တွေနဲ့အပြိုင် လှပ လင်းကျင်းနေခဲ့ဖူးတယ်။ ကောင်းကင်ပြာကို မော့ငေး၊ တိမ်တွေနောက် စိတ်ကို တဆုံး လွှင့်တင်ရင်း အနာဂတ်ကို ပုံဖော်ကြည့်ခဲ့ရတဲ့ နေ့ရက်တွေဟာ လွမ်းမောဖွယ်အတိပဲ။

ဇာတိမြို့ကို ချန်ရစ်ခဲ့တာဟာလည်း မချစ်ခင် မလိုအပ်တော့လို့မဟုတ်ဘဲ ကိုယ့်မနက်ဖြန်နဲ့ကိုယ် လောင်းကြေးထပ် စွန့်စားကြည့်ချင်ခဲ့တာ။ မြို့တော်ကြီးကနေ တနှစ်တကြိမ် ပြန်ရောက်လေတိုင်း အချစ်အခင်မပျက် နွေးနွေးထွေးထွေး ဆီးကြိုမြဲ မြို့ကလေး။ ခုတော့ ပြန်မရောက်တာ ဘယ်နှနှစ်များပါလိမ့်။ အာဏာသိမ်းပြီးကတည်းက နွေဦးရာသီ အပြေးပြန်နေကျ မြို့ကလေးနဲ့ ဝေးခဲ့ရ။ မိုင်ထောင်ချီ ခြားနားခဲ့ချိန်မှာတောင် တနေ့ ပြန်ရောက်မှာပေါ့လို့ အားယူမျှော်တွေးခဲ့ရတဲ့အရပ်။ ခုတော့ ထိုအရပ်ဟာ စစ်မြေပြင်အတိ ဖြစ်ခဲ့ရပြီ။

ဗုံးကြဲခံနေရတဲ့မြို့က မိန်းမဟာ အစောက အထိတ်ထိတ် အလန့်လန့် လွှတ်ချခဲ့တဲ့ ဆိုရှယ်မီဒီယာပေါ် နောက်တကြိမ် ရောက်သွားပြန်တယ်။ စကားလုံးတွေ၊ မှတ်ချက်လေးတွေ တခုချင်းကအစ ဖတ်ရင်း တလှိုက်လှိုက် ဖြစ်လာတယ်။ ‘မြို့ထဲမှာ လူတွေပိတ်မိနေတာ အများကြီး’၊ ‘လူတွေလည်း သေကြတယ်’ လို့ တနေရာမှာ တွေ့ပြန်တော့ ဆို့ဆို့ကျပ် ကျပ် ဖြစ်လာတယ်။ ရှားရှားပါးပါးတွေ့ရတဲ့ ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်တချို့မှာတော့ မြို့ကနေ စစ်ရှောင်နေကြတဲ့ လူတန်းရှည်။ ကလေးငယ်တွေကို ရင်ခွင်ပိုက်၊ ကျောပိုးထားတဲ့ အမျိုးသမီးတွေ၊ ပစ္စည်းတွေ ရသလောက် သယ်ပိုးထားတဲ့ အမျိုးသမီး၊ အမျိုးသားတွေ၊ ပြီးတော့ ကလေးတွေ၊ သက်ကြီးပိုင်းတွေ။ ဆိုင်ကယ်တွေ၊ ရရာကားတွေနဲ့ စစ်ပြေးခရီး ချီနေတဲ့ လူတွေဟာ များပြားလွန်းလို့ ရှေ့ကို ရွေ့နိုင်လှတယ် မရှိ။ တချို့က ခြေကျင်။ အို … ဒီနေရာ သိတာပေါ့။ ရွာဘက်ကို ပြန်လို့ရတဲ့ လမ်းတွေထဲက တခုမဟုတ်လား။ နောက်ထပ် ဗွီဒီယိုဖိုင်တခုမှာတော့ မြစ်ပြင်ပေါ်မှာ အလျင်နဲ့ ပြေးနေကြတဲ့ စက်လှေတွေ။ အကြောက်တရားကို သယ်ပိုးရင်း မြို့ကို၊ နေအိမ်တွေကို စွန့်ခွာခဲ့ကြသူတွေ။

