Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ပြည်သူချစ်လျှင်… The King’s Warden (၂၀၂၆)

ဒီနေ့ရာသီဥတုက မိုးတဖွဲဖွဲရွာပြီး အုံ့မည်းနေခဲ့တယ်။ ဒီလိုအချိန်မှာမှ ဒီဇာတ်ကားကိုကြည့်မိတာ ကိုယ့်ကိုယ်ကို ရက်စက်ရာကျနေမလားပဲ။

ဝဇီရာ/People’s Spring

ဒီနေ့ရာသီဥတုက မိုးတဖွဲဖွဲရွာပြီး အုံ့မည်းနေခဲ့တယ်။ ဒီလိုအချိန်မှာမှ ဒီဇာတ်ကားကိုကြည့်မိတာ ကိုယ့်ကိုယ်ကို ရက်စက်ရာကျနေမလားပဲ။

ဒီဇာတ်ကားဟာ ဂျိုဆွန်းခေတ်က ဖြစ်ရပ်မှန်သမိုင်းကို အခြေခံထားတာပါ။ မိမိရဲ့ဦးလေးဖြစ်သူရဲ့ နန်းလုခြင်းကို ခံရပြီး ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာလေးတစ်ရွာဆီကို ပြည်နှင်ဒဏ်ပေးခံရတဲ့ ဘုရင် ဒန်ဂျုံးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

​သမိုင်းအရ ဘုရင်ဒန်ဂျုံးဟာ အသက် ၁၂ နှစ်သားအရွယ် (၁၄၅၂ ခုနှစ်) မှာ နန်းတက်ခဲ့ပါတယ်။ သူဟာ အရွယ်မရောက်သေးတာကြောင့် နန်းတွင်းမှာ ဩဇာရှိတဲ့ အမတ်ကြီးတွေက ဝိုင်းဝန်းကူညီ အုပ်ချုပ်ပေးခဲ့ကြပါတယ်။ ဒါကို ဒန်ဂျုံးရဲ့ ဦးလေးဖြစ်သူက မကျေနပ်ပါဘူး။ ဦးလေးဖြစ်သူဟာ အာဏာကို လိုချင်တဲ့အတွက် သွေးထွက်သံယိုမှုတွေပါတဲ့ အာဏာသိမ်းမှုကို ပြုလုပ်ခဲ့ပြီး အမတ်ကြီးတွေကို သတ်ဖြတ်ကာ နောက်ဆုံးမှာ တူဖြစ်သူ ဒန်ဂျုံးကို နန်းစွန့်ခိုင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒန်ဂျုံးကို နိုဆန်းဂွန်း အဖြစ် မင်းသားအဆင့်ကို လျှော့ချကာ ကန်ဂဝန်ပြည်နယ်၊ ယောင်ဝေါဆိုတဲ့ ဝေးလံတဲ့အရပ်ကို ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။ ဒီနေရာဟာ ဇာတ်ကားထဲမှာ မြင်တွေ့ရတဲ့ သဘာဝအကျဉ်းထောင်လို ဖြစ်နေတဲ့ နေရာပဲ ဖြစ်ပါတယ်။

​ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ အွမ်ဟောင်ဒိုဟာ တကယ့်သမိုင်းမှာ တည်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူဟာ ယောင်ဝေါက ရွာလူကြီးတစ်ဦး ဖြစ်ပါတယ်။ ရွာလူကြီးဟာ သူတို့ရွာကို နယ်နှင်ဒဏ်နဲ့ နိုင်ငံအုပ်ချုပ်သူထဲကတစ်ယောက်ယောက် သာ ရောက်လာခဲ့ရင် အစားအသောက်ကောင်းကောင်းစားရမယ်၊ သူ့သားလေးအပါအဝင် ရွာသားတွေအတွက် ပညာသင်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိခဲ့တယ်။

တကယ်တမ်းရောက်လာတော့ နန်းကျဘုရင်ဆယ်ကျော်သက်လေးဖြစ်နေတော့ ရွာလူကြီးခေါင်းကြိမ်းရပြီ။ ဘုရင်သာတစ်ခုခုဖြစ်ခဲ့ရင် သူတို့တစ်ရွာလုံး အသက်​​​​ဘေးကြုံရမှာမို့ ခေါင်းခဲခဲ့ရတယ်။

