ဝဇီရာ/People’s Spring
ဒီတစ်ပတ်တော့ How To Live On Earth ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မှတ်တမ်းရုပ်ရှင် ကြည့်ဖြစ်ပါတယ်။ ဒါရိုက်တာက BBC ရဲ့ Planet Earth II နဲ့ Planet Earth III စတဲ့ နာမည်ကြီး မှတ်တမ်းရုပ်ရှင်တွေကို ရိုက်ကူးခဲ့သူ Fredi Devasဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာ ဟောလိဝုဒ်နာမည်ကျော် မင်းသားကြီး Benedict Cumberbatch က ပါဝင်တင်ဆက်ထားပါတယ်။
မင်းသားကြီးဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ နာမည်ကြီး သဘာဝသမိုင်းပြတိုက် (Natural History Museum, London)မှာ အသံသြဇာကောင်းကောင်းနဲ့ သဘာဝဂေဟစနစ်ကြီးဖြစ်တဲ့ တောတောင်ရေမြေတွေ၊ သစ်တောတွေနဲ့ သမုဒ္ဒရာတွေဟာ လူသားတွေရဲ့ စီးပွားရေးနဲ့ ရှင်သန်မှုအတွက် ဘယ်လိုအရေးပါကြောင်း ရှင်းပြတယ်။
ဒါ့အပြင်တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ရှေးဟောင်း သဘာဝထိန်းသိမ်းမှုဆိုင်ရာ အသိပညာတွေကို ဖော်ပြဖို့ မက္ကဆီကိုနိုင်ငံက Calakmul Biosphere Reserve တောအုပ်ကြီးနဲ့ ဒေသအသီးသီးမှာ ရိုက်ကူးခဲ့ပါတယ်။

Public Service Announcement
ကျနော်တို့က သစ်တောထိန်းသိမ်းရေးဆိုရင် သစ်လုပ်ငန်းတစ်ခုပဲ ပြေးမြင်တတ်ကြတယ်။ ဒီရုပ်ရှင်မှာတော့သစ်တောတွေကို ခုတ်လှဲရာကနေ သစ်တွေထွက်ပြီး စီးပွားဖြစ်တယ်ဆိုတဲ့ သမားရိုးကျ အတွေးအခေါ်ကို ပယ်ဖျက်ပြထားပါတယ်။ သစ်တောတွေကို ရှင်သန်စေတာဟာ အကျိုးအမြတ်ရရှိစေတဲ့ အကောင်းဆုံး ငွေကြေးရင်းနှီးမြှုပ်နှံမှုဖြစ်တယ်ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု ပုံစံသစ်(Green Finance) နဲ့ဆက်စပ်ပြသွားပါတယ်။
ဒါ့အပြင် စိုက်ပျိုးမြေနဲ့ စီးပွားဖြစ် မွေးမြူရေးခြံတွေ တိုးချဲ့ဖို့အတွက် သစ်တောတွေကို အမြောက်အမြား ပြုန်းတီးစေခဲ့ပုံကို ထောက်ပြထားတယ်။ သစ်တောတွေ ပြုန်းတီးသွားပါက မြေဆီလွှာ ပျက်စီးပြီး မြေဆီလွှာအတွင်းက အာဟာရတွေနဲ့ ရေဓာတ်တွေ ခမ်းသွားတာကြောင့် အနာဂတ်မှာစိုက်ပျိုးရေးနဲ့ အစားအစာ လုံခြုံရေးကိုပါ ထိခိုက်လာနိုင်တာတွေ၊ သစ်တောတွေကို မဖျက်ဆီးဘဲ စိုက်ပျိုးနိုင်မယ့်ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းလမ်းတွေနဲ့ ဆက်စပ်ပြသထားပါတယ်။
အသက် ၂၄ နှစ်ပဲ ရှိသေးတဲ့ မက္ကဆီကိုနွယ်ဖွား သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူအမျိုးသမီး Xiye Bastida ကလည်း တိုင်းရင်းသားမျိုးနွယ်တွေရဲ့ သဘာဝနဲ့ ဘယ်လို ယှဉ်တွဲနေထိုင်ကြတယ်ဆိုတာကို တင်ပြထားတယ်။
နောက်တစ်ဦးကတော့အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ အိမ်ဖြူတော် စားဖိုမှူးဟောင်း Sam Kass ဖြစ်ပြီး ရေရှည်တည်တံ့တဲ့စားသောက်မှုပုံစံအနာဂတ်အကြောင်းကို အဓိက တင်ပြထားတာ တွေ့ရပါတယ်။
