Connect with us

Hi, what are you looking for?

ဆောင်းပါး

၃ နှစ်ကျော် စောင့်မျှော်ခဲ့ကြသူများ

စစ်တပ်နဲ့ပျူ​တွေက​ဂွေးကုန်း၊မကျီးကုန်း၊သံ​ချောင်း၊မကျီးကန်ရွာမှပြည်သူ​တွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို သုံးနှစ်အကြာမှပေါ်​ပေါက်

(တူးဖော်တွေ့ရှိခဲ့တဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူ​တွေရဲ့ အရိုးစု​တွေကိုတွေ့ရစဥ်။ ဓါတ်ပုံံ-အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်)

ထွန်းညိုဦး/People’s Spring

၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့ မြိုင်မြို့နယ်၊ ဂွေးကုန်းရွာ။

ညကတည်းက လက်နက်ကြီးသံ တအုန်းအုန်းကြားလို့ဂွေးကုန်းရွာကကိုမောင်(အမည်လွှဲ)ဟာ စိုးရိမ်သောကတွေ ရောက်နေခဲ့တယ်။ ပြည်သူတွေကို ဒုက္ခတွေပေးနေတဲ့ အာဏာသိမ်း စစ်တပ်စစ်ကြောင်း ထွက်လာပြန်ပြီတဲ့။

စစ်ကြောင်းတခါဝင်ရင် ရွာလည်း ရစရာမရှိဘူးကိုး။ ကြက်တွေဝက်တွေဆိုလည်း သတ်စားလိုစား တစ်ရွာလုံးလည်း ထင်တိုင်း ကြဲကြဲသွားတာကိုး။ နိုးလိုက်အိပ်လိုက်နဲ့ မနက်နေမထွက်ခင်မှာပဲသတင်းရတယ်။စက်မှု (၂)ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝက်ပုတ်ရွာဘက်ကနေ ထွက်လာပြီ ဆိုတဲ့သတင်းပါ။

Public Service Announcement

Public Service Announcement

ကိုမောင်လည်းယောက္ခမရယ်၊ဇနီးရယ်၊ ကလေးရယ်ကို ဆိုင်ကယ်တစ်စီးတည်းနဲ့ တင်ပြီး ပြေးဖို့ပြင်တယ်။ ပုဆိုးအထုပ်လေးတစ်ထုပ်ကလွဲလို့ ဘာမှတောင်မယူနိုင်ဘူး။ အဲဒီအချိန် ရွာထဲက အသက် ၅၁ နှစ်အရွယ် တောင်သူကြီး ဦးကျော်​ဋ္ဌေးက လှည်းကြီးနဲ့ ပြေးဖို့ ထွက်လာတယ်။ မိုးကလည်း ညို့နေတာမို့ သူက “ငမောင်ရေ ငါ့ မိုးကာပါမလာလို့ မိုးကာလေး ငှားပါဦး”ဆိုတာနဲ့ ကိုမောင် ငှားပေးလိုက်ရသေးတယ်။

ကိုမောင်တို့ ပြေးတော့မယ့်အချိန် ရွာနားစစ်ကြောင်းရောက်နေပြီကြားလို့ ကိုမောင်တို့ တခြားလမ်းကနေ ပြေးကြရတယ်။ နောက်တော့ သတင်းကြားတာ ပြေးကြတဲ့သူတွေထဲကတချို့တွေ စစ်ကြောင်းနဲ့တိုးပြီးအဖမ်းခံလိုက်ရတယ်တဲ့။ သူ့ကိုနူတ်ဆက်သွားတဲ့ ဦးကျော်ဋ္ဌေးလည်း ပါသွားသတဲ့။

ပါသွားတဲ့သူတွေထဲမှာ ကိုမောင်တို့ဂွေးကုန်းရွာကကို ၉ ဦးပါတယ်။ အဲဒီအထဲက အသက် ၂၆ နှစ်အရွယ် အောင်ဇင်ဟိန်းလေးဆိုရင် ရန်ကုန်မှာ အလုပ်လုပ်နေတဲ့သူ။ ကျန်းမာရေးမကောင်းလို့ ဆေးကုဖို့ဆိုပြီး ရွာပြန်ရောက်တာ တစ်ပတ်လောက်ရှိသေးတယ်။ အောင်ဇင်ဟိန်းကမိဘတွေကျန်နေလို့ ခေါ်ဖို့ ရွာထဲပြန်လာချိန် စစ်ကြောင်းနဲ့တိုးတာ။

ဆန်းလင်းမောင်ကတော့ တခြားရွာကနေ ဂွေးကုန်းသူနဲ့အိမ်​ထောင်ကျပြီး ဆံထုံးနောက် ယောင်ပါခဲ့တာ။ ဂွေးကုန်းရွာမှာပဲ ထန်းတက်နေသူပါ။ ပါသွားတဲ့သူတွေထဲ ဦးသြကတော့ အသက်အကြီးဆုံး ၆၁ နှစ်ပါ။ ဦးသြက တစ်ယောက်တည်းပါတာမဟုတ်ဘူး။ အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ သူ့မြေးလေး သော်ဇင်ထိုက်လေးလည်းပါသွားရှာတာ။ သော်ဇင်ထိုက်လေးက ၇ တန်းလား ၈ တန်းလား ရှိသေးတဲ့​ကျောင်းသားငယ်​လေးပါ။