စွန့်ခွာ လွတ်မြောက်နိုင်သူတွေထဲ အမ ပါရဲ့လား၊ မောင်လေး ပါသွားရဲ့လား၊ တူမလေးရော စစ်ပြေးရင်း ကြောက် ကြောက်လန့်လန့် ရှိနေရှာမလားလို့ အဲဒီမိန်းမက လိုက်တွေးနေတယ်။ ဒီအချိန်မှာ တွေးရုံကလွဲပြီး ဘာမှ လုပ်နိုင် တော့တာ မဟုတ်ဘူးလို့ လက်ခံလိုက်ရတာလည်း နာကျင်ခြင်းပါပဲ။ မောင်လေးဆီ ဖုန်းအဆက်အသွယ် လုပ်မရတော့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ လွန်ခဲ့တဲ့ လေးလကျော်ကျော် စစ်ရိပ်စစ်ရောင် သန်းလာကတည်းက ဆက်သွယ်ရေးလမ်းကြောင်းကို ကတ်ကြေးနဲ့ဖြတ်သလို အလွယ်ကလေး သူတို့ ဖြတ်တောက်လိုက်ကြတာ။ မိဘတွေ အသက်ရှင်နေကြသေးကြောင်း သိရဖို့တောင် လချီ စောင့်ခဲ့ရဖူးတယ်။ ဒါတောင်ပဲ အဖေဟာ နေအိမ်ကနေ အတော်ဝေးတဲ့ အရပ်အထိ မရောက်ရောက်အောင်လာပြီး ဖုန်းဆက်ခဲ့ရှာလို့။ ‘ဂရုစိုက် ပြန်နော်’ လို့ အဲဒီမိန်းမက မှာလိုက်ပေမဲ့ သူ့အဖေ အန္တရာယ်ကင်းကင်း အိမ်ပြန်ရောက်ရဲ့လားဆိုတာ သိခွင့်ရဖို့တောင် နောက်တလလောက် ထပ်စောင့်လိုက်ရတယ်။

အတွေးပေါ် အတွေးဆင့်ရင်း အဖေနဲ့ နောက်ဆုံး ဖုန်းပြောလိုက်ရတာ ပြီးခဲ့တဲ့ တနင်္ဂနွေကပဲလို့ ဖျတ်ကနဲ သတိရသွားတယ်။ အင်တာနက်လိုင်း ရတဲ့ဆိုင်အထိ ရောက်လာပြီး ဆက်သွယ်ခဲ့တာမို့ မျက်နှာကြည်ကြည်ကိုတောင် တွေ့လိုက်ရပါသေး။ မကြာခင် စစ်စဖြစ်တော့မယ်၊ အဆက်အသွယ် ပြတ်တောက်ပြန်ဦးတော့မယ်ဆိုတာ သားအဖနှစ်ဦးလုံး မသိခဲ့ကြ။ ရယ်ရယ်မောမော နှုတ်ဆက်ခဲ့ကြ။

ဗုံးကြဲခံနေရတဲ့မြို့က မိန်းမဟာ ဖုန်းမျက်နှာပြင်ပေါ်က ခရမ်းရောင် အိုင်ကွန်လေးကို နှိပ်ချရင်း နာမည်တွေ တခုချင်း လိုက်ကြည့်နေတယ်။ မိသားစုထံက အဆက်အသွယ် သတင်းအစအန တစုံတရာ ရနိုင်မယ်လို့ ထင်သမျှ လူတွေဆီ ‘အခြေအနေ ဘယ်လိုရှိသလဲဟင်’ လို့ စာတွေ လိုက်ပို့တယ်။ တယောက်မှ သူ့စာကို မဖတ်ကြတော့ဘူး။ သူတို့တွေ နောက်ဆုံး အွန်လိုင်းမှာ ရှိခဲ့ကြတဲ့အချိန်ဟာ စစ်ပွဲမစခင် တရက်အလို …

