Connect with us

Hi, what are you looking for?

ဆောင်းပါး

ပတ်စ်ပို့နောက်ကွယ်က စောင့်ကြည့်မှု

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

ရတနာ ရေးသားသည်။

မြန်မာနိုင်ငံမှာစစ်အုပ်စုရဲ့ဖိနှိပ်မှုဟာနိုင်ငံတွင်းမှာသာ မကတော့ပါဘူး။ပြည်ပကို ထွက်ခွာသွားတဲ့ အတိုက်အခံတွေ၊ အထူးသဖြင့် CDM မှာ ပါဝင်ခဲ့သူတွေကိုပါ နိုင်ငံရပ်ခြားကို ရောက်သွားတာနဲ့ လုံခြုံသွားပြီလို့ မခံစားနိုင်အောင် ပတ်စပို့၊ သံရုံးဝန်ဆောင်မှုတွေနဲ့ ဒစ်ဂျစ်တယ်အချက်အလက်စနစ် တွေကို အသုံးချပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ခြေရာခံတာ၊ ဖိအားပေးတာတွေနဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာနေပါတယ်။

ဒီအခြေအနေကို ထင်ထင်ရှားရှား မြင်ရတာက ထိုင်းနိုင်ငံမှာပညာသင်ယူရင်း နေထိုင်နေတဲ့ CDM ကျောင်းဆရာမဟောင်းတစ်ဦးရဲ့ အတွေ့အကြုံပါ။ ပတ်စပို့သက်တမ်းတိုးဖို့ ဘန်ကောက်မြို့က မြန်မာသံရုံးကို သွားခဲ့ချိန်မှာသူမရဲ့အလှည့်ကိုအကြာကြီးကျော်ထားခဲ့ပြီး နောက်ဆုံး လူကုန်သွားမှသာ အရာရှိက ခေါ်တွေ့ခဲ့ပါတယ်။ အဲဒီနေ့က သူမရဲ့ ပတ်စပို့ကို သိမ်းဆည်းပြီး ပယ်ဖျက်လိုက်ရင် ထိုင်းနိုင်ငံမှာ ဆက်နေလို့မရတော့သလို မြန်မာနိုင်ငံကို အတင်းအကျပ် ပြန်ပို့ခံရနိုင်တဲ့ အန္တရာယ်အထိ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပွဲစားတစ်ဦးရဲ့ အကူအညီကြောင့်သာ အဲဒီအခြေအနေကနေ လွတ်မြောက်ခဲ့တယ်လို့ သူမ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် CDM မှာ ပါဝင်ခဲ့သူ ထောင်ပေါင်းများစွာလိုပဲ သူမဟာလည်း နိုင်ငံကနေ ထွက်ခွာခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။ တချို့က တော်လှန်ရေးနယ်မြေတွေမှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ကြသလို၊ တချို့ကတော့ လုံခြုံရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် ပြည်ပကို ရွှေ့ပြောင်းခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရပ်ခြားရောက်သွားတာက ဖိအားတွေ အဆုံးသတ်သွားမယ် လို့တော့ မဆိုလိုပါဘူး။ လက်ရှိ မြန်မာနိုင်ငံသား သန်းနဲ့ချီ နေထိုင်နေကြတဲ့ ထိုင်းနိုင်ငံတ စ်နိုင်ငံတည်းမှာကို အများစုဟာ ပတ်စပို့သက်တမ်းတိုးရေး၊ ဗီဇာသက်တမ်း၊ ဖမ်းဆီးခံရနိုင်ခြင်းနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်ခြင်းတို့ကို အမြဲစိုးရိမ်နေရဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း စစ်အုပ်စုဟာ ပြည်တွင်းမှာ CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ အပြင်းအထန်အရေးယူတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး၊ ပြည်ပရောက်သူတွေအပေါ်မှာတော့ပတ်စပို့နဲ့ နိုင်ငံသားအထောက်အထားတွေကို ထိန်းချုပ်ရေး ကိရိယာအဖြစ် ပိုမိုအသုံးပြုလာပါတယ်။

