တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒူဂျူရန် တိုင်ဖွန်းဟာ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ဂျပန်နိုင်ငံ အရှေ့တောင်ဖက်နဲ့ အရှေ့ဖက် ကမ်းလွန် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းပြီး အရှေ့မြောက်ဖက်ဆီ ဦးတည် ရွေ့လျားသွားပါတယ်။ မုန်တိုင်းဟာ တိုကျိုမြို့တော် အရှေ့ဖက်ကနေ ရွေ့လျားသွားပြီး ဂျပန် ကမ်းရိုးတန်းကိုတော့ ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှု မရှိခဲ့ပါဘူး။
မုန်တိုင်းကြောင့် ဂျပန်နိုင်ငံ အရှေ့ဖက် ကမ်းခြေနဲ့ အလယ်ပိုင်းဒေသ တချို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း အာဏာပိုင်တွေက ကြိုတင် သတိပေးထားသလို အန္တရာယ်များတဲ့ ဒေသတွေမှာ အရေးပေါ် ရွှေ့ပြောင်းဖို့လည်း ဆော်ဩထားပါတယ်။
စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာတော့ မုန်တိုင်းဟာ ကမ်းရိုးတန်းနဲ့ ပိုဝေးတဲ့ဖက်ကို ရွေ့လျားသွားပြီး တာဝန်ရှိသူတွေကလည်း ရေကြီးမှု အန္တရာယ် အမြင့်ဆုံး သတိပေးချက်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

Public Service Announcement
တိုင်ဖွန်းဒူဂျူရန်ကြောင့် ဂျပန်ရဲ့ လေကြောင်းပျံသန်း ပြေးဆွဲမှုတွေနဲ့ တခြားသယ်ယူပို့ဆောင်ရေး ကွန်ရက်တွေမှာလည်း ရှုပ်ထွေးမှုတွေ၊ ပြဿနာတွေ ကြုံခဲ့ပါတယ်။ တိုကျိုမှာတော့ မြို့ရဲ့ အကြီးမားဆုံး ဗီဒီယိုဂိမ်း ပြပွဲတစ်ခုကို ပိတ်ထားခဲ့ရပါတယ်။
မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနတွေကတော့ မုန်တိုင်းအပြီး တိုကျိုနားက ချီဘာဒေသမှာ သေဆုံးသူ ၃ ဦးနဲ့ ကာနာဂါဝါမှာ ၁ ဦး စာရင်းရထားကြောင်း ပြောပါတယ်။ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ မြေပြိုမှုတွေ ဖြစ်ပွားရာက ပျောက်ဆုံးနေသူ ၆ ဦးကိုလည်း ကယ်ဆယ်ရေးတွေက အပူတပြင်း လိုက်ရှာနေပါတယ်။ မုန်တိုင်းနဲ့ ဆက်စပ်ပြီး ဒဏ်ရာရသူ ၂၂ ဦးထက်မနည်း ရှိတယ်လို့လည်း ဆိုပါတယ်။
ချီဘာမှာ အိမ်ပေါင်း ၄၅၀၀၀ လောက် ဓာတ်အားပြတ်တောက်မှုတွေ ကြုံနေရပြီး ထိခိုက်ပျက်စီးတဲ့နေအိမ် ၄၆၀ လောက် ရှိခဲ့ပါတယ်။ Japan Airways လေကြောင်းလိုင်းက ခရီးစဉ် ၁၃၅ ခုကို ဖျက်သိမ်းခဲ့ရပြီး All Nippon Airwaysကလည်း ခရီးစဉ် ၁၄၀ ကို ပယ်ဖျက်ခဲ့ရကြောင်း ပြောပါတယ်။
မုန်တိုင်းက ဂျပန်နဲ့ ဝေးရာကို ရွေ့လျားသွားပြီ ဖြစ်ပေမယ့်လည်း တိုကျိုမြို့ရဲ့ အစိတ်အပိုင်း တချို့မှာတော့ စံချိန်တင် မိုးရွာသွန်းမှုတွေကို ကြုံစေခဲ့ပါတယ်။ တိုကျိုတောင်ဖက် ကီလိုမီတာ ၁၂၀ လောက် အကွာမှာရှိတဲ့ အိုရှီမာ ကျွန်းမှာဆိုရင် ၄၈ နာရီအတွင်း မိုးရေချိန် ၈၃၂ မီလီမီတာထိ ရွာချခဲ့ပါတယ်။ ဒါဟာ စက်တင်ဘာ တစ်လလုံးစာ ပျမ်းမျှ မိုးရေချိန်ရဲ့ နှစ်ဆနဲ့ ညီမျှပါတယ်။
လူတွေရဲ့ စနက်ကြောင့် ပိုမိုပူနွေးလာတဲ့ ကမ္ဘာ့ရာသီဥတုဟာ ရေပမာဏ ပိုများများကို ထိန်းသိမ်းထားလေ့ ရှိတာကြောင့် မိုးတွေ ပိုပြီးသည်းသည်းထန်ထန် ရွာနိုင်ကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။
တိုကျိုမှာတော့ ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်း ပွဲတော်တစ်ခုလို့ သတ်မှတ်ခံရတဲ့ Tokyo Game Showကို မူလသတ်မှတ်ထားတာထက် အချိန်စောပြီး ပိတ်သိမ်းစေခဲ့ရသလို ချီဘာမှာ ကျင်းပမယ့် လေဟာပြင် ဂီတပွဲတော် တစ်ခုနဲ့ ဘေ့စ်ဘော ပြိုင်ပွဲတစ်ခုကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာတော့ ကာမာကူရာ မြို့ထဲက နေရာတချို့မှာ ရေကြီးနေတဲ့ မှတ်တမ်းဗီဒီယိုတွေ ထွက်ပေါ်လာပါတယ်။ မြို့ရဲ့ အစိတ်အပိုင်း တချို့မှာ ရေတွေကြီးလို့ ကားမောင်းပြီးသွားတာက အန္တရာယ် ရှိနိုင်ကြောင်း မြို့တော်ဝန် တာကာရှိ မတ်ဆူယိုက လူမှုကွန်ရက်မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ တိုကျိုရဲ့ အရှေ့ဖက်မှာရှိတဲ့ အီချီကာဝါ မြို့မှာလည်း မုန်တိုင်းကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AFP



















































