Connect with us

Hi, what are you looking for?

ဆောင်းပါး

အလွန်ပူတဲ့ ကော်ဖီတစ်ခွက်က ကင်ဆာအန္တရာယ်ကို မြင့်တက်စေနိုင်

အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ကော်ဖီပူပူ တစ်ခွက်ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးထွေးစေသလို သက်တောင့်သက်သာ ခံစားချက်ကိုလည်း ပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုထားပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က နိုင်ငံတကာ ကင်ဆာသုတေသနဂျာနယ် (International Journal of Cancer) မှာ ဖော်ပြခဲ့တဲ့ သုတေသန ရလဒ် တစ်ခုအရ ဘာသောက်စရာမျိုးမဆိုအလွန်ပူပြင်းစွာသောက်သုံးခြင်းဟာ အစာရေမြိုပြွန် (လည်ချောင်းမှ အစာအိမ်သို့ ဆက်သွယ်ထားသော အစာချေလမ်းကြောင်း အစိတ်အပိုင်း) ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေကြောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။

သန္တာဖြူ ရေးသားသည်။

အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ကော်ဖီပူပူ တစ်ခွက်ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးထွေးစေသလို သက်တောင့်သက်သာ ခံစားချက်ကိုလည်း ပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုထားပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က နိုင်ငံတကာ ကင်ဆာသုတေသနဂျာနယ် (International Journal of Cancer) မှာ ဖော်ပြခဲ့တဲ့ သုတေသန ရလဒ် တစ်ခုအရ ဘာသောက်စရာမျိုးမဆိုအလွန်ပူပြင်းစွာသောက်သုံးခြင်းဟာ အစာရေမြိုပြွန် (လည်ချောင်းမှ အစာအိမ်သို့ ဆက်သွယ်ထားသော အစာချေလမ်းကြောင်း အစိတ်အပိုင်း) ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေကြောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဒီသုတေသနသစ်မှာ ဗြိတိန်နိုင်ငံရှိ လူကြီး ၁ သန်းနီးပါးရဲ့ ရေနွေးကြမ်းနဲ့ ကော်ဖီသောက်သုံးမှု အလေ့အထဆိုင်ရာ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာထားတာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သောက်စရာကို “နွေးရုံ”ထက် “ပူပူ”သို့မဟုတ် “အလွန်ပူ”သောက်ရတာကိုကြိုက်နှစ်သက်သူတွေမှာ “squamous-cell carcinoma” လို့ခေါ်တဲ့ အစာရေမြိုပြွန်ကင်ဆာ အမျိုးအစား ဖြစ်ပွားနိုင်ခြေ ပိုမြင့်မားကြောင်း တွေ့ရှိခဲ့ရပါတယ်။

“အလွန်ပူ”သောရေနွေးကြမ်းသို့မဟုတ် ကော်ဖီကို သောက်သုံးသူတွေမှာအဲဒီကင်ဆာ ဖြစ်ပွားနိုင်ခြေက ၃ ဆအထိ မြင့်မားခဲ့ပြီး “ပူပူ” သောက်သူတွေမှာတော့ အနည်းငယ်သာ ပိုများခဲ့ပါတယ်။ အကယ်၍ အလွန်ပူပြင်းစွာ သောက်သုံးသူ အားလုံးက အပူချိန်ကို “ပူရုံ” အထိ လျှော့ပြီး သောက်သုံးမယ်ဆိုရင် ဗြိတိန်မှာ တစ်နှစ်လျှင် လူပေါင်း ၃,၂၀၀ အနက် ၄၄၀ ခန့်ကို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်မယ်လို့ သုတေသနက ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီရလဒ်တွေဟာ ရေနွေးကြမ်းဖြစ်စေ၊ ကော်ဖီဖြစ်စေ၊ နို့ထည့်ထားတာဖြစ်စေ မတူညီပေမယ့် အဖြေကတော့ အတူတူပဲ ဖြစ်ခဲ့ပါတယ်။ ဆိုလိုတာက သောက်စရာထဲမှာ ဘာပါဝင်တယ်ဆိုတာထက် သောက်စရာရဲ့ အပူချိန်ကသာ ပိုအရေးကြီးတာ ဖြစ်ပါတယ်။ ကမ္ဘာ့အခြားနေရာတွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာလည်း အစိမ်းရောင်လက်ဖက်ရည် (Green tea) နဲ့ မာတေး (Mate – တောင်အမေရိကတွင် ရေပန်းစားသော ဆေးဘက်ဝင် အပူသောက်စရာ) အပါအဝင် အခြား ပူပူလောင်‌လောင် သောက်စရာတွေဟာ အစာရေမြိုပြွန်ကင်ဆာနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိထားပါတယ်။

၂၀၁၆ခုနှစ်မှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအေဂျင်စီ (IARC) က အလွန်ပူသော သောက်စရာတွေ သောက်သုံးခြင်းကို “ကင်ဆာဖြစ်စေနိုင်ခြေရှိသော အရာများ” (probably carcinogenic) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီသဘောက အပြည့်အဝ အတည်မပြုနိုင်သေးပေမယ့် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ခိုင်လုံစွာ ရှိနေပြီဆိုတာ ဖြစ်ပါတယ်။

လူတွေနဲ့ သုတေသန ပြုလုပ်ထားတဲ့ လေ့လာမှုတွေက စောင့်ကြည့်မှု ဒေတာတွေအပေါ် အခြေခံထားတာဖြစ်လို့ ကင်ဆာနဲ့ ဆက်စပ်မှုကို တိုက်ရိုက်အကြောင်းရင်းအဖြစ် အပြည့်အဝ သက်သေမပြနိုင်သေးပါဘူး။ ဒါပေမဲ့ တိရစ္ဆာန်တွေနဲ့ ပြုလုပ်ထားတဲ့ သုတေသနတွေကလည်း အလားတူ ရလဒ်တွေကို ညွှန်ပြနေပါတယ်။

