Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

အာဏာရှင်ရဲ့ကြောက်စိတ်

၁၉၇၀ ပြည့်လွန်နှစ်များမှာ စကော့တလန်သား ဆရာဝန်လေး နီကိုလပ်စ်ဟာ သူ့ရဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝကနေ ရုန်းထွက်ဖို့ ယူဂန်ဒါနိုင်ငံကို ပရဟိတဆရာဝန်အဖြစ် ထွက်လာခဲ့ပါတယ်။ သူရောက်ပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကြီး အီဒီအာမင် က အာဏာသိမ်းလိုက်ပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမယ်လို့ ကတိပေးခဲ့ပါတယ်။

The Last King of Scotland (၂၀၀၆)

၁၉၇၀ ပြည့်လွန်နှစ်များမှာ စကော့တလန်သား ဆရာဝန်လေး နီကိုလပ်စ်ဟာ သူ့ရဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝကနေ ရုန်းထွက်ဖို့ ယူဂန်ဒါနိုင်ငံကို ပရဟိတဆရာဝန်အဖြစ် ထွက်လာခဲ့ပါတယ်။ သူရောက်ပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကြီး အီဒီအာမင် က အာဏာသိမ်းလိုက်ပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမယ်လို့ ကတိပေးခဲ့ပါတယ်။

​တိုက်တိုက်ဆိုင်ဆိုင်ပဲ အီဒီအာမင် စီးနင်းလာတဲ့ ကားဟာ နွားတစ်ကောင်နဲ့ တိုက်မိပြီး အီဒီအာမင် ဒဏ်ရာရသွားပါတယ်။ နီကိုလပ်စ်က သူ့ကို ကုသပေးခဲ့ရုံတင်မကဘဲ အီဒီအာမင်ရဲ့ သေနတ်ကိုယူပြီး နာကျင်အော်ဟစ်နေတဲ့ နွားကို ပစ်သတ်လိုက်တဲ့ သတ္တိကို အီဒီအာမင်က သဘောကျသွားပါတယ်။ စကော့တလန်ကို အထင်ကြီးတဲ့ အီဒီအာမင်ဟာ နီကိုလပ်စ်ကို သူ့ရဲ့ “ကိုယ်ပိုင်ဆရာဝန်” အဖြစ် ခန့်အပ်ပြီး မြို့တော်ကန်ပါလာကို ခေါ်သွားပါတယ်။

နီကိုလပ်စ်ဟာ အစပိုင်းမှာ အီဒီအာမင်ရဲ့ ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေ၊ လက်ဆောင်ပေးတဲ့ ကားကောင်းတွေနဲ့ ခမ်းနားတဲ့ ပါတီပွဲတွေကြားမှာ နစ်မျောသွားပါတယ်။ သူဟာ အာဏာရှင်ရဲ့ ယုံကြည်ရဆုံးလူ ဖြစ်လာပြီး နိုင်ငံရေးအကြံပေးသလိုမျိုးအထိ နေရာပေးခံရပါတယ်။

Public Service Announcement

Public Service Announcement

​သူဟာ ယူဂန်ဒါကို ရောက်စမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ လာတာလို့ ဆိုပေမဲ့၊ အီဒီအာမင်က သူ့ကို စည်းစိမ်ဥစ္စာတွေ၊ ကားကောင်းတွေ၊ ပါတီပွဲတွေနဲ့ မြှူဆွယ်တဲ့အခါမှာတော့ အလွယ်တကူပဲ သာယာသွားခဲ့ပါတယ်။ နီကိုလပ်စ်ဟာ အာဏာရှင်ရဲ့ ရက်စက်မှုတွေကို မျက်ကွယ်ပြုပြီး ကိုယ့်အတွက် အဆင်ပြေရင်ပြီးရောဆိုတဲ့ “အခွင့်အရေးသမား”စိတ်ဓာတ်ဖြစ်လာခဲ့တယ်။

ဒါ့အပြင် အိုင်တွေ့တိုင်း ခြေဆေးချင်တတ်ပြန်တဲ့ နီကိုလပ်စ်ဟာ ရာဇဝတ်အိုးကိုမှ တုတ်နဲ့သွားထိုးပြန်ပါတယ်။ အီဒီအာမင်ရဲ့ အပယ်ခံဇနီးသည် ကေးနဲ့ လူမှုရေးဖောက်ပြန်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ နီကိုလပ်စ်ဟာ အီဒီအာမင်ရဲ့ ကြောက်စရာကောင်းတဲ့ ပုံစံအစစ်ကို မြင်လာရပါတယ်။ အီဒီအာမင်ဟာ သူ့ကို ဆန့်ကျင်တယ်လို့ သံသယရှိသူမှန်သမျှကို ရက်ရက်စက်စက် သတ်ဖြတ်ခိုင်းတာ၊ ဝန်ကြီးတွေကို အစည်းအဝေးခန်းထဲမှာတင် နှိပ်ကွပ်တာတွေကို တွေ့လာရပါတယ်။ နီကိုလပ်စ်က တိုင်းပြည်ကနေ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ အီဒီအာမင်က သူ့နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းပြီး အကျပ်ကိုင်ထားပါတယ်။

ငါက နိုင်ငံရေးနဲ့ မဆိုင်ပါဘူး၊ ငါ့အလုပ် ငါလုပ်တာပဲ” ဆိုပြီး အာဏာရှင်စနစ်အောက်မှာ ပျော်မွေ့နေသူတွေဟာလည်း နောက်ဆုံးမှာတော့ အပြစ်မဲ့သူတွေ သေဆုံးမှုမှာ “လက်ပါးစေ” တွေ ဖြစ်သွားတတ်တယ်ဆိုတာကို နီကိုလပ်စ်က ဖော်ပြနေတာ ဖြစ်ပါတယ်။ နီကိုလပ်စ် အာဏာရှင်လက်ထဲကနေ ဘယ်လိုများ လွတ်မြောက်မလဲ။