နေရောင်ခြည်ဟာ အခန်းတံခါးမှာ ခပ်ဖျော့ဖျော့ ထိုးကျနေတယ်။ အပြင်ဘက်က ရိုးတံထီးတည်း သစ်ပင်ကို အဲဒီမိန်းမ မော့ကြည့်နေတယ်။ ‘သိလား ငါ့မြို့မှာ စစ်ဖြစ်နေတယ်၊ ဗုံးလည်း ကြဲနေတယ်’ လို့ ပြောလိုက်တယ်။ သစ်ကိုင်းတွေ ဆောင်းလေအလျင်နဲ့ တလှုပ်လှုပ်ယိမ်းပုံဟာ စကားတစုံတရာ ပြန်ပြောနေသလိုပဲ။ ဘာများ ပြောလိုတာပါလိမ့်။ ငိုချလိုက် ဆိုတာမျိုးလား။ ဟင့်အင်း … ငိုလို့မှ မရတာ။

ဗုံးကြဲခံနေရတဲ့မြို့က မိန်းမဟာ ဘာမှ လုပ်ပေးလို့မရနိုင်တဲ့ အတူတူ သတင်းဆိုးတွေအကြောင်း မတွေးတော့ဘူးလို့ ကြိုးစားကြည့်တယ်။ ကော်ဖီ ထသောက်တယ်။ အခန်းသန့်ရှင်းရေး လုပ်တယ်။ ရခိုင်မုန့်တီ ချက်တယ်။ မုန့်တီထဲ ငရုတ်သီးတွေ ခပ်များများ ထည့်စားတယ်။ ခဏနေတော့ အလုပ်တခုခု ထပ်ရှာသလို အဝတ်တွေ လျှော်တယ်။ လျှော်ပြီးသမျှ အဝတ်တွေကို ဝရံတာကို သယ်ထုတ်လာပြီး တထည်ချင်း လှန်းနေတယ်။

အောက်ဘက်ဆီက ရယ်သံလေးတချို့ လွင့်လာတော့ အဲဒီမိန်းမက ခြေဖျား အနည်းငယ်ထောက်ပြီး ကိုယ်ကို ကိုင်းကြည့်လိုက်တယ်။ ဟော … အိမ်ဝင်းအနောက်ဘက် ကလေးကစားကွင်းထဲက ရယ်သံတွေပါလား။ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးတဦးက ဒါန်းစီးလို့။ ဘေးက ဒါန်းပေါ်မှာတော့ သူ့မိခင်လား၊ အဒေါ်လားမသိ။ ဒါန်း ကိုယ်စီ လွှဲစီးရင်းက နှစ်ယောက်သား ဘာတွေများ သဘောကျစရာ ရှိလို့ပါလိမ့်။ တယောက်ကိုတယောက် ကြည့်ရင်း ရယ်နေလိုက်ကြတာ။

နောက်ဆုံးအထည်ကို ဖြန့်လှန်းရင်း ‘သိလား’ လို့ အမျိုးသမီးက နှုတ်ခမ်းလှုပ်ရုံ ရွတ်လိုက်တယ်။ ‘ရှင်တို့ သိလားဟင်။ ကျမလေ စစ်ကြီးပြီးတဲ့အခါ အိမ်ကို ဘယ်လိုပြန်ရမယ်မှန်း မသိတော့မှာ သိပ်ကြောက်တာပဲ။ ကျမ ပြန်ရောက်တဲ့အခါ ကျမချစ်တဲ့သူတွေ မရှိတော့မှာလည်း သိပ်ကြောက်တာပဲ’ လို့ တိုးတိုးလေး ပြောတယ်။

အဲဒီနောက်မှာတော့ ဗုံးကြဲခံနေရတဲ့မြို့က မိန်းမဟာ အဆက်မပြတ် ကြားနေရမြဲ ရယ်သံတွေကြားမှာပဲ မဆုံးနိုင် အောင် ငိုရှိုက်နေတော့တာ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘ဆောလျန်’ ရဲ့ “ဗုံးကြဲခံနေရတဲ့မြို့က မိန်းမ” ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

