အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန်ဟာ တိုကျိုမြို့တော် တဝိုက် လူနေထူထပ်ရာ ဧရိယာတွေနား ပစိဖိတ် သမုဒ္ဒရာ ရေပြင်ကို ဖြတ်သန်းသွားမယ်လို့ ဂျပန် မိုးလေဝသ အေဂျင်စီ (JMA)က ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ တောင်ဖက်ကနေ မြောက်ဖက်ကို ရွေ့လျားလာပေမယ့် ဂျပန်ကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်တာမျိုး မဟုတ်ဘဲ ကမ်းရိုးတန်းနဲ့အပြိုင် အရှေ့မြောက်ဖက်ကို လမ်းကြောင်းပြောင်းသွားဖွယ် ရှိနေပါတယ်။
မုန်တိုင်းကြောင့် ကန်တိုနဲ့ တခြား ဂျပန်အရှေ့ပိုင်း ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်ပြီး နောက်ဆက်တွဲ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေကို ထုတ်ပြန်ထားလိုက်တာ ဖြစ်ပါတယ်။ မုန်တိုင်း ချဉ်းကပ်လာချိန် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျပန်ရဲ့ တချို့နေရာတွေမှာ မိုးရေချိန် ၃၀၀ မီလီမီတာလောက်ထိ ရွာသွန်းခဲ့ပါတယ်။
မုန်တိုင်းဟာ ဂျပန် ကမ်းရိုးတန်းဆီ တိုက်ရိုက် ကုန်းတွင်းမဝင်ရောက်တဲ့တိုင်အောင် ကမ်းရိုးတန်းနဲ့ အနီးကပ် အပြိုင်အနေအထား ရွေ့လျားမှုကြောင့် စက်တင်ဘာ ၂၁ ရက်နေ့မှာ မိုးရွာသွန်းမှုတွေ ပိုဆိုးလာနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

Public Service Announcement
ဂျပန်နိုင်ငံ အလယ်ပိုင်း၊ အိုင်ချီမြို့မှာ ကျင်းပနေတဲ့ အာရှ အားကစား ပွဲတော်ရဲ့ သုံးမျိုးရော မြင်းစီးပြိုင်ပွဲ တစ်ခုကို ရက်ရွှေ့ထားခဲ့ရပါတယ်။
အာဏာပိုင်တွေက ကန်တိုနဲ့ ဂျပန်နိုင်ငံ အလယ်ပိုင်း ဒေသတွေဟာလည်း linear bandsလို့ ခေါ်ဝေါ်ပြီး ကျဉ်းမြောင်းတဲ့ ဧရိယာ တစ်ခုမှာ နာရီပိုင်းလောက် ဆက်တိုက် မိုးသည်းသည်းထန်ထန် ရွာသွန်းတဲ့ မိုးလေဝသ ဖြစ်စဉ်ကြောင့် ရေကြီးမှုတွေ ကြုံလာနိုင်တာကို သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီဖြစ်စဉ်မျိုးဟာ ဂျပန်မှာ မိုးလေဝသဆိုင်ရာ စိုးရိမ်စရာ စိန်ခေါ်မှုသစ် တစ်ခု ဖြစ်လာခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန်ဟာ ဂျပန်တောင်ပိုင်း ရေပြင်မှာ စတင်ဖြစ်ပေါ်လာပြီးနောက် ခပ်မြန်မြန် အားကောင်းလာပြီး ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းဆီ ဦးတည် ရွေ့လျားသွားဖွယ် ရှိနေပါတယ်။
ကိုးကား: Reuters



















































