တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်ခဲ့တဲ့ စာမေးပွဲ စာခိုးချမှု အရှုပ်တော်ပုံ တစ်ခုကို အကြောင်းပြုပြီး တောင်ကိုရီးယား ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အဲဒီစာခိုးချမှု အပြီးမှာတော့ အာဏာပိုင်တွေက အရေးပေါ် တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရှုပ်အထွေး အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ အစီအမံတွေဟာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး စာခိုးချမှုတွေကို တားဆီး တိုက်ဖျက်ဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ရုတ်တရက် ပြောင်းလဲတင်းကျပ်လိုက်တဲ့ စစ်ဆေးမှု လုပ်ထုံးလုပ်နည်းတွေက နိုဝင်ဘာ ၁၉ ရက်နေ့၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခဲ့သူ ကျောင်းသူကျောင်းသားတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
ဒီအခြေအနေအတွက် သူ့မှာ အပြည့်အဝ တာဝန်ရှိကြောင်း ဝန်ကြီး ချွိုင်ကျိုဂျင်က ဝန်ခံခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
ပြဿနာရဲ့ အစကတော့ အခွန်စာရင်းကိုင် စာမေးပွဲမှာ တစ်နိုင်ငံလုံး ပထမ ရခဲ့သူ တစ်ဦးက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ မဖြေခင် ၄ ရက်အလိုမှာ သူဟာ စာမေးပွဲကို AI အကူအညီနဲ့ ဖြေခဲ့တာ ဖြစ်တယ်လို့ ဝန်ခံခဲ့ခြင်းပါပဲ။

Public Service Announcement
အသက် ၃၄ နှစ်အရွယ် ဟန်ဝန်ဆော့ခ်က သူဟာ စာမေးပွဲ ဖြေရာမှာ အရမ်းသေးငယ်တဲ့ ကင်မရာ တစ်ခုကို အသုံးပြုပြီး မေးခွန်းတွေကို ဓာတ်ပုံရိုက်၊ အဲဒီနောက် မိုဘိုင်းဖုန်းထဲကနေ AIကို ဖြေဆိုစေခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ မေးခွန်း တစ်ပုဒ်တည်းသာ မှားခဲ့ပြီး တစ်နိုင်ငံလုံး အမှတ်အများဆုံး ရခဲ့တာပါ။
ဒီဖြစ်စဉ် အပြီးမှာတော့ တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ အလားတူ ဖြစ်နိုင်ခြေတွေကို တားဆီးဖို့ အာဏာပိုင်တွေက အပူတပြင်း တုံ့ပြန်ခဲ့ပါတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ ခန္ဓာကိုယ်မှာ ကင်မရာ အသေးစားတွေ ဝှက်ပြီး တပ်ဆင်လာတာကို တားဆီးဖို့ အင်္ကျီကြယ်သီးတွေပေါ်မှာ စတစ်ကာ အနောက်တွေ ကပ်တာ၊ မျက်မှန်တွေကို သေချာစစ်ဆေးတာ၊ စာမေးပွဲခန်းထဲကို ခဲတံတွေသာ ယူခွင့်ပြုတာမျိုး စည်းမျဉ်းတွေ တင်းကျပ်ခဲ့ပါတယ်။ ဒါ့အပြင် စာမေးပွဲကို စမတ်ကိရိယာတွေ လုံးဝ ယူဆောင်ခွင့် ပြုမှာမဟုတ်ကြောင်း တစ်နိုင်ငံလုံးက မိုဘိုင်းဖုန်းတွေဆီ သတိပေး အကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။
တောင်ကိုရီးယားမှာတော့ ဆွန်အန်းလို့ခေါ်တဲ့ အဲဒီ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ ၉ နာရီလောက် အချိန်ယူ ဖြေဆိုရပြီး ဘဝတစ်ဆစ်ချိုးအတွက် အရမ်းအရေးကြီးပါတယ်။ စာမေးပွဲ ဖြေဆိုတဲ့နေ့မှာ ခွင့်ပြုချက် မရှိတဲ့ စမတ်ကိရိယာတွေ ခိုးဝှက် သယ်ဆောင်လာမှုပေါင်း ၁၁၁ ခုကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီလို မရိုးမသား လုပ်ဆောင်သူတွေကို ၁၀ နှစ်အထိ စာမေးပွဲ ဖြေဆိုခွင့် ပိတ်တာအပြင် ဥပဒေကြောင်းအရာ တရားစွဲဆိုမှုတွေပါ ပြုလုပ်သွားမယ်လို့ ပညာရေး ဝန်ကြီးဌာနက ပြောပါတယ်။
တစ်ဖက်မှာလည်း ရုတ်တရက် ဖြစ်ပေါ်လာတဲ့ စည်းမျဉ်း အပြောင်းအလဲတွေက စာမေးပွဲ ဖြေဆိုသူ ကျောင်းသူ ကျောင်းသားတွေအပေါ် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။ အဲဒီနောက် ဝန်ကြီးက ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။
သူဟာ ဒီကိစ္စ တစ်ခုလုံးမှာ တာဝန်အရှိဆုံး ဝန်ကြီးဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုအပိုင်း အားနည်းတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာတာကို သူ့အနေနဲ့ ခေါင်းရှောင်လို့ မရနိုင်ဘူးလို့ ယူဆကြောင်း ချွိုင်က ဆိုပါတယ်။ အခုတော့ စာမေးပွဲလည်း ပြီးသွားပြီဖြစ်ပြီး သူ့အနေနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ တာဝန်ရှိတယ်လို့ အလေးအနက် ခံယူတဲ့အတွက် နုတ်ထွက်စာ တင်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။
တောင်ကိုရီးယားရဲ့ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲ စနစ်တွေကို အကြီးအကျယ် ပြင်ဆင်ပြောင်းလဲသင့်ပြီလို့ ဝေဖန်ထောက်ပြထားသူ သမ္မတ လီဂျေမြောင်က နောက်ပိုင်းမှာတော့ ချွိုင်ရဲ့ နုတ်ထွက်စာကို လက်ခံပေးခဲ့ပါတယ်။
အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၅ သိန်းနီးပါးလောက် ရှိခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC

























