ဘဘဝ “ရမ်းစတိန်း အစည်းအဝေးက အဓိကပေးမယ့်သတင်းစကားကတော့ လက်နက်အကြီးစားတွေ ခေတ်ပိုမီတဲ့ လက်နက်တွေ ထောက်ပံ့ဖို့ပဲပေါ့၊ ဒီစစ်ပွဲဟာ ငါတို့ရဲ့ဂုဏ်သိက္ခာတန်ဖိုးအတွက် တိုက်နေတဲ့ပွဲတပွဲဖြစ်လို့ပဲ” လို့ Jens Stoltenberg ရဲ့ဒါဗို့စ်ဖိုရမ် ယူကရိန်းတပ်လှန့်သံက ငါ့ရွာထိ မြည် ဟီး လို့။ ငါ့နှလုံးရဲ့ညာဘက်ခြမ်းမှာ မြေပုံတပုံရှိတယ်။ အမြင့်ဘုံကို လမ်းညွှန်တယ်။...

ရသစာတမ်းငယ်

မြရဲလွင် (ဝေးလွင့်ငှက်) သမီးနဲ့ဇနီး လက်ကိုဆွဲပြီး အမေ့အိမ်တခါးကို ကျနော်ပြန်ခေါက်ခွင့် ရတဲ့အခါ အမေဟာ အပြုံးတွေနဲ့ ဆီးကြိုမယ်… အမေရဲ့ အကျွမ်းကျင်ဆုံးဟင်းလျာဖြစ်တဲ့ ငပိချက်စပ်စပ်ကို ကျနော့်ရဲ့ ညာလက်ငါးချောင်းနဲ့ အားပါးတရ ထိုင်စားနေတဲ့အခါ အမေဟာ ကျနော့်ကို ပြုံးပြုံးကြီးကြည့်ရင်း စကားတွေ ဖောင်ဖွဲ့နေလိမ့်မယ်။ အတုယောင်မရှိတဲ့ အမေ့ရဲ့မေတ္တာနဲ့...

ကဗျာ

ဇွဲမာန် တဘဝလုံးနီးမျှဗုဒ္ဓရဲ့ဝတ်လဲတော်ကို ဆင်မြန်းခဲ့တဲ့သူကကျောင်း သင်္ကန်း ပရိက္ခရာကို စွန့်ခဲ့တယ် သေနတ်ကို ရင်ဝယ်ပိုက်လို့..ယုံကြည်ချက်ကို ကျောမှာပိုးလို့..တောအထပ်ထပ် တောင်အသွယ်သွယ်ဖြတ်ကျော်ခဲ့တဲ့ တော်လှန်ခရီးကြမ်းမှာစစ်ချီသံတွေ မြိုင်ဆိုင်ခဲ့တယ်စစ်သည်တော်လို ကျင့်ကြံနေထိုင်ခဲ့တယ် ဗုဒ္ဓရဲ့သားတော်စစ်စစ်ဟာအမှန်တရားကို ဘုရားလို ဆည်းကပ်ခဲ့တယ်အမိမြေကို ဦးထိပ်ပန်ဆင်တတ်ခဲ့တယ်ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တယ် Public Service Announcement တဘဝလုံးနီးမျှတရားဓမ္မကိုလက်ကိုင်ထားခဲ့တဲ့သူကစစ်မြေပြင်မှာအမှုတော်ကို ရဲဝံ့စွာထမ်းရွက်ခဲ့တယ်မြင့်မြတ်စွာ...

ဝတ္ထုတို

မပိုးအိမ် အပြင်ဘက်မှာ နေရောင်ခြည်က သေလုမျိုးပါးပုံစံမျိုးနဲ့ အားနည်းနေခဲ့ပြီ။ ဒီ အခန်းကျဉ်းလေးထဲမှာတော့ အမှောင်ထုက နံရံတွေကို လာရောက် ပွတ်တိုက်နေကြတယ်။ အသေးငယ်ဆုံး ဖုန်မှုန့်လေးတွေတောင် လေထဲမှာ မကူးခတ်နိုင်တော့ဘဲ တိတ်ဆိတ် ငြိမ်သက်လို့။ ကျမ ခြေထောက်တွေကတော့ အပ်ချုပ်စက်ကို တချောက်ချောက်မြည်အောင် နင်းနေဆဲ။ တချက်ချင်း ကျလာတဲ့...