ဝဇီရာ/People’s Spring
ကျမနာမည် ယဲ့ရှုးရိုပါ။ မြေပိုင်ရှင် သူဌေးသမီးလေးတစ်ယောက်ပေါ့။ သူနဲ့စဆုံတုန်းက သူကော ကျမပါ အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ မှတ်မိပါသေးတယ်။ အဲဒီအချိန်က ဂျပန်ကိုတိုက်ထုတ်ပြီးချိန် ကျမတို့ရွာမှာ ဘုရားပွဲတွေ ပြန်ကျင်းပတော့ အလှည့်လှည့်ချိန် ကျမက ရှေ့ဆုံးကနေ အလံကိုင်ရတယ်။ အဲဒီလို အလံကိုင်ပြီး လှည့်ချိန်မှာ သူနဲ့ဆုံတာ။
မှတ်မှတ်ရရ ကျမအဲဒီနေ့ကကြက်သွေးရောင်အစင်းဝတ်စုံလေးနဲ့ ကျစ်ဆံမြှီးလေးကျစ်ပြီး နှစ်ဘက်ခွဲချထားတာ။ သူက ညောင်မုတ်ဆိတ်ပင်ကြီးပေါ်ကနေ ကြံချောင်းကို တကြွတ်ကြွတ်ဝါးနေတဲ့ အသားညိုညို ပိန်ပိန်သွယ်သ်ယ် ကောင်လေးတစ်ယောက် ကျမကိုကြည့်နေတာ။
ကျမတို့သွားတဲ့လမ်းတလျှောက် သူက တကောက်ကောက်လိုက်လာတာ။ ကျမလည်း သိတာပေါ့။ မျက်စောင်းလေးခဲရင်း ပြုံးမိသေး။

Public Service Announcement
ချောင်းကူးတံတားလေးပေါ်ရောက်တော့ သူက ကျမနားကပ်လာတယ်။ ကျမက နောက်ကနေ ဘာလို့တကောက်ကောက်လိုက်နေတာလဲလို့မေးလိုက်တော့ မင်းအရမ်းလှတယ်တဲ့။ ငါ့နာမည်က ကျန်းမုရှမ်း တဲ့။ သူ့လည်းမမေးဘဲ လာပြောတာ။ မင်းနာမည်ကကောတဲ့။ ရှူးရိုလို့ပြောတော့ နာမည်လေးကအစ နားဝင်ချိုတာပဲတဲ့။ ကဲကြည့်ဦး။ ဘယ်လောက်တတ်လိုက်တဲ့ကောင်လေးလဲ။
အတိုချုပ်ရရင် သူနဲ့ကျမ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ကျမက ယဲ့မျိုးရိုး သူဌေးသမီးဆိုတော့ လာကမ်းလှမ်းတဲ့သူတန်းစီနေတာ။ သူ့ကို ချစ်မိသွားတဲ့အချိန်မှာ မိဘတွေအလိုကျ စေ့စပ်ပြီးသူရှိနေပြီ။ နောက်ဆုံးတော့ ကျမ လက်ထပ်ပွဲကနေထွက်ပြေးပြီး သူ့နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့တာ။
ခိုးရာလိုက်မယ့်ညမှာ သူက ကျမကို ကတိပေးတယ်။ စက်ဘီးတစ်စီး လက်ဖွဲ့ပေးမယ်ဆိုပြီးတော့လေ။ အဲညကသူလာတာ သိပ်နောက်ကျတာပဲ။ ဘာလို့နောက်ကျတာလဲလို့မေးတော့ စက်ဘီးနင်းတာ နှေးသွားလို့တဲ့။ သူစီးလာတဲ့ စက်ဘီးလည်း ကြည့်ကြဦး။ အသားနဲ့ထွင်းထားတဲ့ စက်ဘီးကြီး။ ဟင် ဒါစက်ဘီးလားလို့မေးတော့ စက်ဘီးရှိမှ မင်းကိုယူလို့ရမှာမလားလို့ မေးတယ်။ စက်ဘီးကမဝယ်နိုင်လို့ သစ်သားနဲ့တစ်စီးလုပ်ပေးခဲ့တာ။ လက်ရာကတော့ မဆိုးပါဘူး။ ကျမ သူ့စက်ဘီးနောက် တက်ထိုင်ပြီး လိုက်သွားခဲ့တယ်။
