ခွန်းနီ
မလွယ်ဘူးဆိုတဲ့အရာတွေ
လွယ်လွယ်ကူကူနဲ့ငါတို့ဆီရောက်လာ
မထင်ဘူးဆိုတဲ့ဓားများ
ငါတို့ကျောများအား
သစ္စာတရားဆိုပြီးထိုးသွားကြ
နာလွန်းလို့
နာဖို့မေ့နေခဲ့။
အလစ်ဝင်လာတတ်တဲ့
လက်သီးပုန်းများအား
ငါတို့ပြုံးပြုံးကြီးခံခဲ့
တစ်ခါတစ်လေ သိသိကြီးနဲ့ခံခဲ့
နာလွန်းလို့
နာဖို့မေ့နေခဲ့။
နောင်တ ရမိရင်
အလိုလိုရှုံးမဲ့ညများမှာ
ယုံကြည်ချက်နဲ့မိုးလင်းခဲ့တယ်
အလင်းရောင်ကိုမြင်ဖူးတော့
ဒဏ်ရာစူးစူးများဟာပိုနက်လာ
နာလွန်းလို့
နာဖို့မေ့နေခဲ့။

Public Service Announcement
လက်ချောင်းတွေအားထည့်ပြီးစုမှ
လက်သီးဆုပ်ဖြစ်လာမှာ
တစ်ချောင်းချင်းလိမ်ချိုးခံခဲ့ရတဲ့အိမ်မက်များ
ထပ်မမက်ပါရစေနဲ့
နာလွန်းလို့ပါ
ဒါတော့သေတောင်မမေ့ဘူး
နာလွန်းလို့ကို မမေ့ရက်ခဲ့ဘူး
ငါတို့မှာနာလွန်းလို့
မမေ့ခဲ့ကြဘူး။ ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရေးဖွဲ့တဲ့ “နာလွန်းလို့” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