ဒီဆောင်းပါးမှာတော့ စစ်အုပ်စုက ပြည်ပရောက် အတိုက်အခံတွေကို ခြေရာခံပုံ၊ ပတ်စပို့နဲ့ ဒစ်ဂျစ်တယ်စနစ်တွေကို အသုံးချနေပုံနဲ့ ပြည်ပရောက် မြန်မာတွေအပေါ် သက်ရောက်မှုတွေကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို ရုတ်တရက် နောက်ပြန်လှည့်သွားစေခဲ့ပါတယ်။ အာဏာသိမ်းမှုမတိုင်မီမှာတော့ ပြည်သူအများအပြားဟာ စစ်အုပ်ချုပ်မှုကာလရှည်ကြီးပြီးဆုံးပြီး နိုင်ငံဟာ ပိုမိုပွင့်လင်းလာနေပြီလို့ ယုံကြည်ခဲ့ကြပါတယ်။

အာဏာသိမ်းပြီးနောက် နှစ်များအတွင်း လက်နက်မဲ့ ဆန္ဒပြသူတွေ လမ်းမတွေပေါ်မှာ ပစ်ခတ်ခံခဲ့ရပြီး၊ သတင်းသမားအများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အချို့က စစ်ကြောရေးကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကိုပါ ကြုံတွေ့ခဲ့ရတယ်လို့ သတင်းများမှာ‌ ဖေါ်ပြကြပါတယ်။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာပြည်သူတွေဟာ နိုင်ငံတဝှမ်းက လက်နက်ကိုင်ပဋိပက္ခအတွင်း တွန်းပို့ခံခဲ့ရပြီး၊ နေ့စဉ်ဘဝ၊ အသက်အိုးအိမ်နဲ့ အနာဂတ်တွေပါ ပြိုကွဲပျက်စီးလာခဲ့ပါတယ်။

တကယ်တော့ ဒီလိုဖိနှိပ်မှုတွေဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ စတင်ခဲ့တာ မဟုတ်ဘဲ မြန်မာစစ်တပ်ရဲ့ ဆယ်စုနှစ်များစွာကြာ ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့ အစဉ်အလာနဲ့လည်း ဆက်နွယ်နေပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ဆယ်စုနှစ်များစွာ အသုံးပြုခဲ့တဲ့ ထိန်းချုပ်ရေးနည်းလမ်းတွေကို ဒီတခါ နိုင်ငံရေး အတိုက်အခံတွေအပေါ် ပါ ပြန်လည်အသုံးချလာခဲ့တာပဲဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြ ပါတယ်။

မြန်မာနိုင်ငံဟာ မတူညီတဲ့လူမျိုးစု၊ ယဉ်ကျေးမှုနဲ့ နယ်မြေတွေ ပေါင်းစည်းဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက် စစ်တပ်ရဲ့ နိုင်ငံရေးအာဏာလွှမ်းမိုးမှုအောက်မှာ တိုင်းရင်းသားအခွင့်အရေး၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရပိုင်ခွင့်တွေ ကန့်သတ်ခံခဲ့ရပြီး၊ ဒီသမိုင်းနောက်ခံဟာ ယနေ့ပဋိပက္ခတွေရဲ့ အခြေခံအကြောင်းရင်းတစ်ခုအဖြစ် ဆက်လက်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အထောက်အထားစာရွက်စာတမ်းတွေဟာ နိုင်ငံသားအခွင့်အရေးနဲ့ လုံခြုံရေးအတွက် အရေးကြီးပေမဲ့၊ ပဋိပက္ခများပြင်းထန်လာပြီးနောက် တချို့သူတွေအတွက်တော့ အကာအကွယ်ထက် စောင့်ကြည့်ထိန်းချုပ်ဖို့ အသုံးချခံရတဲ့ နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း စစ်ဆေးရေးဂိတ်တွေ များပြားလာပြီး ခရီးသွားသူတွေဟာ မှတ်ပုံတင်နဲ့ အထောက်အထား စာရွက်စာတမ်းတွေ ပြသရပါတယ်။ အဲဒီအချက်အလက်တွေကြောင့် CDM ဝန်ထမ်းဟောင်းတွေ ဒါမှမဟုတ် စစ်အုပ်စုဆန့်ကျင်ရေး အားကောင်းတဲ့ ဒေသက လာသူတွေဟာ ဖမ်းဆီးစစ်ဆေးခံရနိုင်ခြေ ပိုများလာပါတယ်။