ဘုရင်ငယ်ဟာ ရွာသူရွာသားတွေရဲ့စေတနာမေတ္တာတွေကြောင့် သူ့ရဲ့အားငယ်ဖျော့တော့နေတဲ့မျက်ဝန်းတွေ ပြန်လည်တောက်ပလာခဲ့ရတယ်။ ရွာသူရွာသားတွေကလည်း သူတို့ချက်ပို့တဲ့ဟင်းလေးတွေ ဘုရင် အားပါးတရစားကြောင်း ကြားလိုက်ရတဲ့အခါ ပီတီဖြစ်လိုက်ကြတာများ။

ရွာသူရွာသားတွေရဲ့ မေတ္တာတွေ​ကြောင့် ဘုရင်ငယ်ဟာ အားပြန်တက်လာခဲ့တယ်။ ဘုရင်ငယ့်ဆီကို သူ့အမတ်တွေဆီကနေလည်း ဆက်သွယ်လာတယ်။ နန်းပြန်ရဖို့ ပြန်တိုက်ဖို့အတွက်ပါ။

နောက်ဆုံး ဘုရင်ငယ်ဟာ ဆုံးဖြတ်ချက်ချပြီး သူ့ရဲဘော်တွေဆီ စာပြန်ခဲ့တယ်။ “ပုန်ကန်မှု ကျဆုံးသွားရင်တောင် မှားယွင်းနေတဲ့သမိုင်းကို ကြိုးစားခဲ့တယ်ဆိုတဲ့ ကျွန်တော်တို့တွေ အသက်တွေနဲ့ ရင်းထားရတဲ့ သမိုင်းမှတ်တမ်းကို အနာဂတ်မျိုးဆက်ကို လက်ဆင့်ကမ်းချင်ပါတယ်”တဲ့။ကျွန်တော်တို့ဆီမှာလည်း ဒီနေ့ခေတ် လူငယ်တွေဟာ နောင်တစ်ချိန်မှာ ဂုဏ်ယူစရာ သမိုင်းမှတ်တမ်းကျန်အောင် ကြိုးစားနေကြတာရှိတော့ သတိရမိပါသေးတယ်။

အာဏာလုသူတွေဟာ ပြည်သူထောက်ခံသူတွေကို ပုန်ကန်သူအဖြစ် ပြောင်းပြန်စွပ်စွဲတယ်။ ဘုရင်ငယ်ကို ရာထူးလျှော့ချပြီးတော့ နယ်နှင်ဒဏ်ပေးချိန် ပြောတာက ခုလိုလုပ်တာဟာ တိုင်းပြည်ရဲ့စိတ်ကို ငြိမ်းချမ်းစေပါမယ်တဲ့။ အမတ်ကြီးကသာ တိုင်းသူပြည်သားတွေစိတ်​ငြိမ်းချမ်းမယ်ဆိုတယ်။ ဘုရင့်ကို ခေါ်ထုတ်သွားတော့ တိုင်းသူပြည်သားတွေငိုလိုက်ကြတာ။ သူတို့ချစ်တဲ့ဘုရင်၊ သူတို့ရဲ့အသည်းနှလုံးကို ဆွဲခေါ်သွားတာကိုး။

ကျေးရွာဇနပုဒ်​လေးကို ရောက်နေရရှာတဲ့ ဘုရင်ငယ်လေးဆီကို ဝေးလံ​တဲ့​ ဒေသက ပြည်သူတွေက အရောက်လာခဲ့ကြတယ်။ စားနပ်ရိက္ခါတွေ လာပို့ကြတယ်။ အရှင်မင်းကြီးလို့ အော်ခေါ်ကြတော့ လက်ရှိအာဏာရထားတဲ့သူရဲ့အစေအပါးတွေက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ အဲဒီလိုမခေါ်ကြဖို့ လိုက်လံပိတ်ပင်တယ်။ မရပါဘူး။ ပြည်သူတွေက အရှင်မင်းကြီးလို့ ခေါ်ကြအော်ကြတာပဲ။

အာဏာရှင်တွေဟာ လူတစ်ယောက်ကို အကျဉ်းချထားလို့ ရပေမဲ့ သူတို့အပေါ် ထားရှိတဲ့ ပြည်သူ့မေတ္တာကိုတော့ ဘယ်တော့မှ အကျဉ်းချလို့ မရဘူးဆိုတာ ဒီဇာတ်ဝင်ခန်းတွေက မီးမောင်းထိုးပြနေခဲ့တယ်။