စစ်ကြောင်းက ရွာထဲတော့ ဝင်မသွားခဲ့ပါဘူး။ ကိုမောင်တို့လည်း စစ်ကြောင်းငြိမ်တော့ ညနေပိုင်းမှာရွာထဲပြန်ဝင်ခဲ့တယ်။ အဲဒီစစ်ကြောင်းဟာ ကိုမောင်တို့ဂွေးကုန်းက ပြည်သူ ၉ ဦး၊မကျီးကုန်းရွာကပြည်သူတစ်ဦး ၊ သံချောင်းရွာက ပြည်သူတစ်ဦး၊မကျည်းကန်ရွာက ပြည်သူတစ်ဦး စုစုပေါင်းပြည်သူ (၁၂)ဦးကို ဖမ်းဆီးသွားခဲ့တယ်။

ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို ပျူစောထီးရွာဖြစ်တဲ့ ဝက်ပုတ်ရွာကို ခေါ်သွားတယ်လို့ သိရတယ်။ ရွာမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကလည်း တနေ့ပြန်လာနိုး ပြန်လာနိုးနဲ့ မျှော်ကြတာပေါ့။စစ်တပ်နဲ့ စစ်တပ်လက်​အောက်ခံပျူ​​စောထီး​တွေရွာဆို​တော့ လိုက်​တော့သတင်းမ​မေးရဲကြဘူး။

အသက် ၅၁ နှစ်အရွယ် ဦးကျော်​​​​ဋ္ဌေးမှာ အမကြီးတစ်ယောက်ရှိတယ်။ အဲဒီအမေကြီးက သူ့မောင် ဦးကျော်ဋ္ဌေးကို သိပ်ချစ်ရှာတာ။ “သူ့မောင်အရက်သောက်ရင်တောင် အမြည်းလုပ်ပေးတဲ့အမမျိုး”လို့ ကိုမောင်က ပြောပြတယ်။ အဲဒီအမေကြီးဟာ နေ့ရှိသရွေ့ သူ့မောင်ကလေးကိုသာ မျှော်နေရှာခဲ့တာ။ နောက်တော့ အမေကြီးလည်း သူ့မောင်စိတ်နဲ့ သောကတွေပိုက်ပြီး ဆုံးပါးသွားခဲ့တယ်။

ပါသွားတဲ့အထဲက အောင်မိုးနဲ့ ဆန်းလင်းမောင်တို့ မိသားစုတွေကတော့ တော်တော်လေး အခြေအနေဆိုးခဲ့တယ်။ ကလေးတွေနဲ့ လုပ်ကျွေးမယ့်ယောကျာ်းသားတွေ ပါသွားတော့ သူတို့မိန်းမတွေခမျာ အတော်လေး ဆင်းရဲဒုက္ခ ရောက်ကြရတယ်။ သို့ပေသိ တနေ့တော့ သူတို့လင်သားတွေ ပြန်လာမယ်ပဲ ထင်ခဲ့ကြတယ်။

အဲဒီနောက် လအနည်းငယ်အကြာ သူတို့ရွာနဲ့ နီးတဲ့ သံချောင်းရွာမှာ ရှင်ပြုအလှူလုပ်တယ်။ အဲဒီအလှူမှာ ပြည်သူတစ်ယောက်ကိုဝင်ပူးပါလေရော။ပူးတဲ့သူက စစ်ကြောင်းမှာ အဖမ်းခံရလို့ ပါသွားတဲ့ သံချောင်းရွာက အသက် ၂၉ နှစ်အရွယ် မောင်အုန်းလင်းပါတဲ့။ သူတို့ ဝက်ပုတ်ရွာထဲတင် အသတ်ခံလိုက်ရတာလို့ ပြောပြရှာတာ။အလှူမှာ ငိုလိုက်ကြတာ ဝက်ဝက်ကွဲပေါ့။ အဲဒီသတင်း ဂွေးကုန်းရောက်တော့ မျှော်နေကြတဲ့ ကျန်ရစ်သူ မိသားစုဝင်တွေလည်း သူတို့အဖေ၊ သူတို့အကိုတွေအတွက် စိတ်တွေပူပန်ကြရပြီပေါ့။ဝက်ပုတ်မှာ ထောင်ချထားတယ်လို့ပဲ ယူဆထားကြတာကိုး။

နောက်တော့ အဖွဲ​တွေကလည်း စနည်းနာကြတော့ ပြန်ပြောပြတယ်။ဖမ်းဆီးခံရပြီး ၃ ရက်မြောက်တဲ့ ဇွန်လ ၁၁ ရက်နေ့မှာပဲ အသတ်ခံလိုက်ကြရတယ်တဲ့။ ဒါပေမယ့် မိသားစုဝင်တွေ လက်မခံနိုင်ကြဘူး။ ပြန်လာဦးမယ်ပဲ ထင်ကြတာ။