ဒီလို စာရွက်စာတမ်းအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေဟာ မြန်မာနိုင်ငံမှာ အခုမှ စတင်ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကြာအောင် တိုင်းရင်းသားနဲ့ ဘာသာရေး လူနည်းစုတွေဟာ နိုင်ငံသားအထောက်အထားတွေကနေတစ်ဆင့် အခွင့်အရေးကန့်သတ်ခံရမှုတွေကို ကြုံတွေ့လာခဲ့ကြပါတယ်။

မြန်မာနိုင်ငံက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုထဲက အချို့ဟာ ဥပဒေအရ နိုင်ငံသားတွေ ဖြစ်ကြပေမဲ့ လက်တွေ့ဘဝမှာတော့ ခွဲခြားဆက်ဆံမှုတွေ ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ကလေးတွေ အသက် ၁၀ နှစ်ဝန်းကျင်မှာ ရရှိတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာတောင် တိုင်းရင်းသားနွယ်ဖွားနဲ့ ဘာသာရေး အချက်အလက်တွေကို ထည့်သွင်းထားတာဟာ နှစ်ရှည်လများ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှု၊ အငြင်းပွားမှုများ၏ အဓိကအချက်တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

အထူးသဖြင့် တောင်အာရှနွယ်ဖွား၊ တရုတ်နွယ်ဖွားနဲ့ အခြားမျိုးနွယ်စုအချို့ကို မှတ်ပုံတင် စာရွက်စာတမ်းတွေမှာ “ဧည့်နိုင်ငံသား” သို့မဟုတ် “အပြည့်အဝမရသေးသောနိုင်ငံသား” အဖြစ် သတ်မှတ်ခံရတာတွေ ရှိခဲ့ပါတယ်။ ဒီလို အဆင့်ခွဲခြားသတ်မှတ်မှုတွေကြောင့် အချို့သူတွေဟာ အစိုးရရာထူးရယူခွင့်၊ နိုင်ငံ့ဝန်ထမ်းလုပ်ခွင့်နဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ရရှိရေးမှာ အခက်အခဲတွေ ကြုံခဲ့ကြရပါတယ်။

ရိုဟင်ဂျာ မွတ်စလင်လူနည်းစုတွေကတော့ ဒီပြဿနာရဲ့ အပြင်းထန်ဆုံး သက်ရောက်မှုကို ခံစားခဲ့ရသူတွေထဲက တစ်စု ဖြစ်ပါတယ်။

အခုအချိန်မှာတော့ စစ်အုပ်စုဟာ အဲဒီလို အထောက်အထားစနစ်တွေကို ပြည်သူတွေကို စောင့်ကြည့်ထိန်းချုပ်ဖို့အတွက် ပိုမိုအသုံးချလာနေပါတယ်။ လမ်းပေါ်က စစ်ဆေးရေးဂိတ် တွေမှာ သာမက ပတ်စပို့နဲ့ နိုင်ငံသားအထောက်အထားဆိုင်ရာ လုပ်ငန်းစဉ်တွေကနေတစ်ဆင့်လည်း ပြည်ပရောက်သူတွေနဲ့ အတိုက်အခံတွေကို ဖိအားပေးနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနေပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာဖမ်းဆီးခံရသူအများစုဟာလည်းဥပဒေအရကာကွယ်မှုရရှိဖို့ အခက်အခဲ ရှိပြီး၊ လူငယ်အမျိုးသားအများအပြားဟာလည်း ဖမ်းဆီးခံရပြီးနောက် အတင်းအကျပ် စစ်မှုထမ်းထဲ သွပ်သွင်းခံရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။ အဲဒီအခြေအနေတွေက မြန်မာနိုင်ငံမှာ အထောက်အထား စာရွက်စာတမ်းတွေဟာ လူတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ အရာတွေသာ မဟုတ်တော့ဘဲ၊ အာဏာပိုင်တွေက လူတွေကို စောင့်ကြည့်ခြင်း၊ ကန့်သတ်ခြင်းနှင့် ဖိအားပေးခြင်းအတွက် အသုံးချတဲ့ နည်းလမ်းတွေသာဖြစ်လာနေကြောင်း ပြသနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပတ်စပို့စနစ်ဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ထူးခြားတဲ့ အချက်တစ်ခု ရှိပါတယ်။ ပတ်စပို့ဟာ နိုင်ငံပြင်ပကို ထွက်ခွာခွင့်ပေးတဲ့ ခရီးသွားစာရွက်စာတမ်းတစ်ခုသာ မဟုတ်ဘဲ၊ ထွက်ခွာခွင့်ပြုမိန့်တစ်မျိုးလို လုပ်ဆောင်နေတာပါ။ ခရီးသွားဖို့၊ ပညာသင်ဖို့၊ ပြည်ပမှာ အလုပ်လုပ်ဖို့ စတဲ့ ရည်ရွယ်ချက်အလိုက် ပတ်စပို့အမျိုးအစားတွေကို ခွဲခြားထုတ်ပေးထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ ဒီလို အထောက်အထားစနစ်တွေဟာ နိုင်ငံသားတွေကို ထိန်းချုပ်ဖို့ အသုံးချနိုင်တဲ့ အရာတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ စစ်အုပ်စုက UID လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်အထောက်အထားစနစ်ကို စတင်ခဲ့ပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဇီဝအချက်အလက်တွေနဲ့ ချိတ်ဆက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါ့အပြင် ပတ်စပို့ဆိုင်ရာ ဥပဒေသစ်တွေကြောင့်လည်း အာဏာပိုင်တွေဟာ ပတ်စပို့ထုတ်ပေးခြင်း၊ ရုပ်သိမ်းခြင်း ဒါမှမဟုတ် ကန့်သတ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပိုမိုလွတ်လပ်စွာ ချမှတ်နိုင်တဲ့ အခွင့်အာဏာ ရရှိလာပါတယ်။ ဒီနည်းတွေနဲ့ စစ်အုပ်စုဟာ ပြည်တွင်းမှာရှိသူတွေအပေါ်သာမက နိုင်ငံကနေ ထွက်ခွာတိမ်းရှောင်နေသူတွေအထိ စောင့်ကြည့်ထိန်းချုပ်မှုကို လွှမ်းမိုးနိုင်‌အောင် ကြိုးစားလာကြပါတယ်။

