သျှိသျှား ရေးသားသည်။
ဒီရက်ထဲ တစ်ဦးနဲ့တစ်ဦး တွေ့ကြ၊ ဆုံကြ၊ စကားပြောဖြစ်ကြတဲ့အခါ မပါမဖြစ်ပြောဖြစ်တဲ့အကြောင်းအရာတစ်ခု က ဘာဖြစ်မယ်လို့ မိတ်ဆွေထင်ပါသလဲ။
နီပေါသဘာဝဘေးအကြောင်းလား။ပတ္တယားရောက် အမေရိကန်တပ်ဖွဲ့ဝင်တွေ အကြောင်းလား။ထရမ့်ပုံပါတဲ့ တစ်ဒေါ်လာတန်ဒင်္ဂါးစဖြန့်တဲ့ အကြောင်းလား။ အီရန် နဲ့ အမေရိကန်တို့ ထိပ်တိုက်ရင်ဆိုင်တွေ့နေတဲ့ ဟောမုဇ် အရေးလား။ အကျယ်အကျယ်မငြိမ်းဖွယ်ဖြစ်နေတဲ့ ရုရှားနဲ့ ယူကရိန်းအရေးလား။
စစ်တပ်မိသားစုဝင်ပါမကျန် ပေါ်တာဆွဲခံနေရတဲ့အကြောင်းလား။ ဒေါ်ကြူကြူလှရဲ့ လက်ကိုင်အိတ်အကြောင်းလား။ ဒါမှမဟုတ် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မန္တလေးရှိုးပွဲ မြို့အစွန်ရွှေ့လိုက်ရတဲ့အကြောင်းလား။

Public Service Announcement
ဒါတွေတစ်ခုမှမဟုတ်ပါဘူး။အဲဒီအကြောင်းအရာတွေထက်ရှေ့ရောက်ပြီး လူပြောများနေတာကတော့ ကချင်ဘက် ဆန်တက်သွားကြတဲ့ အာဏာသိမ်းစစ်တပ် သင်္ဘောအုပ်စု အလဲလဲအကွဲကွဲဖြစ်ရတဲ့အကြောင်းပါ။အဲဒီ ဖြစ်စဉ်ထဲကမှ ရေထဲကနေအလံဖြူထောင် လက်နက်ချသွားတဲ့ သင်္ဘောနှစ်စီးအကြောင်းက ဟိုက်လိုက်အဖြစ်ဆုံး အကြောင်းအရာပါ။
ပြီးတော့ပစ္စည်းတွေနဲ့အတူရေပုံးဖက်သူဖက်၊ ပီပါဖက်သူဖက်နဲ့ရေထဲမျှောပါနေကြတဲ့ စစ်သားတွေရဲ့ရုပ်သံဖိုင်ကလည်းလူမှုကွန်ရက်မှာကြည့်သူအတော်များခဲ့ပါတယ်။ဧရာ၀တီမြစ်အတိုင်းအထက်ကိုဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တစ်ပတ်အတွင်း စစ်သင်္ဘော ၆ စီး သုံးမရအောင် ပျက်စီးခဲ့ သလို သင်္ဘောနှစ်စီးပေါ်က စစ်သား ၁၀၀ ကျော်ဟာလည်း ရွှေကူနဲ့ ဗန်းမော်ကြားမှာ အလံဖြူထောင် လက်နက်ချ အလင်းဝင်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူလူထုကြား ဒီရက်ထဲမှာ ဝမ်းပန်းတသာနဲ့ ပြန်လည် ဝေမျှပြောဆိုနေကြတာပါ။
တကယ်တော့ အာဏာသိမ်းစစ်တပ်ဘက်က အလံဖြူထောင်တယ်ဆိုတာထူးဆန်းဖွယ်ကိစ္စကြီးတစ်ခုတော့မဟုတ်ပါဘူး။တိုင်းပြည်အာဏာကို မင်းအောင်လှိုင် အဓမ္မရယူပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အဲဒီအာဏာသိမ်းစစ်တပ်ဘက်ကအလံဖြူထောင်ခဲ့ကြတဲ့ဖြစ်စဉ်တွေဟာ ရေတွက်လို့တောင်မကုန်နိုင်ဘူး မဟုတ်လား။ တစ်ယောက်ချင်းကစလို့ ဆယ်စုလိုက်၊ ရာစုလိုက်၊ ထောင်စုလိုက်တွေအထိ အလံဖြူထောင်ခဲ့ကြတာပါ။
