ကိုသုညံ ရေးသားသည်။
လူ့ယဉ်ကျေးမှု သမိုင်းတလျှောက်တွင် နည်းပညာနှင့် တီထွင်မှုများသည် တဟုန်ထိုး တိုးတက်ပြောင်းလဲနေကြသည်။ ဖုန်းများ၊ ကွန်ပျူတာများနှင့် နေ့စဉ်သုံး ပစ္စည်းအများစုသည် ပိုမိုကောင်းမွန်သော ပုံစံများ၊ ပိုမိုမြင့်မားသော နည်းပညာများဖြင့် အစားထိုးခံခဲ့ရသော်လည်း နှစ်ပေါင်းရာချီတိုင်အောင် မူလပုံစံအတိုင်း မပြောင်းမလဲ တည်ရှိနေသော ပစ္စည်းလေးတခု ရှိပါသည်။
ထိုပစ္စည်းမှာ အခြားမဟုတ်၊ အားလုံးနှင့် ရင်းနှီးပြီးသား၊ ရိုးရှင်းသည့် ပုံစံနှင့်“တွယ်အပ်ချိတ်” ပင် ဖြစ်သည်။ တွယ်အပ်ချိတ်သည် ရှေးအဖိုးအဖွားများလက်ထက်မှ ယနေ့ခေတ်အထိ နဂိုပုံစံမပျက်၊ နည်းပညာမပြောင်းဘဲ လူအဖွဲ့စည်းအတွက် အရေးကြုံတိုင်း အားကိုးစရာ ဖြစ်နေခဲ့သည်။
တွယ်အပ်ချိတ်၏ အစဦးပုံစံသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ခန့်က ဂရိနှင့် ရောမယဉ်ကျေးမှုများတွင် အဝတ်အစားများ ချိတ်တွယ်ရန် သုံးခဲ့သည့် Fibulae ဆိုသော ပစ္စည်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။

Public Service Announcement
သို့သော် ယနေ့တွေ့မြင်နေရသော စပရင်ပုံစံ အပိတ်အဖွင့်ပါသည့် ခေတ်မီတွယ်အပ်ချိတ်ကိုမူ ၁၈၄၉ ခုနှစ်တွင် အမေရိကန် တီထွင်သူ Walter Hunt (ဝေါလ်တာဟန့်)က စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ယခုဆိုလျင် အပ်ချိတ်တီထွင်မှုသည် အနှစ် ၂၀၀ နီးပါးခန့် ရှိနေပါပြီ။
ဝေါလ်တာဟန့်သည် သူ့သူငယ်ချင်းတယောက်ထံကနေ ချေးယူထားသော ငွေ ၁၅ ဒေါ်လာကို ပြန်ဆပ်ရန် ကြိုးစားရင်း၊ ကြေးနန်းကြိုးတချောင်းကို လက်ဖြင့် ကစားနေရာကနေ အပ်ချိတ်တီထွင်မှု အစပျိုးခဲ့ခြင်းပင် ဖြစ်သည်။
သူသည် ဤတီထွင်မှုအတွက် မူပိုင်ခွင့်ကို ဒေါ်လာ ၄၀၀ ဖြင့် ရောင်းချခဲ့ပြီး၊ ထိုအချိန်မှစ၍ ယနေ့အထိ တွယ်အပ်ချိတ်၏ ဒီဇိုင်းမှာ ထပ်မံပြင်ဆင်ရန် မလိုလောက်အောင် ပြည့်စုံသွားခဲ့သည်။ နိုင်ငံတကာတွင် လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး အသုံးဝင်သော ပစ္စည်းတခုအဖြစ် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ပစ္စည်းအတော်များများသည် ခေတ်ရေစီးကြောင်းအရ နည်းပညာနှင့်ပုံစံများပြောင်းသွားခဲ့ကြသော်လည်း တွယ်အပ်ချိတ်သည်ကား မူလအတိုင်းပင်။၎င်းတွင်ပါဝင်သော စပရင်ယန္တရား၊ ချွန်ထက်သော အစွန်းကို လုံခြုံစွာ ဖုံးအုပ်ပေးထားသော ထိပ်ဖူးအဖုံး နှင့် ခိုင်ခံ့သော ကိုယ်ထည်တို့သည် လွန်ခဲ့သော နှစ် ပေါင်းစွာကလည်း ဤပုံစံ၊ ယနေ့လည်း ဤပုံစံပင် ဖြစ်သည်။ အရွယ်အစားမျိုးစုံ ရှိခြင်းကြောင့်လည်း လိုအပ်ချက်အလိုက် ရွေးချယ်အသုံးပြုနိုင်ကြသည်။