ကျမတို့ အဘိုးအဘွားတွေကိုပူဇော်ရင်း ဆုတောင်းတယ်။ “တစ်သက်လုံး စိတ်တူကိုယ်တူ ရှိပါရစေ။ အမြဲချစ်ခင်ကြင်နာနိုင်ပါစေ”လို့။ သူကလည်း သစ္စာပြုတယ်။ ကျမကို တစ်သက်လုံး ချစ်ပေးပါ့မယ်တဲ့လေ။
ကျမတို့လက်ထပ်ပြီး ကလေး၃ ယောက်ရတယ်။ နောက်မကြာခင် ပြည်တွင်းစစ်တွေပြန်ဖြစ်လာတယ်။ စစ်ထဲဝင်ဖို့ လူငယ်တွေကို လိုက်ဖမ်းတယ်။ သူလည်း နာမည်စာရင်းပါတော့ ပြေးရတယ်။ သူက နှစ်နှစ်လောက်နေရင် ပြန်လာမယ်တဲ့။ အဲဒီကနေ သူကျမတို့နဲ့ အဝေးဆုံးကို ရောက်သွားခဲ့တယ်။ ပထမတော့ မလေးရှား။ နောက်တော့ ယိုးဒယား။
သူက အဝေးသာရောက်သွားပေမယ့် ရောက်တဲ့နေရာကနေ ကျမဆီ စာတွေ အမြဲပို့ပေးခဲ့တယ်။ သူလည်း ကျမလို စာမတတ်တော့ ရေးတတ်တဲ့တွေဆီ အကူအညီတောင်းပြီး ပို့ရတာ။ ကျမလည်း သူ့စာလာပြီဆို ရွာထဲက စာဖတ်တတ်တဲ့ မိန်းမဖော်တွေဆီ အပြေးအလွှားသွားဖတ်ခိုင်းရတာ။
မင်းကိုအရမ်းသတိရတာပဲတဲ့။ အိမ်ပြန်ရမယ့်ရက်တွေက အလှမ်းဝေးလွန်းတယ်။ ညဘက် သင်္ဘောစီးရင်းမြစ်ပေါ်လသာနေလည်း မင်းကိုသတိရသတဲ့။ သမုဒ္ဒရာတွေ ခြားနေပေမယ့် မင်းကိုသတိရနေရင် ဝေးတယ်လို့ မခံစားရပါဘူးတဲ့။ လူကယိုးဒယားမှာ မင်းကတော့ ငါ့နှလုံးသားထဲမှာတဲ့။ တတ်နေတာ သူက။ သူ့စာတွေဖတ်တိုင်း ကျမစိတ်ချမ်းသာရပါတယ်။
ကျမလည်း သူ့ဆီ စာတွေပြန်ပို့ခဲ့တယ်။ ချစ်သူများနေ့မှာ ရှင်ကောင်းကောင်းဝတ်စားပြီး ပြန်လာတယ်လို့ အိပ်မက်မက်တယ်။ ငယ်ငယ်တုန်းက ပုံအတိုင်းပဲ။ စမ်းရေစီးသံလေးကြားမှ ကျမအိပ်မက်မက်နေတယ်ဆိုတာသိတာ။ ကျန်းမာပါစေ။ ရှင့်ကို အိပ်မက်မက်နေရုံနဲ့တင် ကျမနေပျော်ပါတယ်လို့။
သူကလည်း စာပို့တယ်။ ငါ့ဇနီးလေး ရှုးရို အန္တရာယ်ကင်းဘေးရှင်းပါစေလို့ ငါမျော်လင့်ပါတယ်။ စာနဲ့အတူ ယွမ် ၂၀၀ ပို့လိုက်ပါတယ်။ ငါအကုန်အဆင်ပြေပြီးတော့ စီးပွားရေးလည်း တိုးတက်နေပါတယ်။ လှေပေါ်မှာ ဖြတ်သန်းရတဲ့ ညတာတွေမှာ လမင်းကိုမြင်ရတာ ကျောက်စိမ်းပြားလေးလိုပဲ။ မြစ်တွေနဲ့ ပင်လယ်မှာ ကမ်းစပ်ရှိတယ်။ ငါတို့ပြန်လည်ဆုံစည်းဖို့လည်း မျှော်လင့်ချက်ရှိတယ်တဲ့။