၂၀၂၄ ခုနှစ် သြဂုတ် ၈ ရက်မှာ ဝက်ပုတ်ပျူရွာကို အညာမြေတပ်ပေါင်းစုနဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်။ ဝက်ပုတ်ရွာကို သိမ်းပိုက်ပြီးတော့ အဲဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်ဆိုတဲ့နေရာကိုရှာဖွေနေခဲ့ကြတယ်။ဒါပေမယ့် မတွေ့ခဲ့ဘူး။

အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့တယ်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ကတော့ ဝက်ပုတ်ရွာမှာ ရွာသားတစ်ဦးကမှိုရှာသွားတဲ့အချိန်မှာပဲ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူ​တွေမြှပ်ထားတဲ့နေရာကို တွေ့ရှိသွားခဲ့တယ်။ ဒါနဲ့ ဆက်ပြီး ရှာကြဖွေကြတော့ မြေကျင်းနှစ်ခုထဲကနေ ကြိုးတုပ်၊ မျက်နှာစည်းပြီး အစုလိုက် အပြုံလိုက် ဖြစ်သလို မြှုပ်နှံထားတဲ့ အလောင်း ၁၂ လောင်းရဲ့ အရိုးစုတွေ၊ အဝတ်အစားတွေ တွေ့ရှိခဲ့ရတာပါ။

အလောင်းတွေမှာတွေ့ရတဲ့ မှတ်ပုံတင်၊ကျောင်းသားကတ် ၊မွေးစားရင်းစာရွက် စတဲ့ အချက်အလက်တွေအရ ဂွေးကုန်းရွာ နဲ့ အနီးဝန်းကျင်ရွာ​တွေက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေတယ်လို့ အညာ​မြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ဂွေးကုန်းရွာမှ ပြည်သူ ကိုးဦး၊ မကျီးကုန်းရွာမှ ပြည်သူတစ်ဦး ၊သံချောင်းရွာမှ ပြည်သူတစ်ဦး၊မကျည်းကန်ရွာမှ ပြည်သူ တစ်ဦး စုစုပေါင်းပြည်သူ (၁၂)ဦး ဖြစ်ကြောင်း အညာ​မြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းကြားတဲ့ ကျန်ရစ်သူမိသားစုဝင်တွေက ပေါက်ကွဲကြတော့တာပေါ့။ သူတို့က သူတို့မိသားစုဝင်တွေ ပြန်လာမယ်ပဲထင်ထားကြတာ။ အသက်ရှိသေးတယ်လို့ မျှော်လင့်ပြီးသက်ပျောက်ဆွမ်းတောင်ကပ်ကြသေးတာ မဟုတ်ဘူး။

ဓာတ်ပုံမှတ်တမ်းတွေထဲမှာဆို မြေသားတွေဖုံးလွှမ်းနေတဲ့သောက်လက်စဆေးကတ်လေးတွေ၊ ကျောင်းသားကတ်နဲ့ မှတ်ပုံတင်ကတ်ကလေးတွေ၊ အိမ်ထောင်စုဇယား​လေးတွေပြန့်ကြဲလို့။ အဲဒါတွေက ပြန်လုပ်ရင်ခက်တာမို့ စစ်ရှောင်ရင် ကိုယ်နဲ့မကွာ ထားကြရတာကိုး။

သူတို့ကိုတုပ်နှောင်ခဲ့တဲ့ကြိုးတွေလည်း အခွေလိုက် တွေ့ရတယ်။ အဝတ်အစားတွေကြည့်တော့ ဒါငါ့အဖေဝတ်ခဲ့တဲ့အင်္ကျီ၊ ဒါငါ့ယောကျာ်း ဝတ်ခဲ့တဲ့ ပုဆိုး​လေး မှတ်မိသွားကြတာပေါ့။ လက်မခံချင်ပေမဲ့လည်း လက်ခံလိုက်ကြရတော့တာပေါ့။

အဲဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ စစ်ဗိုလ် ဘိုဖြူတို့က ဦးဆောင်ခဲ့တာလို့ အညာ​မြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးခဲ့တယ်။

ကိုမောင်လည်း ကျန်ရစ်သူမိသားစုဝင်တွေရဲ့ မျှော်လင့်ချက်ကိုတွေ့မြင်ခဲ့ရသူမို့ အဲဒီသတင်းကြောင့် အတော်လေးစိတ်ထိခိုက်မိတယ်။ “တကယ်ဆို အဲဒီလူတွေက PDF နဲ့လည်း ဘာမှကိုမဆိုင်တာ။ အေးအေးနေတဲ့သူတွေ။ ခိုင်းအားရမှ သတ်ပစ်တာ။ လူမဆန်ဘူးလို့ပဲ ပြောချင်တယ်”လို့ ကိုမောင်က ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

အတွေးအမြင်

ရခိုင်ပြည်နယ်ထဲကကျောက်တော်ကိုအာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတယ်။ပြည်သူ ၅၀ ကျော်သေတယ်။ ရှာမရသေးတာ။ အစအနပျောက်သွားတာတွေ ရှိသေးတယ်။ပြည်သူ ၆၀ ကျော်ထိခိုက်ဒဏ်ရာရတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်