နှင်းအေးရဲ့ အဖြစ်အပျက်က ဒီအခြေအနေကို ထင်ဟပ်ပြနေပါတယ်။ သူမဟာ အာဏာသိမ်းမှု မတိုင်မီက NLD ကို အားပေးသူတစ်ဦးသာဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လူထုသပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ကိုယ်တိုင် ကျောင်းပြန်မတက်တော့ဘဲ ကျောင်းသားတွေကို ဆက်လက်သင်ကြားပေးဖို့ ကြိုးစားခဲ့ပါတယ်။ သူမဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG ရဲ့ ဒေသခံပညာရေးလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာပြီး မိသားစုကို ထောက်ပံ့နိုင်ဖို့ ခက်ခဲလာတဲ့အခါ သူမဟာ ပြည်ပမှာ အလုပ်ထွက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစပိုင်းမှာ စင်ကာပူနိုင်ငံကို သွားရောက်ပြီး အိမ်အကူ ဒါမှမဟုတ် ပြုစုစောင့်ရှောက်ရေးအလုပ်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။

ပြည်ပအလုပ်အတွက် လျှောက်ထားပြီး လပေါင်းများစွာ စောင့်ဆိုင်းပြီးနောက်မှာ သူမဟာ နောက်ဆုံး မြန်မာပတ်စပို့စာအုပ်နီလေးကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပတ်စပို့ကို အသုံးပြုပြီး ခရီးထွက်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။ သူမရဲ့ သူငယ်ချင်းတစ်ဦး လေကြောင်းကနေ နိုင်ငံပြင်ပထွက်ဖို့ ကြိုးစားစဉ် ဖမ်းဆီးခံရခဲ့တာကြောင့် စင်ကာပူသွားမယ့် အစီအစဉ်ကို အကောင်အထည် မဖေါ်နိုင်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ သူမဟာ ထိုင်းနိုင်ငံကို နယ်စပ်ကနေ တရားမဝင် ဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ CDM အရေးလှုပ်ရှားသူတစ်ဦးရဲ့ အကူအညီနဲ့ လူမှောင်ခိုကူးသူတွေနဲ့ ချိတ်ဆက်ခဲ့ပြီး ညဘက်နယ်စပ် ဖြတ်ကျော်စဉ် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အချုပ်ခန်းသေးသေးလေးထဲမှာ အခြားအမျိုးသမီးတွေနဲ့အတူ နှစ်ပတ်ခန့် ထိန်းသိမ်းခံခဲ့ရပေမဲ့ UNHCR ရဲ့ အကူအညီကြောင့် နောက်ဆုံး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရဖို့အတွက် စောင့်ဆိုင်းနေတဲ့ ကာလတစ်လျှောက် နှင်းအေးဟာ အထောက်အထားမပြည့်စုံတဲ့ အခြေအနေမှာ နေခဲ့ရပါတယ်။ နောက်ပိုင်း ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ နေထိုင်ခွင့်ကတ်ရရှိပြီးမှသာသူမဟာမြန်မာပတ်စပို့ကို အသုံးပြုပြီး ပြည်ပခရီးတွေသွားလာနိုင်ခဲ့ပါတယ်။