နောက်ထပ် ရုက္ခဗေဒ/ဇီဝဗေဒပညာရှင်နဲ့ သဘာဝရိုက်ကူးရေးသမား Dan O’Neill ကလည်း ဒီမှတ်တမ်းရုပ်ရှင်မှာ ပါဝင်ထားပြီး မြို့ပြနဲ့ သဘာဝပတ်ဝန်းကျင် ပြန်လည်ဆက်နွယ်ရေးအကြောင်း တင်ဆက်ထားပါတယ်။
နောက်ပြီး ပင်လယ်လှိုင်းတံပိုးတွေနဲ့ မုန်တိုင်းတွေရဲ့ ရိုက်ခတ်မှုကို သဘာဝအတိုင်း ကာကွယ်ပေးထားတဲ့ တံတိုင်းကြီးတွေဖြစ်တဲ့ သန္တာကျောက်တန်းတွေ ပြန်လည် ရှင်သန်ရေးအတွက် သိပ္ပံပညာရှင်တွေ ကြိုးစားကြတာလည်း တွေ့ရမှာပါ။
ကျန်းမာသန်စွမ်းတဲ့ သန္တာကျောက်တန်းတွေကရေအောက်အသံတွေကိုအသံဖမ်းပြီး ပျက်စီးနေတဲ့ သန္တာကျောက်တန်းတွေနား ပြန်လည်ထုတ်လွှင့်ပေးကာ ငါးငယ်တွေနဲ့ သန္တာကောင်လောင်းလေးတွေကို ဆွဲဆောင်တဲ့နည်းလမ်းကိုလည်း ကြည့်ရှုရမှာပါ။
နောက်ပြီး ရုပ်ဝတ္ထုတွေတိုးတက်ပေမယ့် စိတ်ဖိစီးမှုတွေ အဖြစ်များတဲ့ တောင်ကိုရီးယားမှာ သစ်တောထဲမှာ စိတ်ကုပေးတဲ့ကိုရီးယား သစ်တော သက်သာချောင်ချိရေးဌာနက ကင်ဆာရောဂါသည် သစ်တောကုထုံးဆရာ ပတ်ဟျွန်းဆူရဲ့ အတွေ့အကြုံတွေလည်း တင်ပြထားပါတယ်။
သစ်တောကုထုံးဆရာပတ်ဟျွန်းဆူဟာ ကင်ဆာလည်းဆိုရော ဘာမှစားချင်စိတ်လည်း မရှိတော့ဘူး။ အလုပ်လည်း မလုပ်ချင်တော့ဘူး။ သူစိတ်ဓါတ်တွေကျပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ကြံစည်ဖူးတယ်တဲ့။ တနေ့တော့ သူအိမ်နားက သစ်တောလေးကို သွားဖြစ်တယ်။သစ်ပင်တွေပန်းပင်လေးတွေ ငှက်
ကလေးတွေကို သူတွေ့ရတယ်။ အဲဒီသက်ရှိလေးတွေက သူ့ကို ခွန်အားပေးခဲ့တယ်။ သူ့ဘဝကလည်း ရှင်သန်ဖို့ တန်ဖိုးရှိတယ်ဆိုတာ သိသွားတယ်။ခုတော့သူ အစိုးရကထောက်ပံ့ထားတဲ့သစ်တောကုထုံးပညာရှင်တစ်ယောက်ဖြစ်နေပြီလို့ သိရတယ်။
အနှစ်ချုပ်ရရင် ဒီမှတ်တမ်းရုပ်ရှင်ဟာ လူသားတွေနဲ့သဘာဝတရား အပြန်အလှန် ချိတ်ဆက်နေတာတွေ၊ ကမ္ဘာမြေကြီးပေါ်မှာ ရေရှည် ဆက်နေနိူင်ဖို့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုပြန်လည်ထိန်းသိမ်းမြှင့်တင်သင့်တယ်ဆိုတာတွေကို တင်ဆက်ထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကြည့်ပြီး တခြားနိုင်ငံတွေမှာတော့ နောက်အနာဂတ်အတွက် လူသားတွေနေထိုင်ဖို့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းနေကြတယ်ဆိုတာ တွေ့ရတော့ အားကျစရာကြီးပါ။ ကျနော်တို့နိုင်ငံမှာတော့ နှစ်ပေါင်းများစွာ ထင်တိုင်းကြဲခဲ့တဲ့ စစ်တပ်ကြောင့် သဘာဝပတ်ဝန်းကျင်ကလည်း ယိုင်နဲ့ပျက်စီးနေခဲ့တာ ကြာပါပြီ။
ပြည်သူတွေဟာအာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြားကနေ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းရဲ့နောက်ဆက်တွဲ အစွန်းရောက်ရာသီဥတုတွေကိုပါ မချိမဆန့် ရင်ဆိုင်နေရပါတယ်။



















