အီဒီအာမင်အဖြစ် သရုပ်ဆောင်တဲ့ Forest Whitaker ရဲ့ သရုပ်ဆောင်ချက်ဟာ ဒီကားရဲ့ အသက်ပါ။ သူဟာ အီဒီအာမင်ကို ရယ်ရယ်မောမောနဲ့ ပျော်ပျော်နေတတ်တဲ့ လူကြီးတစ်ယောက်လို အစပိုင်းမှာ ပြသခဲ့ပေမဲ့၊ မျက်မှောင်တစ်ချက်ကြုတ်လိုက်ရုံနဲ့တင် ကြောက်စရာကောင်းတဲ့ ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံက ပီပြင်လွန်းပါတယ်။

ဇာတ်ကားထဲမှာမပါတဲ့ အီဒီအာမင်ရဲ့ လက်ကျန်ရက်တွေကတော့ ၁၉၇၉ ခုနှစ်မှာ တန်ဇန်းနီးယားတပ်မတော်နဲ့ ယူဂန်ဒါပြည်ပြေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီဒီအာမင်ဟာ အာဏာကနေ ပြုတ်ကျပြီး တိုင်းပြည်က ထွက်ပြေးခဲ့ရပါတယ်။

သူဟာ လစ်ဗျားနိုင်ငံကို အရင်ပြေးခဲ့ရပြီး နောက်ဆုံးမှာ ဆော်ဒီအာရေဗျနိုင်ငံမှာ သွားရောက်ခိုလှုံခဲ့ရပါတယ်။ သူဟာ မိခင်နိုင်ငံ ယူဂန်ဒါကို ဘယ်တော့မှ ပြန်ခွင့်မရတော့ဘဲ ၂၀၀၃ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံမှာပဲ အထီးကျန်စွာနဲ့ ရောဂါဝေဒနာခံစားရင်း သေဆုံးသွားခဲ့ပါတယ်။

အီဒီအာမင်ကိုကြည့်ရင်း ကျွန်တော်တို့ဆီက စစ်ခေါင်းဆောင်ကို မြင်နေမိတယ်။ အီဒီအာမင်ဟာ သူ့ဘေးနားက ယုံကြည်ရတဲ့သူတွေကိုတောင် “ငါ့ကို လုပ်ကြံတော့မလား” ဆိုတဲ့ သံသယနဲ့ အမြဲစောင့်ကြည့်ပြီး သတ်ဖြတ်တတ်ပါတယ်။ မင်းအောင်လှိုင်ဟာလည်း သူ့ရဲ့ စစ်ဗိုလ်ချုပ်အချင်းချင်းအပေါ် မယုံကြည်မှုတွေကြောင့် ခဏခဏ ရာထူးကဖယ်ရှားတာတွေ လုပ်လေ့ရှိတာဟာ အာဏာရှင်တွေရဲ့ အထီးကျန်တဲ့ ကြောက်စိတ်ချင်း တူနေတာပါ။

​အီဒီအာမင်ဟာ သူ့ကို တစ်ယောက်ယောက်က အဆိပ်ခတ်သတ်မှာ၊ ဒါမှမဟုတ် သေနတ်နဲ့ပစ်သတ်မှာကို အမြဲစိုးရိမ်နေသူပါ။ ညစာစားပွဲတစ်ခုအပြီးမှာ အီဒီအာမင်ဟာ ဗိုက်ထဲကနေ ပြင်းထန်စွာ အောင့်လာပြီး အော်ဟစ်ညည်းညူပါတော့တယ်။ သူဟာ တကယ့်ကို သေအံဆဲဆဲ ဝေဒနာခံစားနေရသလို ပုံစံမျိုးနဲ့ ကုတင်ပေါ်မှာ လူးလိမ့်နေတာပါ။ သူ့ကို တစ်ယောက်ကအဆိပ်ခတ်လိုက်ပြီထင်နေတာ။ ဆရာဝန် နီကိုလပ်စ် ရောက်လာပြီး စစ်ဆေးတဲ့အခါမှာတော့ ဒါဟာ အဆိပ်ခတ်ခံရတာ မဟုတ်ဘဲ အစားအသောက် အလွန်အကျွံစားမိလို့ဖြစ်တဲ့ လေပွနေတာကို သိလိုက်ရပါတယ်။ သူ့ရဲ့ကြောက်စိတ်က လေပွတာကိုတောင် အဆိပ်ခတ်ခံရတယ်ထင်တာ။

စစ်ခေါင်းဆောင်ဟာ အခုဆိုရင် အသက် (၇၀) နီးပါး ရှိနေပြီဖြစ်သလို၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတွန်းလှန်စစ်တွေ ကြုံတွေ့နေရတာ၊ စစ်မျက်နှာအသီးသီးမှာ ရှုံးနိမ့်နေတာတွေကြောင့် ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ခံစားနေရမှာ အသေအချာပါပဲ။

စစ်ခေါင်းဆောင်ကော အီဒီအာမင်လိုပဲ လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် ကောင်းကောင်းအိပ်ပျော်ပါရဲ့လား။ ပတ်ပတ်လည်က စစ်တပ်အသိုင်းအဝိုင်းကိုကော စိတ်ချပါရဲ့လား။ အထူးစိတ်ပူမိပါရဲ့။

ဆက်စပ်သတင်းများ