စက်တင်ဘာ -၈၊၂၀၂၆။မိုမို/People’s Spring
ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။
စက်တင်ဘာ ၆ ရက်က ဆယ်ယူတွေ့ခဲ့တဲ့ ရုပ်အလောင်းဟာ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ဦးဖြစ်ပြီး မိသားစု၀င်တွေက လူပျောက်တိုင်ကြားထားတဲ့သူလို့ ဆိုပါတယ်။
“မင်္ဂလာတောင်ညွန့်ထဲက ပဲ။ပျောက်နေတာ ပြီးခဲ့တဲ့ လေးငါးရက်လောက်ကတည်းကလို့ မိသားစုကပြောတယ်။အကြောင်းအရာ အသေးစိတ်တော့ မသိရသေးဘူး”လို့ ဒီဃာယုကလူမှုကူညီရေးအသင်း အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိမှာ သေဆုံးသူရဲ့ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးပို့ဆောင်ထားပြီး ရဲစစ်ချက်ယူနေဆဲလို့ အသိပေးပါတယ်။
“သတ်ခံရတာလား၊ဘာကြောင့်လဲမသိဘူး။ရုပ်အလောင်းပေါ်လို့ ဆိုပြီး သွားကြည့်ကြတာ”လို့ မင်္ဂလာတောင်ညွန့်မြို့ခံတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ ၈လ၀န်းကျင်ကလည်း ကန်တော်ကြီးမှာ အမျိုးသား ၁ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ဖူးပြီး ၂နှစ်အတွင်း ရေထဲသေဆုံးသူအမျိုးသား ၃ဦးရှိပြီလို့ ဒေသဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။
စက်တင်ဘာ ၇ရက် ညပိုင်းကလည်း ရန်ကုန်မြို့လယ်က ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်း အပေါ်ဘက်မှာ သက်ကြီးပိုင်းအမျိုးသမီး ၁ဦး နေအိမ်မှာ အသတ်ခံရမှု ဖြစ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်အပါအဝင်မြို့ရွာတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ လူပျောက်မှုတွေ၊ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ၊ လုယက်မှုတွေနဲ့လူသတ်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

















































