Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘အလွမ်းတွေချည်း’

◼️ဆောင်းသွေးရင့်

လူတယောက် ကျနော့်ဆီ မက်ဆေ့ပို့ခဲ့ဖူးတယ်။

သစ်လုံးခုံတခုတွင် ထိုင်ရင်း ထွက်ခါနီး ကားတစီးကို လက်ပြမိပါသည်။ ဝင်လာသော ဆိုင်ကယ် အပြာရောင်အား လိုက်ကြည့်ရင်း ရေခဲ့မုန့်ပါလာကြောင်းသိလိုက်၏။ ကလေးများ၏ ဆူညံသံကို ကြားမိပါသည်။ ကျွဲကောသီးသေးသေးလေးတပင်ရဲ့အောက်တွင် ရခိုင်မုန့်တီအိုးက မီးဖိုပေါ်၌ ဆူပွက်နေပါသည်။ ဆစ်ကနယ်နှင့် ဖေ့ဘွတ်မက်ဆင်ဂျာမှ ရောက်လာသော မက်ဆေ့များကို နိုတီဘားမှ ဖယ်ရှားလိုက်ပါသည်။

ဖတ်ရမည့် အရာများသည် မောပန်းရတယ်။

Public Service Announcement

Public Service Announcement

အရိုးပေါ်အရေတင်နေသည့် ခွေးပေါက်စ တကောင်အား ပြုံးပြလိုက်၏။ ကလေးတဦး ကျနော့်ကို ရေခဲမုန့်ရောက်လာကြောင်း လှမ်းအော်ပြော၏။ ကလေးတဦးက စတော်ဘယ်ရီ ရေခဲ့မုန့်ကို ဝေဖာကန်တော့ထဲထည့်ကာ လာပို့၏။ ကျနော် ငယ်ငယ်ကတည်းက ရေခဲမုန့်အား ဝေဖာကန်တော့ဖြင့်သာ ကြိုက်ခဲ့သော်လဲ ဝယ်မစားနိုင်ပေမဲ့ အခုအရွယ်တွင် ပေါများစွာရှိနေသော စတော်ဘယ်ရီ ဝေဖာရေခဲမုန့်များအကြောင်း ဝေမျှရန် တဦးတယောက်ဆီ မက်ဆေ့ပို့စရာ လူမရှိဘူးဆိုတာ ကျနော့်ကိုယ် ကျနော်သိပါကြောင်း တယောက်ယောက်ကို ပြောပြချင်မိ၏။

ထိတွေ့စရာ ဘာမျှမရှိခဲ့။

ထိုင်နေရင်း ပြုံးပြစရာ ခွေးနှစ်ကောင်တိုးလာပြီ။ တခြမ်းကိုက်ထားသော စတော်ဘယ်ရီ ရေခဲမုန့် အရည်ပျော်စပြုနေပြီ။ မနက်ကတည်းက ရန်လုပ်ခြင်းခံနေရသော ကြက်တအုပ် ကျနော်ရှိရာဘက် ပြေးလာနေပြီ။ လေသည် အေးမြစွာတိုက်သော်လည်း နောက်ကျောတွင် နေဒဏ်ပူလွန်းနေပါပြီ။ သစ်ဖြတ်လွှသံသည် ဒီရာသီမှာ ပိုဆူညံလွန်းလှကြောင်း တယောက်ယောက်ကို ရင်ဖွင့်ချင်လှပြီ။ “စတော်ဘယ်ရီဝေဖာရေခဲမုန့်” စားမလား၊ မစားဘူးလား ဟူသည့် အပြန်အလှန်ပြောသံများကြားနေရပြီ။ မရှိပေမဲ့ ဝယ်ခဲ့ရတာနော်။ ‘ငါ ဘယ်လောက် ဝမ်းနည်းသွားရမလဲ’ ဆိုသော စကားသည် နားထဲဝင်စွဲသွားပြီ။ ကျနော်တို့ စိတ်ထဲကနေ ဘဝဆီသို့ အော်ဟစ်ရပါမည်။ “ချို့တဲ့နိုင်သည့် ချစ်ခြင်းမေတ္တာတရားကို ရှိစုမဲ့စုနဲ့ ရှာခဲ့ရကြောင်း” ကျနော်တို့မှာ ပြောခွင့်ရှိလာပါအုံးမလား။