သူမဟာ သုတေသနအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့သလို၊ ဒစ်ဂျစ်တယ်အခွင့်အရေး ဆိုင်ရာ အစည်းအဝေးတစ်ခုအတွက်မလေးရှားနိုင်ငံကိုလည်းသွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူမအတွက် သွားလာခွင့်မရှိတဲ့ တစ်ခုတည်းသော နေရာကတော့ သူမမွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံပဲ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် ပတ်စပို့သက်တမ်းတိုးခြင်းဟာ ရိုးရိုးရှင်းရှင်း လုပ်ငန်းစဉ်တစ်ခု မဟုတ်တော့ပါဘူး။ အထူးသဖြင့် စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူတွေအတွက်တော့ ပတ်စပို့ရရှိရေးဟာ လုံခြုံရေးအန္တရာယ်၊ ငွေကြေးကုန်ကျမှုနဲ့ မသေချာမှုတွေနဲ့ ရင်ဆိုင်ရတဲ့ ခက်ခဲတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပြည်ပမှာ အခြေစိုက်လုပ်ကိုင်နေတဲ့ အတွေ့အကြုံရှိ ပွဲစားတချို့ဟာ စစ်အုပ်စုရဲ့ သက်ဆိုင်ရာဌာနတွေအတွင်းအဆက်အသွယ်တွေကို အသုံးပြုပြီး အမည်ပျက်စာရင်း (Black List) ဝင်ထားသူတွေ အတွက်တောင် တရားဝင်ပတ်စပို့အစစ် ရရှိအောင် ကူညီပေးနိုင်ကြပါတယ်။ ဒါပေမဲ့ ပွဲစားအများစု ကတော့ အန္တရာယ်များတဲ့ နည်းလမ်းတွေကို အသုံးပြုကြပြီး ပတ်စပို့အတုတွေ၊ ဒါမှမဟုတ် အစစ်စာအုပ်ထဲက စာမျက်နှာတချို့ကို ပြန်လဲထားတဲ့ စာရွက်စာတမ်းတွေကို ပေးကြတာတွေ ရှိပါတယ်။

နှင်းအေးအတွက်လည်း ပတ်စပို့သက်တမ်းတိုးရေးဟာ ရိုးရှင်းတဲ့ကိစ္စ မဟုတ်ခဲ့ပါဘူး။ ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ပညာသင်ယူခွင့်ရလာပြီးနောက် သူမဟာ နိုင်ငံရေးသိပ္ပံကို လေ့လာခဲ့သလို နိုင်ငံတကာ ပညာရှင်တွေ၊ သုတေသီတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးပွဲတွေ၊ ညီလာခံတွေမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ မြန်မာပတ်စပို့ သက်တမ်းကုန်ဆုံးမယ့်အချိန် နီးကပ်လာတာကြောင့် စိုးရိမ်မှုတွေ ဆက်ရှိနေခဲ့ပါတယ်။

မိသားစုကလည်း နေရပ်မှာ အခက်အခဲတွေ ကြုံနေရပေမဲ့ သူမမှာ ပုံမှန်ဝင်ငွေမရှိတဲ့အတွက် ကူညီပေးနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ USAID ပညာသင်ဆုကနေတစ်ဆင့် ပညာရေးနဲ့ နေထိုင်စရိတ် အချို့ကို အထောက်အပံ့ရခဲ့ပေမဲ့ ပတ်စပို့ပြဿနာကိုတော့ ကိုယ်တိုင် ဖြေရှင်းရဆဲ ဖြစ်ခဲ့ပါတယ်။