အတိတ်ကာလက အထင်ရှားဆုံးအလံဖြူထောင်ပွဲတွေကို မန်မိုရီပြန်ဖော်ကြည့်ရရင် ရှမ်းဘက်၊ ရခိုင်ဘက်၊ ကရင်နီဘက်၊ကရင်ဘက် ၊စစ်ကိုင်းဘက်တို့မှာထင်ထင်ရှားရှားရှိခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။
ရှမ်းဘက်ဆို အားလုံးသိကြတဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း အာဏာသိမ်းစစ်တပ် ခွက်ခွက်လန်အရှုံးသမိုင်းမှတ်တမ်းကြီးနဲ့အတူထောင်ခဲ့ကြတဲ့အလံဖြူတွေလည်းတလွင့်လွင့်ထင်ကျန်နေရစ်ခဲ့တာပေါ့။အလားတူပဲ ရခိုင်ဘက်ကိုကြည့်ဦးမလား။ အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ထဲက စစ်သားရာနဲ့ချီ အလံဖြူထောင်ခဲ့ကြတာဟာလည်း သမိုင်းမှာ ဖျောက်ဖျက်မရတော့မယ့် မှတ်တမ်းတစ်ခုပါပဲ။ ကရင်နီဘက်မှာဆိုရင် ထင်ရှားတာကတော့ လွိုင်ကော်တက္ကသိုလ်ထဲက ဖြစ်စဉ်ပါ။စစ်သုံ့ပန်းတွေ အလံဖြူထောင်ပြီး စနစ်တကျလက်နက်ချဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီကိုယ်တိုင် အမိန့်ပေးနေတဲ့ရုပ်သံဖိုင်ဟာ အဲဒီကာလမှာ လူထုကြား နာမည်ကြီးခဲ့ပါတယ်။ ဒါတင်မက ကိုးကန့် ကုန်းကြမ်းဒေသမှာ ရှိတဲ့ ခလရ (၁၂၅) တပ်ရင်းက တပ်ရင်းမှူးဦးစီးပြီး အင်အားစုစုပေါင်း ၂၇၀ ကျော် အလံဖြူထောင် လက်နက်ချခဲ့တဲ့ ဖြစ်စဉ်ဟာလည်း ထင်ရှားပါတယ်။ကရင်ပြည်နယ်မှာလည်း ပီနံအိတ်အခွံကို အလံဖြူလုပ်ပြီး စစ်သားသစ်တွေထွက်ပြေးကြတယ် ။
ဆိုခဲ့ပါအစုအဖွဲ့တွေက အလံဖြူထောင်နိုင်ခဲ့လို့ အသက်ချမ်းသာရာရခဲ့ပေမယ့် အလံဖြူပါမလာလို့ အသက်ဆုံးရှုံး သွားရတဲ့ ဒုအရာခံဗိုလ်တစ်ယောက်ရဲ့ ရင်နင့်ဖွယ်ဖြစ်စဉ်တစ်ခုဟာလည်း၂၀၂၃ ခုနှစ်ထဲမှာရှိခဲ့ပါတယ်။ ရှေ့တန်း မှာ ဗိုလ်ကြီးဖြစ်သူ အလံဖြူထောင်သွားတော့ ဦးဆောင်တိုက်ပွဲဝင်ရမယ့်သူမရှိတော့တဲ့အခါနောက်တန်းမှာဇိမ်ကျ နေတဲ့ အဘတို့ကရှေ့တန်းတိုက်ပွဲအတွင်းက တပ်ကြပ်ကြီးတစ်ဦးကို ဒုအရာခံဗိုလ်အဆင့်ချက်ချင်းတိုးပေးပြီး တိုက်ပွဲဝင်ခိုင်းခဲ့တဲ့ဖြစ်စဉ်ပါ။