ပြောခဲ့သော စကားလုံးများကဲ့သို့ ကြွေလွင့်နေသော။

မနေ့ညက ရောက်မလာသော ဘီယာအစား ကျွဲကောပင်လေးအောက်က ရခိုင်မုန့်တီတပွဲသောက်မိပါသည်။ မွန်း ဟု လှပစွာ အမည်ပေးထားသော ခွေးကလေးတကောင်အား လှမ်းကြည့်ရင်းလီလီဆိုသည့် ခွေးကလေးအား သတိရမိပါသည်။ ကြွက်ကြွက်သည် မအပျိုကြီးအား သတိမရတော့။ သူ့အဖေကိုကျော် ပြန်ရောက်ပီးနောက်ပိုင်း အိပ်ယာထက်တွင်သာ ခေါင်းတင်အိပ်မောကျနေပြီ မဟုတ်လား။ Grandson မပြန်နဲ့ဦးဟု ပြောနေသော ကိုကျော်အသံသည် မနက်တတည်းက သူ့မြေးအားလိုက်ရှာနေသော အဖိုးအသံ စစ်စစ်ဖြစ်ပါသည်။ (ကျနော်တို့အားလုံးရဲ့ အဖိုးကရော ကျနော်တို့ ပျောက်နေခြင်းကိုကြည်နူးစွာ လိုက်ရှာနေမလား)။

အူနဲ၏ ဥနှစ်လုံးပျောက် အရေးတော်ပုံပြီးနောက် ကြောင်ကလေးကောက်ကောက် ပျောက်နေပါသည်။ အူနဲသည် ရေကပျင်အေးသောနေရာတွင် ပျင်းရိစွာလှဲလောင်းရင်း နွေဦးကို မျှော်နေပုံရ၏။ သူ့အမေစကားကို နွေဦးလောက် နားမထောင်တော့ပါ။ မိသက်သည် ဆိတ်ပေါက်လေးချီလာရင်း ကျနော့်အား ပြုံးပြုံးကြီး ကြည့်နေပါပြီ။ ကောက်ကောက်အတွက် ခေါက်ဆွဲလေးတွေ ပြုတ်ရဦးမယ် မဟုတ်လား။ D-day အား ကျနော်တို့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့။

ဒီဒေး အမေ အိမ်သာတွင် ချိတ်ဆွဲထားသော “အိမ်သာတက်လျှင် ဖိနပ်လဲပါရန်။ မလဲလျှင် ဟိုဘက်မှာသွားတက်ပါရန်” စာသားဖတ်အပြီး ဟိုဘက်အား ကျနော် လိုက်ရှာမိနေပါသည်။ Penny နှင့် တာတူးဖိုးမူ ဆိုသည့်ခွေးကလေးတွေကို တွေ့လိုတွေငြား။ ကျားပေါက်အား မြင်လိုမြင်ညား။ အမှန်တော့ အဖြူအနက်ကာလာရောသော လက်ကီးဆိုသည့် ကြောင်တကောင် တညလုံး မျက်ခြေမပြတ် ရွန်းရွန်းစားစား စောင့်ကြည့်ခံနေရသည့် ချစ်ခြင်းတရားအပြီးမှာ ချစ်ခြင်းကို ကြောက်ရွံ့နေသူဖြစ်ပါသည်။

