စက်တင်ဘာ-၂၉၊၂၀၂၆။ခိုင်မြတ်/People’s Spring
ကျောက်တော်မြို့ပေါ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာပြင်းထန်ကာစိုးရိမ်ရသူ ၂၁ ဦး ရှိနေသေးတယ်လို့ အာရက္ခတပ်တော်(AA) နဲ့ မြေပြင်မှာ ကူညီပေးနေသူ တွေက ပြောကြပါတယ်။
စစ်တပ်ဟာစက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းမှာ ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ မြို့အဝင် ဂစ္ဆပန ဒီတံတားတို့ကို ဗုံးကြဲခဲ့တာကြောင့်လူရာကျော် ထိခိုက်၊သေဆုံးခဲ့ရပါတယ်။အပျက်အစီးတွေ ကြားထဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းတွေ ဆက်လက်ရှာဖွေတွေ့ရှိနေသလို ဒဏ်ရာရပြင်းထန်သူတွေ ထဲက အချို့ဟာလည်း ထပ်မံသေဆုံးတာကြောင့် သေဆုံးသူအရေအတွက် တိုးလာတာဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာဇနီးမောင်နှံ၊မိသားစုလိုက် သေဆုံးသူတွေရှိသလို ကိုယ်ဝန်ဆောင်မိခင်၊ လသားအရွယ်ကလေးငယ်တွေနဲ့ ကျောက်တော်ဒေသခံရိုဟင်ဂျာတွေလည်း ပါဝင်နေပါတယ်။

Public Service Announcement
“ကလေးတွေနဲ့ ပတ်သက်လို့ စနစ်တကျစာရင်းခွဲလို့ မရလိုက်တော့ဘူး။အဲဒီမှာ ကလေးဟာ ခန့်မှန်းခြေအားဖြင့် ငါးယောက်ကနေ ခြောက်ယောက်လောက်ရှိမယ်လို့ယူဆတယ်။ မူဆလင်ကတော့ စာရင်းအရဆိုရင်သုံးယောက်ရှိ တယ်။သို့သော် သေသွားတဲ့ ၅၀ မှာ စာရင်းနာမည်ရတာက ၁၈ ယောက်လောက်ပဲ နာမည်ရတယ်။ ကျန်တာတွေ က နာမည်မရ” လို့ မြေပြင်မှာ ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်ကပြောပါတယ်။
မြေပြင်မှာတော့ကလေးငယ် နဲ့ အမျိုးသမီးသေဆုံးမှုအရေအတွက်ဟာ အဲဒီထက်ပိုနိုင်ပြီး သေဆုံးသူအရေအတွက် ဟာလည်း ၅၀ ထက်ပိုများနိုင်တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ စျေးအတွင်း ပျောက်ဆုံး နေပြီး အခုထက်ထိ အလောင်းရှာမတွေ့သေးသူတွေလည်း ရှိနေပါသေးတယ်။
“အလောင်းပိုင်ရှင်တွေတောင်မပေါ်၊ တချို့ကျတော့လည်း အလောင်းပိုင်ရှင်က ရောက်လာတယ်။ဘယ်သူကဘယ်သူမှန်းမသိ၊ အလောင်းကိုလည်း ခွဲလို့ မကွဲလိုက်တော့ဘူး။ အဲလို ပြဿနာတွေလည်းရှုပ်ထွေးသွားတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
စစ်တပ်ဗုံးကြဲခဲ့တဲ့ အိန္ဒိယစျေးဟာ ကျောက်တော်မြို့ထဲမှာတည်ရှိတဲ့ လူအသွားအလာ၊ စျေးဝယ်သူတွေနဲ့ အလွန် စည်းကားတဲ့နေရာတခုဖြစ်ပြီး ကစ္ဆပနဒီတံတားဟာလည်း မြို့အဝင်က အသွားအလာများတဲ့တံတားတခုဖြစ်ကာ လူအစည်ဆုံးအချိန်မှာ ဗုံးကြဲခံခဲ့ရတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတွင်း မြို့နယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လာပြီးနောက်ပိုင်း လေကြောင်းဗုံးကြဲကာအရပ်သားတွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေခဲ့ပြီး အဲဒီဗုံးကြဲ၊ သတ်ဖြတ်မှုတွေအနက် အခုကျောက်တော်ဗုံးကြဲမှုဟာ အရပ်သားသေဆုံမှုအများဆုံးဖြစ်စဉ်ဖြစ်ပါတယ်။
“ဒါကအသေအပျောက်အများဆုံးပါ။ဒါတွေကမင်းအောင်လှိုင်ရဲ့ယုတ်မာမှုတွေကို ဖော်ပြတဲ့သမိုင်းတွေပဲ။တချိန် မှာတော့ဒီကောင်တွေ ပြန်ခံရမှာပါ။ဒီကောင်တွေကိုအရေးယူနိုင်အောင် ကြိုးစားဖို့လိုပါတယ်”လို့ ရခိုင်ဒေသခံ လူငယ်တဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)မှာလည်းမြောက်ဦးမြို့ပေါ် ရှိ ပြည်သူ့ဆေးရုံကြီးကို ဗုံးကြဲခဲ့တာကြောင့် ဆေးရုံတက်ကုသနေတဲ့ လူနာ၊ လူနာစောင့်နဲ့ ဆေးရုံဝန်ထမ်းတွေ စုစုပေါင်း ၃၃ ဦးသေဆုံးပြီး ၇၇ ဦး ဒဏ်ရာရကာ ဒုတိယလူသေဆုံးမှုအများဆုံးဖြစ်ရပ် ဖြစ်ပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေအပါအ၀င် အပြစ်မဲ့အရပ်သားပြည်သူ ၂၀ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရခဲ့တဲ့ ကျောက်တော်မြို့နယ် သရက်တပင်ရွာ၊ ဘော်ဒါဆောင်ဗုံးကြဲမှုကတော့ တတိယလူသေဆုံးမှုအများဆုံး ဖြစ်စဉ်ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာတိုက်ပွဲအတွင်း လေယာဉ်တွေ သုံးပြီး တိုက်ခိုက်မှုမှာ အရပ်သားပြည်သူတွေ သေဆုံးကြရ ခြင်းဟာ လူအခွင့်အရေးချိုးဖောက်ပြီး ဂျီနီဗာကွန်ဗန်းရှင်းကို ကျူးလွန်ဖောက်ဖျက်နေတာဖြစ်ကာ အဲဒီလုပ်ရပ်အ ပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်၊ ရခိုင်အရပ်ဖက်အစည်းများကွန်ရက်၊ Arakan Against Dictatorship(AAD) တို့ကလည်း စစ်တပ်ရဲ့ဗုံးကြဲမှုဟာဂျီနီဗာကွန်ဗန်းရှင်းအပါအဝင် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေနဲ့ ကုလသမဂ္ဂပဋိညာန်တွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တဲ့စစ်ရာဇဝတ်မှုဖြစ်ပြီးပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီလိုလုပ်ရပ်တွေ ကျူးလွန်နေတဲ့စစ်တပ်ကို တရားဥပဒေအရ ထိရောက်စွာအရေးယူဖို့၊ပိတ်ဆို့အရေးယူမှုတွေတင်းကြပ်ဖို့၊ အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်သူတွေအပါအဝင်နိုင်ငံတဝှမ်းရှိစစ်ဘေးဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့လည်း ကုလ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအ ဝိုင်းတို့ကို အဲဒီအဖွဲ့တွေက ထုတ်ပြန်ချက်မှာ တောင်းဆိုပါတယ်။
မြောက်ဦးမြို့နယ် မူဆလင်ရေးရာညှိနှိုင်းရေးကော်မတီကလည်း အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသူတွေရဲ့ မိသားစုဆွေမျိုးတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲခံစားရပြီး အပြစ်မဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်၊လူမဆန်စွာရက်ရက်စက်စက် သတ်ဖြတ်နေတဲ့တိုက်ခိုက်နေမှုတွေအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ လူသားမျိုးနွယ်စုများအပေါ် စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ရက်စက်ကျူးလွန်တာတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ နောင့်နှေးမှုမရှိ အရေးယူ ဆောင်ရွက်ပေးဖို့၊ တရားမျှတမှု ရရှိစေဖို့ အလေးအနက် တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အာဏာသိမ်းစစ်တပ်အပေါ် ဖိဖိစီးစီးအရေးယူတာ၊ ထုတ်ပြန်ကန့်ကွက်၊ တား မြစ်တာတွေ မရှိတဲ့အတွက်ကြောင့် အခုနောက်ပိုင်းမှာ သတ်ရေးဖြတ်ရေး လက်ရဲဇက်ရဲဖြစ်လာတယ်လို့ ရခိုင်ဒေ သခံ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။
“လက်ရဲဇက်ရဲဖြစ်လာတယ်လို့ မြင်မိတယ်။ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ လုံး၀အကြမ်းဖက်သမား ပီပြင်လာတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ အကြမ်းဖက်သမားဖြစ်လာတယ်။ သို့သော် သူလုပ်ချင်တာက အစိုးရ၊ သူလုပ်နေတဲ့လုပ်ရပ်က အကြမ်းဖက်သမား၊ ဖက်ဆစ်အကြမ်းဖက်သမားလုပ်ရပ်ဖြစ်နေတယ်”လို့သူကဆက်ပြောပါတယ်။
စစ်ကောင်စီဟာစစ်မြေပြင်မှာရှုံးနိမ့်မှုတွေများလာတိုင်း အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ဖြစ်စဉ်မျိုးတွေ အရင်ကလည်း အများကြီးရှိခဲ့ပြီး အခုအခါမှာလည်း အဲဒီလိုမျိုး တိုက်ခိုက် တာဖြစ်ကာ အဲဒီအပေါ် ပါဝင်ပတ်သက်သူတိုင်းကို လက်တုံ့ပြန်သွားမယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာ AA ထိန်း ချုပ်ရာနေရာတွေကို ထိုးစစ်လုပ်နေပေမယ့် လက်တွေ့မှာတော့ စစ်တပ်အထိနာနေပြီး စစ်တပ်စခန်းတွေလည်း လက်လွှတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်မှ စက်တင်ဘာ ၂၉ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ ပြည်သူအနည်းဆုံး ၆၀ ဦးနဲ့ ဒဏ်ရာရသူ ၉၆ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။



















