အဲဒီကာလအတွင်း ပတ်စပို့စည်းမျဉ်းတွေ မကြာခဏ ပြောင်းလဲနေသလို ဖြစ်နေခဲ့ပြီး လက်တွေ့အခြေအနေတွေကလည်း တရားဝင်ထုတ်ပြန်ချက်တွေနဲ့ မကိုက်ညီတာတွေ ရှိခဲ့ပါတယ်။ သူမနဲ့အတူ လေ့လာနေတဲ့ ကျောင်းသားတစ်ဦးက ပတ်စပို့သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် ပွဲစားတစ်ဦးနဲ့ ချိတ်ဆက်ပေးခဲ့ပေမဲ့ CDM ပါဝင်သူတစ်ဦးဖြစ်တာကြောင့် အမှုက ပိုမိုရှုပ်ထွေးနိုင်ကြောင်း သတိပေးခံခဲ့ရပါတယ်။

နောက်ဆုံးမှာ နှင်းအေးဟာ ပွဲစားခနဲ့ ခရီးစရိတ်အတွက် ငွေချေးယူပြီး ကြိုးစားခဲ့ပါတယ်။ သို့သော် ပထမဆုံးကြိုးပမ်းမှုမှာ အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ သံရုံးဘက်က သူမရဲ့ အခြေအနေကြောင့် ပတ်စပို့သက်တမ်းတိုးပေးဖို့ ထိုင်းမှာ မဖြစ်နိုင်ကြောင်း ပြောခဲ့ပြီး၊ ဆက်လက်ပညာသင်ယူလိုပါက ပညာရေးအတွက် ပတ်စပို့အမျိုးအစားကို လျှောက်ထားရန်နှင့် မြန်မာနိုင်ငံသို့ ပြန်သွားရမည်ဟု ဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာ သတင်းသမားတစ်ဦးကတစ်ဆင့် အရေးကြီးအမှုတွေ ကိုင်တွယ်‌လေ့ရှိတဲ့ ပွဲစားတစ်ဦးနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။ အဲဒီပွဲစားက တရားဝင်နည်းလမ်းနဲ့ ပတ်စပို့သက်တမ်းတိုးပေးနိုင်ကြောင်း ပြောခဲ့ပေမဲ့ တောင်းတဲ့ငွေပမာဏက ဒေါ်လာထောင်ချီရှိတာကြောင့် နှင်းအေးအတွက် မတတ်နိုင်တဲ့ ပမာဏဖြစ်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေက မြန်မာနိုင်ငံသားအများအပြား ဘာကြောင့် ပွဲစားကွန်ရက်တွေကို အားကိုးနေရသလဲ ဆိုတာကို ပြသနေပါတယ်။ တချို့အေးဂျင့်တွေဟာ ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးစနစ် ထဲမှာ လူတွေကို လမ်းညွှန်ပေးတဲ့ ဝန်ဆောင်မှုပေးသူတွေ ဖြစ်ပေမဲ့၊ တချို့ကတော့ စိုးရိမ်နေတဲ့ ပြည်ပရောက်သူတွေရဲ့ အခက်အခဲကို အမြတ်ထုတ်အသုံးချကြပါတယ်။

သမိုင်းကြောင်းအရလည်း နိုင်ငံကူးလက်မှတ်တွေကို လူတွေရဲ့ သွားလာခွင့်ကို ထိန်းချုပ်ဖို့ အသုံးပြုခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကာလအတွင်း ရွှေ့ပြောင်းသွားလာမှုကို စောင့်ကြည့်ဖို့ စတင်အသုံးပြုခဲ့တဲ့ စနစ်တွေဟာ နောက်ပိုင်းမှာ အာဏာရှင်အစိုးရတွေက နိုင်ငံရေးအရ မလိုလားသူတွေကို ကန့်သတ်ထိန်းချုပ်ဖို့ အသုံးချခဲ့ကြပါတယ်။