ကျွန်တော်တို့ဆီမှာလည်း ဘုရင်ငယ်ကို တိုင်းသူပြည်သားတွေ ချစ်တာထက်တောင်ပိုတဲ့ အမျိုးသမီးကြီးတစ်ဦး ရှိပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။ စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုအသည်းနှလုံး ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချထားခဲ့တာ ၅ နှစ်ကျော်ခဲ့ပြီ။

သူသေသလားရှင်သလားမသိရ။ခုရက် ပုံကလေး ထုတ်ပြပေမဲ့ ဘယ်တုန်းက ရိုက်ခဲ့တဲ့ပုံလည်း မသိရ။ လူထုဟာ ပြာလောင်ခပ်လို့။ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ကျော်ပါပြီ။ အဘွားအိုတစ်ယောက်ကို အာဏာလု လက်နက်ကိုင်စစ်တပ်က ချုပ်လှောင်ထားလို့ကောင်းဆဲ။

နေပြည်တော်စစ်အသိုင်းအဝိုင်းကနေတဆင့် ကြားရတဲ့သတင်းစကားတစ်ခု ရှိခဲ့ဖူးတယ်။ နောင်တချိန်ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားတဲ့အခါ အရိုးပြာကိုတောင် မြန်မာ့မြေမှာ မရှိစေရဘူးဆိုတဲ့စကားပါ။ တက်လည်းတက်နိုင်ကြတဲ့ ဗမာ့စစ်တပ်။ မြန်မာနိုင်ငံကို သူတို့မိမွေဖမွေလိုသဘောထားပြီး ထင်ရာစိုင်းနေသော ဗမာ့စစ်တပ်ကြီးပါ။

ဇာတ်လမ်းကတော့ အလွမ်းတွေနဲ့ အဆုံးသတ်သွားခဲ့တယ်။ ပြင်ပက မိုးဖွဲတွေနဲ့အတူ ကြည့်ရတဲ့သူမှာလည်း မျက်ရည်တွေမစဲခဲ့ဘူး။ ကျွန်တော်တို့ မြန်မာလူထုအတွက်တော့ ဒီကာလကြည့်ရတာ ပိုထိပါတယ်။ အသည်းနှလုံးတွေ ပြန်ပေးဆွဲခံထားရတဲ့ ခံစားချက်ချင်း ထပ်တူကျခဲ့ကြတာကိုး။ ။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

Missed Calls(၂၀၂၆)

ရုပ်ရှင်ခံစားမှု

ဂန်လင်းစစ်စခန်းကို စစ်သားသစ်တစ်ယောက် ရောက်လာခဲ့တယ်။သူ့နာမည်က ကန်ဆောင်ဂျေးတဲ့။စခန်းရောက်မှသူ့နောက်ကြောင်း သိရတာက သူက စစ်သင်တန်းမှာ ထူးချွန်ထက်မြက်တဲ့ရဲဘော်သစ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဂိမ်းစွဲနေပါသတဲ့။

ရုပ်ရှင်ခံစားမှု

ကျောင်းကော်ရစ်တာမှာ ကျောင်းသားတစ်ယောက်က နောက်တစ်ယောက်ကို မျက်နှာတွေ တဖြန်းဖြန်း ရိုက်နေတယ်။ အရိုက်ခံရတဲ့ကျောင်းသား မျက်နှာမှာလည်း သွေးစသွေးနတွေနဲ့။ ဝင်ဆွဲမယ့်သူလည်း မရှိဘူး။ကျောင်းသားဆိုးကတော့ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးကို ပါးတွေချည့်လှိမ့်ရိုက်တယ်။ ကျောင်းသားလေး လဲသွားတယ်။

ရုပ်ရှင်ခံစားမှု

Salmokji: Whispering Water(၂၀၂၆) ဝဇီရာ/People’s Spring ဆားလ်မို့ဂျီ ရေလှောင်ကန်တဲ့။ တောင်တွေဝန်းရံထားတယ်။ လူသွားလူလာပြတ်တယ်။ မြူထူထူတွေရှိတယ်။ နေ့ခင်းဘက်မှာတောင် အေးစက်စက် အငွေ့အသက်တွေရတယ်။ ညဘက်ဆိုရင်တော့ ရေကန်ရဲ့ဝန်းကျင်က တောအုပ်ကြောင့် ပိုပြီးခြောက်ခြားစရာကောင်းတယ်။ Online Map တွေမှာသုံးတဲ့ “ရုပ်ထွက် 360 ဒီဂရီ လမ်းညွှန်မြေပုံ”...