Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို တန်ပြန်ဖို့ ရည်ရွယ်ထားတဲ့ ဒုံးခွင်းဒုံး အသစ်ကို Lockheed Martin ထုတ်ပြ

မြန်နှုန်းမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို အဓိက တန်ပြန်နိုင်ဖို့ ရည်ရွယ်ထားတဲ့ PAC-3 Edgeဆိုတဲ့ မျိုးဆက်သစ် လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး ဒီဇိုင်းကို အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Lockheed Martinက ထုတ်ဖော် ပြသခဲ့ပါတယ်။

ဓာတ်ပုံ - Lockheed Martin

မြန်နှုန်းမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို အဓိက တန်ပြန်နိုင်ဖို့ ရည်ရွယ်ထားတဲ့ PAC-3 Edgeဆိုတဲ့ မျိုးဆက်သစ် လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး ဒီဇိုင်းကို အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Lockheed Martinက ထုတ်ဖော် ပြသခဲ့ပါတယ်။

ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်တဲ့ မြန်နှုန်းကို ဆိုလိုတာပါ။ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ အရမ်းမြန်ဆန်တဲ့အပြင် ရုတ်တရက် လမ်းကြောင်းတွေပြောင်းပြီး ပျံသန်းနိုင်တာကြောင့် ရှိရင်းစွဲ လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ်ဟန့်တား ပစ်ချဖို့ အရမ်းခက်ခဲပါတယ်။

အမေရိကန်၊ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေဟာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို အပြိုင်အဆိုင် ကြိုးစား တီထွင်နေကြပြီး တစ်ဖက်မှာလည်း အမေရိကန်ဟာ အဲဒီ မျိုးဆက်သစ် နည်းပညာမြင့် စစ်လက်နက်တွေကို တန်ပြန် တားဆီးနိုင်မယ့် နည်းလမ်းတွေကို ကြံဆနေပါတယ်။

ပြီးတော့ အီရန်နဲ့ ယူကရိန်း စစ်ပွဲတွေကြောင့် နိုင်ငံတကာ လက်နက် စျေးကွက်ထဲမှာ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေအပေါ် တောင်းဆိုမှုတွေကလည်း ပိုပြီး မြင့်တက်လာသလို အမေရိကန်ရဲ့ ဒုံးခွင်းဒုံး သိုလှောင်မှုကလည်း လျော့ပါးလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း PAC-3 လေကြောင်းကာကွယ်ရေး ခွင်းဒုံးတွေ တိုးမြှင့် ထုတ်လုပ်ဖို့အတွက် Lockheed Martinနဲ့ ဒေါ်လာ ၅၈.၆ ဘီလီယံတန် စာချုပ်တစ်ခုကို ဇူလိုင်လမှာ အမေရိကန် ကြည်းတပ်က ချုပ်ဆိုခဲ့ပါတယ်။

PAC-3 Edgeတွေကတော့ ရှိရင်းစွဲ PAC-3တွေမှာ ပိုပြီး အဆင့်မြင့်တဲ့ ပစ်မှတ်ရှာဖွေမှု၊ မွမ်းမံ မြှင့်တင်ထားတဲ့ ပျံသန်းမှု ထိန်းချုပ်ရေးစနစ်၊ Northrop Grummanက ပံ့ပိုးပေးထားတဲ့ တွန်းအားပေး မော်တာတွေ၊ ပိုကောင်းတဲ့ ကြားဖြတ်ဟန့်တားရေး စွမ်းရည်တွေ ပါဝင်လာမယ်လို့ Lockheed Martinက ဆိုပါတယ်။ ဒါကြောင့် အဲဒီ ဒုံးခွင်းဒုံး အသစ်တွေဟာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အပါအဝင် ပိုမိုခေတ်မီလာတဲ့ ဝေဟင် ခြိမ်းခြောက်မှုတွေကို တားဆီးနိုင်မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပိုပြီးမြင့်တဲ့၊ ပိုပြီးဝေးလံတဲ့ နေရာတွေက ပစ်မှတ်တွေကိုပါ ကြားဖြတ် ပစ်ချနိုင်မယ်လို့ Lockheed Martinရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှု ထိန်းချုပ်စနစ်ဌာန အကြီးအကဲ တင်မ်ကာဟေးလ်က ပြောကြားခဲ့ပါတယ်။

သူက PAC-3 Edgeရဲ့ တန်ဖိုးဟာလည်း အရမ်းများပြားသွားမှာ မဟုတ်ဘဲ လက်ရှိ ထုတ်လုပ်နေတဲ့ PAC-3 MSEတွေနဲ့ မတိမ်းမယိမ်းလောက် ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သတ်မှတ်နှုန်းထားအပြည့် ထုတ်လုပ်နိုင်စွမ်းမျိုး ရှိလာရင် တစ်နှစ်ကို PAC-3 Edge အစင်းရေ ၂၀၀၀ လောက် ပုံမှန် ထုတ်လုပ်နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

PAC-3 Edgeတွေဟာ Patriot M903၊ HIMARS Flexတို့လို လေကြောင်းကာကွယ်ရေး ဒုံးကျည်ပစ်စင်တွေမှာ တပ်ဆင် ပစ်ခတ်နိုင်မယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ ပထမဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို တောင်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရဟာ ရေငုပ်သင်္ဘောတွေမှာ တာဝေးပစ်ခတ်နိုင်တဲ့ ဒုံးကျည် အမျိုးအစားသစ်တွေ တပ်ဆင်ဖို့ စတင် စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန် စစ်ပွဲရဲ့ ဂယက်ကြောင့် ဥရောပမှာ ဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ဒုံးခွင်းဒုံးတွေ စိုးရိမ်စရာ အဆင့်မျိုးထိ လျော့နည်းလာတာကို အမေရိကန် စစ်တပ်က ကြုံတွေ့နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Facebook