ချစ်ခြင်း၏ အဝေးမှာ နေခဲ့မိသော။

ကျနော်။

ကျနော်၏။

ကျနော်သည်။

ညနေမတိုင်ခင်ကတည်းက ဆရာကြီးသည် လက်ဖက်ရည်သောက်ရန် ထွက်သွား၏။ ညနေတွင် ရေပိုက်မှတဆင့် ဆေးရုံလေးရှေ့တွင် ရေဖြန်းနေကြပါ။ စကားပန်းဖြူဖြူအပင်လေးသည် ဖြန်းနေသော ရေအောက်တွင် ငြိမ်သက်လို့။ ငြိမ်သက်ခြင်းကို ကျနော် ချစ်ပါသည်။ စကားပန်းဖြူဖြူသည် ကျနော်၏ ချစ်ခြင်းမည်ပါသည်။

ထိုအပင်လေးအောက်တွင် သက်သောင့်သက်သာ လဲလျောင်းနေမည့် လူတယောက်အား ကျနော်သည် လွမ်းဆွတ်နေကြောင်း တယောက်ယောက်ကို ပြောပြချင်နေမိသည်။ အချစ်သည် ဟန်ဆုယဥ် ရေးခဲ့သလို ကြီးကျယ်ခမ်းနားသောအရာ ဖြစ်ကြောင်း။ စစ်ပွဲတခုတွင် ကျနော်တို့ ပြောစရာ စကားလုံးတွေ မြောက်များစွာရှိကြောင်း။ နာကျည်းမူတွေ နာကျင်မူတွေ ခံပြင်းမူတွေဖြင့်သာ လူဘဝဟာ သွားနေရကြောင်း။ အလုပ်လုပ်တော့မည်ဟု ခရာမှုတ်သံထွက်လာပါသည်။ သူတို့အားလုံး တက်ကြွနေ၏။ (သူတို့ကောင်းလို့ သူတို့ဖြစ်ကြောင်းကို နှလုံးသားမရှိသောသူများအား ကျနော်ရှင်းမပြချင်) ဘီယာဘူးအသစ်ဖောက်ကာ”ကျဆုံးခဲ့သော ကျနော့် ညီလေးနဲ့ တော်လှန်ရေးရဲဘော် အားလုံးသို့” ဟုစိတ်ကရေရွတ်လျက် မြေပေါ် ဘီယာတချို့အားလောင်းချလိုက်ပါသည်။ ကျနော်လည်း တက်ကြွရမည် မဟုတ်လား။

အခုတော့ ကားသည် ပြန်လာပါပြီ။ ဘယ်ဘက်နံရိုးထဲက မအိပ်လျှင် အိပ်မပျော်တော့သော အမတယောက်ဆီ မက်ဆေ့ပို့ရဦးမည်။ အိပ်မပျော်သော လူတယောက်သည် ချစ်ခြင်းနဲ့ ထိတွေ့နေခြင်း၊ ရင်ခုန်မျောလွင့်နေခြင်း နဲ့ ယုံကြည်ဆက်လျောက်နေခြင်းဖြစ်သည် ဟု ခံစားရပြီး လူပီသနေခြင်း ဖြစ်ပါသည်။ ကျနော်က အိပ်မပျော်ခြင်းသည် ပုံမှန်ဖြစ်ပြီး အိပ်ပျော်နေခြင်းကသာ ပုံမှန်မဟုတ်ကြောင်း ထိုအမနဲ့ မက်ဆေ့ပို့ရင်း ရန်ဖြစ်ရပါဦးမည်။

ဒီလိုနဲ့ပဲ….

ကျနော်သည် စစ်မြေပြင်မှာ ကျဆုံးခဲ့သည့် လူတယောက်အား သတိရကာ ကြည်နူးချင်မိနေသော လူတယောက်ဖြစ်နေသည် မဟုတ်လား။

ဘီယာတကျိုက်မော့

စီးကရက်ပြာချွေချရင်း

“မင်း”ကို သတိရတယ်။

နောက်ပြီး

ကျနော့်ကို ကျနော်လဲ သတိရနေမိတယ်။

စကားပင်လေး ကျနော့်အား ပြုံးပြ၏။ ထိလိုက်သမျှ အလွမ်းတွေ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​​​​​ဆောင်း​သွေးရင့်’ရေးဖွဲ့တဲ့ “​​အလွမ်း​တွေချည်း” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...