နှစ်နှစ်လို့ ပြောသွားတာ နှစ်ပေါင်း သုံးဆယ်တောင် ကြာသွားခဲ့ပြီ။ သူကျမဆီ ပြန်မလာနိုင်သေးဘူး။ ကျမကတော့ သူ့ဆီက စာရောငွေပါ မပြတ်ခဲ့ပါဘူး။ သားသမီးတွေအတွက် ပစ္စည်းတွေဆို မကြာခဏ ပို့တာ။ ၁၉၇၈ ခုနှစ် သားငယ်လေး မင်္ဂလာဆောင်တော့ သူငွေတစ်ထောင်လှမ်းပို့သေးတယ်။အိမ်ပြင်တယ်။ သားငယ် မိန်းမယူတယ်။ တစ်ရွာလုံးကိုအရက်တိုက်ခဲ့တယ်။
တနေ့။ အဲဒီရက်က မုန်တိုင်းမိုးတွေသည်းနေခဲ့တာ။ စာပို့သမားလေး ရောက်လာတယ်။ စာတွေရေထဲကျသွားလို့ ဓါတ်ပုံလေးတစ်ပုံံပဲရလိုက်တယ်ဆိုပြီး ဓါတ်ပုံလေးလာပေးတယ်။ ကျမ ယူကြည့်လိုက်တော့ ပုံထဲမှာ သူရယ် ကောင်မလေးတစ်ယောက်ရယ် ကလေးငါးယောက်ရယ် ရိုက်ထားတဲ့ပုံဖြစ်နေခဲ့တယ်။ သြော် သူနောက်အိမ်ထောင်ပြုသွားခဲ့တာပဲလို့ ကျမ နားလည်လိုက်ရတယ်။ သူ့ဘာလို့ စောစောမပြောခဲ့ရတာလဲ။ ကျမကို ဘာလို့ နှစ်ပေါင်း သုံးဆယ်တောင် စောင့်မျှော်ခိုင်းရက်ခဲ့တာလဲ။ အဲဒီနေ့က မုန်တိုင်းမိုးနဲ့အပြိုင် ကျမမျက်ရည်တွေ ဖြိုင်ခဲ့ရတယ်။
သူဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ကျမ သူ့ကို ဘဝထဲကနေ ထုတ်ပစ်လိုက်တယ်။ နှစ်ပေါင်း လေးဆယ်ကျော်ကြာသွားခဲ့ပြီ။ တရက်တော့ ကျမမြေးရဲ့စနက်ကြောင့် သူ ကျမဘဝထဲ တကျော့ပြန် ရောက်လာခဲ့ရတယ်။
တချိန်က ယိုးဒယားကနေရောက်လာတဲ့ ဓါတ်ပုံလေးတစ်ပုံထဲက သူနဲ့အတူတူ တွေ့ရတဲ့အမျိုးသမီးလေးက ရှဲ့နန်ကျီးတဲ့။ တကယ်တော့ ကျမယောကျာ်းက ၁၉၆၀ ခုနှစ်က ဆုံးသွားခဲ့တာတဲ့။ ဒါဆို နောက်ထပ် ယူတဲ့အမျိုးသမီးလေးကလေးတွေအများကြီးနဲ့ ဘယ်လိုများ ရုန်းကန်ခဲ့ရမလဲ။
နောက်ပြီး အဲဒီနောက်ပိုင်း ကျမတို့မိသားစုဆီ စာတွေ၊ ငွေတွေပို့ပေးခဲ့တာ ဘယ်သူလဲ။ ကျမ ခေါင်းတွေရှုပ်ထွေးသွားခဲ့တယ်။ နောက်တော့ ကျမ သိလိုက်ရတာက ကျမ မဖတ်ဖြစ်လိုက်တဲ့စာတွေ ရှိသေးတယ်ဆိုတာပါ။ ကျမ ထိုင်းနိုင်ငံကို လိုက်သွားဖြစ်ခဲ့တယ်။
ကျမတို့အပြန်လမ်းမှာဘန်ကောက်က တရုတ်တန်းကို ဖြတ်ရတယ်။ မြေးလေးက ပြောတယ်။ ဒီနေရာမှာ အဘိုး သုံးဘီးနင်းခဲ့တာတဲ့။ ကျမလှမ်းကြည့်မိတယ်။ ဟိုးက အထည်ဆိုင်လေးမှာ သူ ကျမအတွက် ပိတ်စတွေရွေးနေလိုက်တာ။ ဟော ပိတ်စဝယ်ပြီး သုံးဘီးလေး နင်းပြီးထွက်သွားပြီ။ သူ့မျက်နှာလေး ပြုံးရွှင်နေတာပါလား။


















