ဒါကြောင့် ယနေ့မြန်မာနိုင်ငံမှာ ပတ်စပို့ဟာ ခရီးသွားခွင့်ပေးတဲ့ စာရွက်စာတမ်းတစ်ခုသာ မဟုတ်တော့ဘဲ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လှုပ်ရှားခွင့်တွေကိုပါ သက်ရောက်စေနိုင်တဲ့ အသုံးချခံ တစ်ခု ဖြစ်လာနေပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားအချို့ဟာ ပတ်စပို့သက်တမ်းတိုးတဲ့အချိန်မှာ ငြင်းပယ်ခံရမှာကို စိုးရိမ်တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ စစ်အုပ်စုကို ပွင့်ပွင့်လင်းလင်း ဝေဖန်တာ၊ ရန်ပုံငွေရှာပွဲတွေ၊ ဆန္ဒပြပွဲတွေလို စောင့်ကြည့်ခံရနိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တာတွေကို စိုးရိမ်လာကြပါတယ်။ သံရုံးကို ပုံမှန် ဝန်ဆောင်မှုရယူဖို့ သွားရောက်ခြင်းတောင် ကိုယ့်ရဲ့အချက်အလက်တွေစောင့်ကြည့်ခံရနိုင်တဲ့အခြေအနေတစ်ခုဖြစ်လာနေပါတယ်။

ဒီလို နိုင်ငံသားအထောက်အထားတွေကို ထိန်းချုပ်ရေးအတွက် အသုံးချခဲ့တဲ့ ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာလည်း ၁၉၄၀ နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေက မက်ကာသီခေတ် (McCarthy Era) လို့ လူသိများတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး စွပ်စွဲမှုများ ပြင်းထန်ခဲ့သည့် ကာလအတွင်း၊ ကွန်မြူနစ်ဝါဒနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူတွေ၊ နိုင်ငံရေးအမြင်မတူသူတွေရဲ့ ပတ်စပို့တွေကို ပယ်ဖျက်ခြင်း၊ ထုတ်ပေးရန် ငြင်းဆိုခြင်းတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ လူမည်းတေးသံရှင် ပေါလ် ရော့ဘ်ဆန်ဟာလည်း နိုင်ငံရေးအမြင်ကြောင့် ၁၉၅၀ ခုနှစ်မှာ ပတ်စပို့ သိမ်းဆည်းခံခဲ့ရပြီး တရားရုံးဆုံးဖြတ်ချက်ကြောင့် နှစ်အတော်ကြာပြီးမှ ပြန်လည်ရရှိခဲ့ပါတယ်။

မကြာသေးမီနှစ်တွေမှာလည်း ဘီလာရုစ်နဲ့ အီရီထရီးယားလို နိုင်ငံတွေမှာ အစိုးရက ပတ်စပို့စနစ်ကို နိုင်ငံရေးအတိုက်အခံတွေကို ဖိအားပေးဖို့ အသုံးပြုခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ပြည်ပရောက် အတိုက်အခံတွေရဲ့ ပတ်စပို့တွေကို ပယ်ဖျက်ခြင်း၊ နိုင်ငံသားတွေကို ထွက်ခွာခွင့် ကန့်သတ်ခြင်းတွေဟာ အာဏာရှင်စနစ်တွေမှာ တွေ့ရလေ့ရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အလားတူပဲ ပြည်ပရောက်သူတွေအတွက် ပတ်စပို့သက်တမ်းတိုးရေးဟာ နိုင်ငံရေးဖိအားတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ အမေရိကန်ရောက် မြန်မာအရေးလှုပ်ရှားသူတစ်ဦးက စည်းမျဉ်းအသစ်တွေဟာ ပြည်ပရောက်သူတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနဲ့ လှုပ်ရှားခြင်းတွေမှာပင် စိုးရိမ်ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာစေပြီး၊ မိမိကိုယ်တိုင် မပါဝင်ရဲတော့တဲ့ အခြေအနေသို့ ရောက်ရှိစေတယ်လို့ ပြောပါတယ်။

“ပတ်စပို့မရှိရင် နေထိုင်နေတဲ့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးပြဿနာတွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ ပတ်စပို့သက်တမ်းတိုးဖို့ ကြိုးစားရင်လည်း မြန်မာနိုင်ငံကို ပြန်သွားရပြီး အန္တရာယ်ကြုံရနိုင်တယ်” လို့ သူမက ပြောပါတယ်။

စစ်အုပ်စုဟာ သံသယရှိတဲ့ အတိုက်အခံတွေကို ပတ်စပို့သက်တမ်းတိုးပေးဖို့ ငြင်းဆိုပြီး မြန်မာနိုင်ငံ ပြန်လာကာ ဖြေရှင်းဖို့ ဖိအားပေးလေ့ရှိပါတယ်။ စစ်အုပ်စုဘက်ကတော့ ဒါကို “ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ လမ်းဖွင့်ပေးထားခြင်း” လို့ ပြောဆိုပေမဲ့ အများစုကတော့ ယုံကြည်စရာ မရှိပါဘူးလို့ ဆိုကြပါတယ်။

