နိုဝင်ဘာ−၂၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်အနီး ရေနီမြောင်းတလျှောက် ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေအားလုံးကို ဖယ်ရှားပေးဖို့ စစ်တပ်လက်အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနက အမိန့်စာထုတ်ပြန်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးတက္ကသိုလ် မြောက်ဘက်အပေါက်မှ ၆၉ လမ်းဘက်သို့ သွားရာလမ်းတလျှောက်ရှိ ရေနီမြောင်းဘေးမှ ဆိုင်ခန်းတွေ အားလုံးကို လပိုင်းအတွင်း ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်း လုပ်ကိုင်နေသူအချို့က ပြောပါတယ်။
အဆိုပါ ဖယ်ရှားခိုင်းမှုကြောင့် မကြာသေးမီကမှ ဆိုင်ခန်းငှားရမ်းခတွေ ပေးချေထားသူတွေ အနေနဲ့ ငွေကြေးအမြောက်အမြား နစ်နာဆုံးရှုံးမှုတွေ ကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
”တချို့က ငှားဖို့ စာချုပ်ထားတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဖယ်ပေးဖို့ အမိန့်ကျလာတာ။ သိန်းကိုရာချီ ဆုံးရှုံးသွားတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဆိုပါဆိုင်ခန်းတွေမှာ အလှပြင်ဆိုင်၊ အဝတ်အထည်ဆိုင်၊ စားသောက်ဆိုင်တွေလည်းရှိပြီး ဆိုင်ခန်း decoration ပြင်ဆင်မှုတွေ အများကြီးပြုလုပ်ထားတဲ့အတွက် ဆုံးရှုံးမှုကြီးမားနေကြောင်း ဆိုင်ခန်း ငှားရမ်းထားသူတွေဆီက သိရပါတယ်။
လက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနဘက်ကနေ ဘယ်လိုအကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်းတယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဆိုင်ခန်းရှင်တွေနဲ့ ငှားရမ်းလုပ်ကိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
အလားတူ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၆၈ လမ်း၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြား၊ TTC ဆရာအတတ်သင်တန်းကျောင်းရဲ့လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့က ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စာထုတ်ထားပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့က ရဲစခန်းတွေ၊ ဗထူးကွင်း၊ မဟာအောင်မြေအားကစားကွင်း၊ စိုက်ပျိုးရေးရုံး၊ ပညာရေးရုံးအပါအဝင် ဌာနဆိုင်ရာရုံးဝန်းကျင်တွေမှာ ဝန်ထမ်းတွေဆောက်လုပ် ရောင်းစားထားတဲ့ဆိုင်ခန်းတွေကို ပြန်လည်ဖယ်ရှားနေတာ ဖြစ်ပါတယ်။

























