ပြောရရင် အငှားဗိုက်ရှာပြီး ဓားထိုးခံခိုင်းတာပေါ့။အဲဒီဗိုလ်လေးဟာ ရာထူးတိုးပြီး နာရီဝက်မကြာလိုက်ဘူး သူ့ အဘတွေဆီကနေ ဗုံးကြဲပေးမယ့် လေယာဉ်ကို အမျှော်ကြီးမျှော်နေရင်းရန်သူ့လက်ချက်နဲ့အသက်ထွက်သွားခဲ့ရပါတယ်။ တကယ်တော့ သူဟာ သူ့အထက်အရာရှိဗိုလ်ကြီးလို အလံဖြူပါမလာတာကြောင့် အခုလို အသေဆိုးနဲ့ သေသွားခဲ့ရတာပါ။သူ့လိုပဲ အလံဖြူပါမလာတာကြောင့် ရှေ့တန်းမှာ အသေဆိုးနဲ့သေခဲ့ကြရတဲ့စစ်သား များစွာ လည်း ရှိနေပါတယ်။
ဒီတော့အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စေတနာရှေ့ထား အကြံတစ်ခုပေးလိုပါတယ်။ ကိုယ့် လက်နက် သူများဟာဖြစ်သွားစေမယ့် စစ်လက်နက်ပစ္စည်းတွေကို ကပစ စက်ရုံတွေကနေ အားကြီးတဲ့တွန်းထုတ် နေမယ့်အစား တကယ်ထိရောက် အသုံးဝင်မယ့် ထုတ်ကုန်တစ်ခုကို မဖြစ်မနေထုတ်လုပ်သွားနိုင်ဖို့ပါ။ ဘာထုတ် ကုန်လဲဆိုတော့ အလံဖြူအဖြစ်သုံးပြုနိုင်မယ့်ပိတ်ဖြူစတွေ အင်နဲ့အားနဲ့ ထုတ်လုပ်ပေးနိုင်မယ့် ချည်မျှင်နှင့် အထည်စက်ရုံတွေ တိုးချဲ့တည်ဆောက်သွားဖို့ အကြံပြုချင်တာပါ။
“လိုအပ်ချက်တွေပြည့်မီဖို့ အလံဖြူစက်ရုံတွေတည်ဆောက်စို့”ဆိုတဲ့ဆောင်ပုဒ်ကိုကိုင်ဆွဲပြီး ပိတ်ဖြူစတွေ တိုးမြှင့် ထုတ်လုပ်ခြင်းက လက်တွေ့ကျ၊အကျိုးရှိစေတဲ့စီမံဆောင်ရွက်မှုဖြစ်ပါတယ်။ ပြည်သူမထောက်ခံတဲ့ အာဏာသိမ်း စစ်တပ်ဘက်မှာ ရှေ့လျှောက် အလံဖြူတွေ ဆင့်ကာဆင့်ကာထောင်လာကြဦးမယ်ဆိုတာဘယ်ဗေဒင်ဆရာဆီမှသွားမေးနေစရာမလိုဘူး မဟုတ်လား။ ဒီတော့ အခုအကြံပြုချက်ကိုမြန်မြန်အကောင်အထည်ဖော်လေ မြန်မြန် အကျိုးရှိလေဖြစ်ပါမယ်။ ကိုယ့်သားတပည့်စစ်သားတွေ ရှေ့တန်းမှာ အသေဆိုးနဲ့ မသေစေချင်ဘူးဆိုရင်ပေါ့။
ဟော…ပြောရင်းဆိုရင်း၊ဒီစာရေးနေရင်း သတင်းတစ်ပုဒ် ထပ်တက်လာပါတယ်။ ရွှေကူနဲ့ ဗန်းမော်ကြားမှာတိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောတွေထဲကကျန်ရှိသင်္ဘောတွေအထက်ကိုဆက်လက်ထွက်ခွာလာတာကြောင့် KIA ပူးပေါင်း တပ်ကထပ်မံတိုက်ခိုက်လိုက်တယ်ဆိုတဲ့ သတင်းပါ။ ဒါကြောင့်ပြောတာပေါ့။ တွေဝေမနေပါနဲ့ အလံဖြူစက်ရုံတွေ ခပ်မြန်မြန်သာတည်ဆောက်လိုက်ပါတော့လို့ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်ကို စေတနာရှေ့ထား ထပ်ဆင့်အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

















































