Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတိုက်ပွဲမှာ အထိနာတဲ့ စစ်တပ်က ပေါက်တောမြို့နယ်ကို ဗုံးကြဲ

ရိုဟင်ဂျာတွေအပါအဝင် ဒေသခံ ၅ ဦးသေဆုံး၊ ၁၀ဦးခန့် ဒဏ်ရာရ

(ဆင်အိုင်ရွာ ဗုံးကြဲပြီးနောက် သေဆုံး၊ ဒဏ်ရာရသူတွေ မြင်ကွင်း။ ဓါတ်ပုံ - Wai Hun Aung)

အောက်တိုဘာ ၁၀၊၂၀၂၆၊ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တိုက်ပွဲတွေနဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းကမ်းတက်တိုက်ပွဲမှာ သေဆုံးမှုများနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ် ဆင်အိုင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံး ပြီး ၁၀ ဦး ခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီကျော်အချိန်မှာ ဆင်အိုင်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၄လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ရွာထဲကို နှစ်လုံး၊ ရွာပြင်ကို နှစ်လုံး/သုံးလုံးလောက် ကျတယ်။ အသေအဆုံးတွေများတယ်။ မူဆလင်တွေလည်းပါတယ်” လို့ ပေါက်တောဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အခုဗုံးကြဲတဲ့ ဆင်အိုင်ကျေးရွာဟာ စစ်တွေမြို့ရဲ့ တဖက်ကမ်း ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ အရပ်သားဒေသခံတွေ နေထိုင်တဲ့ ကမ်းခြေရွာဖြစ်ကာ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ပေါက်တောမြို့နယ် ငပြီကျွန်း နဲ့ ၈ မိုင်ကျော်အကွာမှာ တည်ရှိပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကလည်း ဆင်အိုင်ရွာအနီးရှိ အနောက်ရဲရိုဟင်ဂျာရွာကို စစ်တွေမြို့ အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာကြောင့် ရွာသားအချို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၈ ရက်မှာ ကျွဲကူးမြစ်နဲ့ ကုလားတန်မြစ်ဆုံအနီးမှာ ငါးဖမ်းနေတဲ့ ငါးဖက်လှေ ၁စီးကို လိုက်လံပစ်ခတ်တာကြောင့် ပေါက်တောမြို့နယ် သဝင်ချောင်းရွာမှ ဒေသခံ ၁ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ပတ်လည်ရှိ ရေချမ်းပြင်၊ အမြင့်ကျွန်း၊ နာရီကန်၊ တောကန်ရွာဝန်းကျင်တို့နဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးမှာ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ဆင်ရင်ဆိုင်နေရပြီး ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ် ရှိနေကာ တပ်စခန်းတွေလည်း လက်လွှတ်နေရပါတယ်။

ဒါ့အပြင် စစ်တွေမြို့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကိုလည်း ကမ်းတက်ဖို့ ကြိုး စားနေပြီး AA က ခုခံတိုက်ခိုက်တာကြောင့် အထိနာနေကာ ကမ်းပေါ်ရောက်သွားတဲ့စစ်သားတွေဟာလည်း ဆယ် ချီသေဆုံးနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က အဲဒီတိုက်ပွဲအတွင်း အထိနာနေတာကြောင့် အရပ်သားလူနေကျေးရွာတွေကို လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ် ဗုံး ကြဲ၊ သတ်ဖြတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ပေါက်တောကို ဗုံးမကြဲတဲ့ရက်မရှိဘူး။ ငပြီကျွန်းဆိုရင် ရွာ တွေ ဘာမှမကျန်လောက်တော့ဘူး။ ဒီဘက်က ကမ်းက ရွာတွေကိုလည်း ဗုံးကြဲတယ်။ လူတွေဆိုရင် လယ်ပစ်၊ နွား ပစ်အကုန်ပြေးရတယ်” လို့ ပေါက်တောဒေသခံနောက်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်နေခဲ့တာဟာ ၁လကျော်ရှိပြီဖြစ်ပြီး အဲဒီစစ်ဆင်ရေးကာလအတွင်း တပ်စခန်းတွေလက်လွှတ်၊ အထိနာနေ ကာ အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကို ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံး ၂လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်ကနေ ဒီနေ့ အောက်တိုဘာ ၁၀ ရက်ထိ ၁လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၈၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၄၂ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်ကိုအားပေး ထောက်ခံနေတယ်ဆိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်ခရိုနီ သူဌေးကြီးတစ်ဦးရဲ့သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

Facebook