အင်ဒိုနီးရှားနိုင်ငံမှာ သကြားလုံးစက်ရုံတစ်ခု မီးလောင်မှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အဲဒီကိန်းဂဏန်းဟာ ဆက်လက် မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်တွေက ဝန်ခံထားပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းတုန်းက အနောက်ဂျာဗားမှာရှိတဲ့ စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားပြီး ပျောက်ဆုံးနေသူ ၃၆ ဦးထက်မနည်း ရှိတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ နိုဝင်ဘာ ၂၂ ရက် ညပိုင်းမှာတော့ ရှာဖွေမှုတွေကို ရပ်နားထားပြီး နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကျမှ လုပ်ငန်းပြန်စဖို့ စီစဉ်ထားပါတယ်။
စက်ရုံဝင်းထဲမှာ အဓိက မီးသင့်လောင်ထားတဲ့ အဆောက်အအုံ တစ်ခုထဲကို ကယ်ဆယ်ရေး အဖွဲ့တွေက ဝင်ရောက်ဖို့ ခက်ခဲနေပြီး အဲဒီထဲမှာ ပျောက်ဆုံးနေသူတွေ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အင်ဒိုနီးရှား အမျိုးသား ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး အေဂျင်စီက စက်ရုံကနေ လူ ၁၅ ဦးကို ဘေးကင်းကင်း ကယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ၄ ဦးကို ဆေးရုံတင်ပို့ထားရကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement
နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းတုန်းက ကယ်ဆယ်ရေး အဖွဲ့တွေဟာ မီးလောင်ပြင်ကနေ အလောင်းထည့်တဲ့အိတ် ၂၄ ခုကို ယူထုတ်သွားခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အိတ်တစ်လုံးစီမှာ အလောင်းတစ်လောင်းစီ ပါနေတယ်ဆိုတဲ့ အဓိပ္ပါယ်လို့တော့ မယူဆနိုင်ပါဘူး။ လူတစ်ယောက်တည်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တစ်လုံးထက်ပိုတဲ့ အိတ်တွေထဲမှာ ကောက်ယူ စုဆောင်းလာမိတာမျိုးလည်း ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
လောလောဆယ်မှာတော့ အာဏာပိုင်တွေဟာ သေဆုံးသူ၊ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေဆီက DNA နမူနာတွေကို စုဆောင်းယူနေပါတယ်။ ဒါဟာ တကယ်လို့ အလောင်းတွေ ထပ်တွေ့လာရင် ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်စေဖို့ ရည်ရွယ်ထားတဲ့ လုပ်ထုံးလုပ်နည်း ဖြစ်ပါတယ်။
ဘန်တန်ပြည်နယ်၊ ဆာရန်းခရိုင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုရဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက တိတိကျကျ ထုတ်မပြောသေးပါဘူး။ ဘန်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရာ ဆိုနီက မီးစလောင်တဲ့အချိန် စက်ရုံထဲမှာ လူပေါင်း ၆၀ ဝန်းကျင် ရှိနေခဲ့တယ်လို့ ယုံကြည်ရကြောင်း မှတ်ချက်ပေးထားပါတယ်။
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင် အားလုံးဟာ သူတို့ရဲ့ တာဝန်တွေကို အစွမ်းကုန် ကျေပြွန်ခဲ့ကြကြောင်း၊ ဒါပေမဲ့ ညပိုင်းမှာ ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင်ဖို့က အန္တရာယ် များလွန်းတာကြောင့် နောက်တစ်နေ့ မနက်ကို ရွှေ့ခဲ့ရတာဖြစ်ကြောင်း၊ မြေပြင်ပေါ်မှာ အလုပ်လုပ်နေသူတွေရဲ့ လုံခြုံရေးကိုလည်း အလေးထား စဉ်းစားဖို့ လိုကြောင်း ဆိုနီက ပြောကြားခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ စက်ရုံ အလုပ်သမားတွေရဲ့ သောကရောက်နေတဲ့ ဆွေမျိုးသားချင်း၊ မိသားစုဝင်တွေကတော့ စက်ရုံနားမှာ လာရောက်စုဝေးပြီး သတင်းနားစွင့်နေတာကို တွေ့ရပါတယ်။
မီးလောင်တဲ့ စက်ရုံကို အင်ဒိုနီးရှားရဲ့ အကြီးဆုံး မုန့်ပဲသရေစာ လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ UNIFAMရဲ့ လက်အောက်ခံ ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်ထားတာလို့လည်း သိရပါတယ်။
ကိုးကား: BBC
























































