Connect with us

Hi, what are you looking for?

ကဗျာ

‘အိမ်ပစ်ရွာပြေး’

အနှစ်သုံးဆယ်
ဘာများရခဲ့သလဲ
ရွာကိုပြန်လာတော့
ရွာကမရှိတော့သလောက်ဖြစ်နေပြီ

ဟာရှိန်း

အနှစ်သုံးဆယ်
ဘာများရခဲ့သလဲ
ရွာကိုပြန်လာတော့
ရွာကမရှိတော့သလောက်ဖြစ်နေပြီ
ဟောဒီမှာလမ်း၊ဟောဒီမှာကျောင်း
ဟောဒီမှာ စပါးကျီတိုက်
မှတ်ဥာဏ်ကို မနည်းပြန်ခေါ်ရတယ်
ဘာမှမရှိတော့ပဲလေ။

ထင်းရှူးအတွင်းသားတွေဆီကလာတဲ့ရနံ့
တောင်ယာမြေသင်းနံ့
နှပ်တွဲလောင်းကလေးတယောက်ရဲ့
ဖြူစင်သော ရနံ့
ခြေရာတွေပြန်ကောက်တော့
​ဆူးခြုံတွေကြား အုတ်အကျိုးအပျက်ပုံတွေ
ခင်တန်းသွယ်ပေါ် သပ္ပါယ်စွာကိန်းဝပ်တော်မူတဲ့
ထိုင်တော်မူရုပ်ပွားတော်ဟာ
ငါ့ကို နားလည်သနားစွာကြည့်တော်မူ
အနှစ်သုံးဆယ် သင်ပျောက်ခဲ့တာလို့ အပြစ်တင်တော်မမူပုံပါပဲ။

တောနဲ့တောင်
တိမ်နဲ့မှိုင်း
အခုတော့ ဝဥခင်းတွေချည်း
ကမ္ဘာမြေဟာ
သက်သတ်လွတ်တကယ်ကြိုက်သလား
​ရှေးကအတိုင်း သစ္စာပန်းတွေမိုးဦးကျလို့
တချို့နေရာတွေမှာ
နနွင်းတက်တွေ နနွင်းနက်တွေ
ထိုးထိုးထောင်ထောင် စိမ်းလန်းလို့
နောက်ကျခဲ့သူကို မမေ့မလျော့ကြိုဆိုနေကြတာလား။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်ရင်း မျက်ရည်တွေ့မိတဲ့နေ့များပါပဲ
ကိုယ့်ကိုယ်ကို ပြန်ရှာနေရတဲ့နေ့များပါပဲ
ခမ်းနားကြီးကျယ်ခဲ့သော
ငါးကန်တွေ ရေခန်းသွားတော့မှ
ရေနည်းငါးတကောင်လို
ငါတို့ပျံလာ ပြန်ရောက်ကြပုံတွေ
အသွေးနဲ့အသားနဲ့တော်လှန်ရေးကြီးမှာ
အသိုက်ကိုပြန်လာတဲ့ ငါတို့ဖြစ်အင်တွေ
အနှစ်သုံးဆယ် ဘယ်များရောက်နေခဲ့သလဲ
အခု
တော်လှန်ရေးကိုအပါခေါ်ပြီး
အိမ်ကိုပြန်ရောက်လာခဲ့ပြီ
ဒါနဲ့….
ငါတို့အိမ်ကဘယ်မှာပါလဲ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ဟာရှိန်း’
​​ရေးဖွဲ့တဲ့ “အိမ်ပစ်ရွာပြေး” ကဗျာကို
People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ
ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