ဒါဆို ဘယ်လောက်အပူချိန်ဆိုရင် အလွန်ပူလွန်းတာလဲ။ IARC က သိပ္ပံနည်းကျ သက်သေ အထောက်အထားတွေကို သုံးသပ်ခဲ့တဲ့အခါ ရရှိနိုင်တဲ့ ဒေတာတွေအရ သောက်စရာအပူချိန် 65°C အထက်မှာ ကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်တက်လာကြောင်း ဖော်ပြထားပါတယ်။

ဗြိတိန် သုတေသနသစ်မှာတော့ သောက်စရာတွေရဲ့ အပူချိန်ကို တိတိကျကျ မတိုင်းတာခဲ့ဘဲ ပါဝင်သူတွေကို ကိုယ်ပိုင်အမြင်အရ “နွေးရုံ၊ ပူပူ၊ အလွန်ပူ” ဆိုပြီးသာ အကဲဖြတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ အခြားသုတေသနတွေမှာတော့ ဗြိတိန်နဲ့ အမေရိကတို့မှာ ပုံမှန်အပူသောက်စရာတွေရဲ့ အပူချိန်ဟာ 60°C ဝန်းကျင် ရှိကြောင်း တွေ့ရှိထားပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ သောက်စရာကို “နွေးရုံ” သောက်တယ်လို့ ပြောတဲ့သူတွေဟာ အဲဒီထက် ပိုအေးတဲ့ အပူချိန်မှာ သောက်သုံးနေကြတာ ဖြစ်နိုင်ပါတယ်။

သုတေသနစာတမ်းကို ပြုစုတဲ့ အောက်စဖို့ဒ်တက္ကသိုလ်မှ ဂျီးလ် ရီးဗ်စ် (Gill Reeves) က “အဓိက ပြောချင်တဲ့အချက်ကတော့ သောက်စရာ အပူချိန် နည်းလေလေ၊ ပိုကောင်းလေလေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

အပြင်ကဝယ်လာတဲ့ ကက်ပချီနို (Cappuccino) ခွက်ထဲကိုသာမိုမီတာထည့်ပြီး အပူချိန်တိုင်းဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလိုဘေးကလူတွေကလည်း အံ့ဩစွာ ကြည့်နေနိုင်ပါတယ်။ဒါကြောင့်အလွယ်ဆုံးနည်းကတော့သောက်စရာကိုအေးသွားအောင် ခေတ္တစောင့်ပြီးမှ သောက်တာပဲ ဖြစ်ပါတယ်။

ဘယ်လောက်ကြာကြာစောင့်ရမလဲဆိုရင် “ကော်ဖီကျွမ်းကျင်သူများအဖွဲ့ (SCA)” အသုံးပြုတဲ့ “ ကော်ဖီအရသာ စမ်းသပ်အကဲဖြတ်နည်းစနစ် (Cupping Protocol)” ကို နမူနာယူနိုင်ပါတယ်။ ကော်ဖီမှုန့်ကို ၄ မိနစ်ခန့် ရေနွေးနဲ့ ပေါင်းစပ်ပြီးနောက် ကျွမ်းကျင်သူတွေဟာ ၈ မိနစ်ကနေ ၁၀ မိနစ်အထိ စောင့်ဆိုင်းပြီးအနံ့ခံကြပါတယ်။အဲဒီအချိန်မှာကော်ဖီအပူချိန်ဟာ 70°C ဝန်းကျင်အထိ ကျဆင်းလာပြီး ဇွန်းနဲ့ ပထမဆုံး စတင်မြည်းစမ်းဖို့ သတ်မှတ်ထားတဲ့ အပူချိန် ဖြစ်ပါတယ်။ အဲဒီနောက် နောက်ထပ် ၅ မိနစ်ကနေ ၈ မိနစ်အထိ ထပ်စောင့်လိုက်ရင် ကော်ဖီအပူချိန်ဟာ 55°C ဝန်းကျင်အထိ ကျဆင်းသွားပါတယ်။

ကော်ဖီကျွမ်းကျင်သူတွေရဲ့ အဆိုအရ 55°C ဝန်းကျင်ဟာကော်ဖီရဲ့အရသာနဲ့ အနံ့ကို အကဲဖြတ်ဖို့ အကောင်းဆုံး အပူချိန် ဖြစ်ပါတယ်။ အကယ်၍ အချိန်မအားဘဲ ကဖိန်းဓာတ် မြန်မြန်ရချင်တယ် ဆိုရင်တော့ ရေအေး ဒါမှမဟုတ် ရေခဲသေတ္တာထဲက နို့အေးနည်းနည်း ထည့်သောက်တာက ပိုအဆင်ပြေပါလိမ့်မယ်။

ကိုးကား – The Economist, International Journal of Cancer

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

ဆောင်းပါး

ကင်ဆာနဲ့ပတ်သက်ရင်ကျွန်တော်တို့ဆီ ရောက်လာတတ်တာက သတင်းဆိုးချည်းဖြစ်ပါတယ်။ ဘယ်သူကတော့ ဘယ်ကင်ဆာအမျိုးအစားနဲ့ ဘာဖြစ်နေပြီဆိုတာမျိုးပေါ့။ အဲဒီထက်ဆိုးတဲ့သတင်းဆိုရင်တော့ လပိုင်းပဲခံတော့မယ်၊ ရက်ပိုင်းပဲခံတော့မယ်၊ သေသွားပြီဆိုတဲ့သတင်းမျိုးကြားကြရပါမယ်။

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။