၎င်း၏ ပုံစံသည် ရိုးရှင်းသော်လည်း အသုံးပြရာတွင် ထိရောက်လွန်းလှသည်။ အရေးပေါ်အခြေအနေများတွင် တွယ်အပ်ချိတ်သည် ဇာတ်လိုက်မင်းသားပင် ဖြစ်သည်။ အင်္ကျီကြယ်သီးပြုတ်သွားချိန်၊လုံချည် (သို့မဟုတ်) စကတ် ခါးလျော့နေချိန်များတွင် တွယ်အပ်ချိတ်သည် အကောင်းဆုံးဖြစ်သည်။
ခရီးသွားရင်း ဖိနပ်ကြိုးပြတ်ခဲ့သည် ရှိသော် တွယ်အပ်ချိတ်ဖြင့်ခေတ္တတွယ်၍ယာယီဆက်လက် အသုံးပြုနိုင်သေးသည်။လက်ထဲ စူးငြောင့်ဝင်ခြင်း၊ ဆူးစူးခြင်းများ ဖြစ်ပါက အပ်ချိတ်ကို အသုံးပြု၍ ထုတ်ယူနိုင်သည်။ ထို့အပြင် ပတ်တီးများ စည်းနှောင်ရာတွင်လည်း အလွန်အရေးပါသည်။ ဆုတံဆိပ်များ၊ ပန်းပွင့်များ သို့မဟုတ် ဂုဏ်ပြုကတ်ပြားများကို အင်္ကျီတွင် တွယ်ကပ်ရာ၌လည်း တွယ်အပ်ချိတ်ကသာ အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။
လူတဦးချင်းစီတိုင်းတွင် တွယ်အပ်ချိတ်နှင့် ပတ်သက်သော ကိုယ်ပိုင်အမှတ်တရများ ရှိကြစမြဲဖြစ်သည်။ ကျောင်းသွားခါနီးမှ ဖိနပ်ပျက်သွား၍ ငိုချင်စိတ်ပေါက်နေစဉ် အမေက တွယ်အပ်ချိတ်လေးဖြင့် ခိုင်အောင် တွယ်ပေးလိုက်သည့် အခိုက်အတန့်၊ ကျောင်းစာသင်ခန်းထဲရောက်မှ အင်္ကျီကြယ်သီးပြုတ်သွား၍ သူငယ်ချင်းထံမှ အပ်ချိတ်လေး ငှားတွယ်ခဲ့ရသည်ကာလများမှာ အသေးအဖွဲကိစ္စများ ဖြစ်သော်လည်း မေ့မရသော ငယ်ဘဝအမှတ်တရများ ဖြစ်သည်။
လူအဖွဲ့အစည်းအတွက် တွယ်အပ်ချိတ်သည် အသုံးတည့်သော ပစ္စည်းတခုထက်ပိုသော လုံခြုံမှုကို လည်းပေးသည်။ မိန်းကလေးများစွာသည် အရေးကြုံလျှင် အဆင်သင့်ဖြစ်စေရန် မိမိတို့၏ လက်ကိုင်အိတ် (သို့မဟုတ်) ပိုက်ဆံအိတ်ထဲတွင် အပ်ချိတ် တခု၊ နှစ်ခုလောက်ကို ဆောင်ထားတတ်ကြသည်။ ထိုသို့ ဆောင်ထားခြင်းသည် ပစ္စည်းငယ်သော်လည်းစိတ်ကိုရဲတင်းစေကာအနှောင့်အယှက်ကင်းကင်းဖြင့် နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်စေသည်။
တွယ်အပ်ချိတ်သည် လူသားတို့၏ တီထွင်နိုင်စွမ်းကို ဖော်ပြသည့်သင်္ကေတတခု ဖြစ်သည်။ ခေတ်မီသော နည်းပညာများ မပါဝင်သော်လည်း၊ ၎င်း၏ ရိုးရှင်းမှု (Simplicity) ကပင် နေရာတိုင်းတွင် အသုံးဝင်နေသည်။
ကမ္ဘာပေါ်တွင် အရာရာသည် အမြဲတမ်း ပြောင်းလဲနေမည် ဖြစ်သော်လည်း၊ အရေးကြုံတိုင်း လူများကို ကူညီမည့် တွယ်အပ်ချိတ်လေးများမှာမူ နောင်နှစ်ပေါင်းများစွာတိုင်အောင် မူလပုံစံအတိုင်း ရှိနေဦးမှာ အသေအချာပင် ဖြစ်သည်။
တွယ်အပ်ချိတ်သည်စတင်တီထွင်ကတည်းက ပြီးပြည့်စုံခဲ့သောကြောင့်ပင်ဖြစ်သည်။
( AI ဖြင့်သရုပ်ဖော်ထားပါသည် )





















