၂၀၂၆ ခုနှစ် အစောပိုင်းမှာတော့ နှင်းအေးရဲ့ ဘဝဟာ ပိုမိုကျဉ်းကျပ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေကိုတောင် ဖတ်ဖို့ ကြောက်လာခဲ့ပြီး လူများတဲ့နေရာတွေကို ရှောင်ကာ တဖြည်းဖြည်း သီးခြားနေထိုင်လာခဲ့ပါတယ်။ သူမရဲ့ အကြီးမားဆုံး စိုးရိမ်မှုကတော့ နေထိုင်ခွင့်ဆုံးရှုံးပြီး အိမ်ရှင်ကနေ ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ USAID အထောက်အပံ့အစီအစဉ်တွေ လျှော့ချခံရတာကလည်း သူမရဲ့ဘဝကို ထပ်မံထိခိုက်စေခဲ့ပါတယ်။ ပညာသင်ဆုကနေ ရရှိခဲ့တဲ့ ဗီဇာကြေး၊ ကျန်းမာရေးအာမခံနဲ့ နေထိုင်စရိတ်အကူအညီတွေ မရတော့တာကြောင့် မြန်မာစာသင်ပေးခြင်း၊ အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်ခြင်းလို အလုပ်ငယ်တွေ လုပ်ကိုင်ပြီး ရပ်တည်နေရပါတယ်။

ဒါပေမဲ့ အခက်အခဲတွေကြားထဲမှာပဲ CDM ပါဝင်ခဲ့တဲ့ သူမရဲ့ ဆုံးဖြတ်ချက်ကို နောင်တမရဘူးလို့ နှင်းအေးက ပြောပါတယ်။ တစ်ချိန်တည်းမှာတော့ အဲဒီလို ဆုံးဖြတ်ချက်မချနိုင်ခဲ့သူတွေရဲ့ အခက်အခဲကိုလည်း ပိုမိုနားလည်လာပြီလို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ ပတ်စပို့သက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းအလိုမှာ သူငယ်ချင်းတစ်ဦးရဲ့ အကူအညီနဲ့ ဒေါ်လာထောင်ချီကုန်ကျတဲ့ ပွဲစားဝန်ဆောင်မှုကို အသုံးပြုပြီး ပတ်စပို့သက်တမ်းတိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပတ်စပို့ရဲ့ နောက်ကွယ်က လုပ်ငန်းစဉ် ဘယ်လောက်အထိ လုံခြုံပြီး တရားဝင်သလဲဆိုတာ သူမကိုယ်တိုင်တောင် အပြည့်အဝ မသေချာပါဘူး။

သေချာတာတစ်ခုကတော့ စစ်အုပ်စု အာဏာရှိနေသရွေ့ သူမအတွက် ပတ်စပို့ဟာ နေရပ်ပြန်ဖို့ လမ်းညွှန်ပေးမယ့် စာအုပ်တစ်အုပ် မဟုတ်တော့ပါဘူး။ အဲဒီအစား ပြည်ပမှာ မိမိဘဝကိုဆက်လက်တည်ဆောက်နိုင်ဖို့၊ မသေချာတဲ့ အနာဂတ်ကြားထဲမှာ ကိုင်ဆောင်ထားရတဲ့တစ်ခုတည်းသောအရေးကြီးအထောက်အထားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ။

ကိုးကား – The Dial

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလတွေမှာ ပြည်သူတွေ အပျော်ခရီးသွားကြလာကြတာ နည်းပါးခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် သီတင်းကျွတ်ကာလတွေမှာတော့ ပုံမှန်ကာလလိုပဲ အပျော်ခရီးသွားတာတွေ ပြန်လည်များပြားလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် သီတင်းကျွတ်ကာလမှာလည်း အပျော်ခရီးသွားကြမယ့်သူတွေ စီစဥ်နေကြပြီလို့ သိရတယ်။...

အတွေးအမြင်

မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့...

သတင်း

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank - ADB)ကထုတ်ပြန်ပါတယ်။

Facebook