၂၀၂၆ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နေချင့်စဖွယ် အကောင်းဆုံး နိုင်ငံတွေ စာရင်းမှာ အက်စ်တိုးနီးယားက နံပါတ်တစ်အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။
ရွှေ့ပြောင်းမှု၊ အခြေချမှုနှင့် အိုးအိမ် အကြံပေး သုတေသန ဌာန (Rumavi)က ထုတ်ပြန်တဲ့ စာရင်းမှာတော့ အခုနှစ်အတွက် ထိပ်ဆုံးနေရာမှာ စင်ကာပူနဲ့ အက်စ်တိုးနီးယားတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ဥရောပ မြောက်ပိုင်း နိုင်ငံက ကပ်ပြီး အသာရသွားတာ ဖြစ်ပါတယ်။
နေပျော်စရာ အကောင်းဆုံး နိုင်ငံတွေကို သတ်မှတ်ရာမှာ ဘဏ္ဍာရေးနဲ့ အခွန်၊ ကျန်းမာရေးနဲ့ နေရာထိုင်ခင်း၊ လုံခြုံရေးနဲ့ တည်ငြိမ်မှု၊ နေသားကျလွယ်မှုနဲ့ အခွင့်အလမ်းဆိုတဲ့ ကဏ္ဍကြီး ၄ ခုအောက်က ခေါင်းစဉ် ၂၄ ခုအပေါ် မူတည်ပြီး အမှတ်ပေး သတ်မှတ်တာ ဖြစ်ပါတယ်။
Rumaviရဲ့ စာရင်းထဲမှာတော့ ထိပ်တန်း ကမ္ဘာ့နိုင်ငံကြီး တချို့ဟာ မျှော်လင့်ထားသလို ထိပ်ဆုံး ၂၀ လောက် စာရင်းထဲတောင် ပါမလာတာကို တွေ့ရပါတယ်။ ဥပမာ ဩစတြေးလျက အဆင့် ၂၉၊ ကနေဒါက အဆင့် ၄၁၊ ဗြိတိန်က အဆင့် ၄၉ နဲ့ အမေရိကန်ကတော့ ကမ္ဘာ့နိုင်ငံ ၁၉၂ ခု စာရင်းထဲမှာ အဆင့် ၁၀၇ ကနေ ရပ်တည်နေပါတယ်။

Public Service Announcement
လူဦးရေ ၁.၃ သန်းလောက်သာရှိတဲ့ အက်စ်တိုးနီးယားဟာ လုံခြုံရေးနဲ့ နေသားကျလွယ်မှုလို ကဏ္ဍကြီးတွေမှာ အရမ်းရမှတ်ကောင်းခဲ့ပြီး တရားဥပဒေ စိုးမိုးမှု အထူးအားကောင်းတာ၊ သေချာထိန်းသိမ်းထားတဲ့ ဂေဟစနစ်မျိုး ရှိနေတာ၊ လူငယ်တွေ အလုပ်လက်မဲ့နှုန်း နည်းပါးတာတွေကနေလည်း အမှတ်တွေ ရခဲ့ပါတယ်။ ဒါကြောင့် Rumaviရဲ့ စာရင်းမှာ ရမှတ် ၇၂.၈ မှတ်ထိ ရရှိပြီး အရှေ့တောင်အာရှ နှစ်နိုင်ငံဖြစ်တဲ့ စင်ကာပူ (၇၂.၆ မှတ်)၊ မလေးရှား (၇၂ မှတ်)တို့ကို ကပ်ပြီး အသာစီး ရသွားခဲ့ပါတယ်။
ပေါ်တူဂီနဲ့ ထိုင်ဝမ်တို့ကတော့ ထိပ်ဆုံး ၅ နိုင်ငံ စာရင်းမှာ ပါဝင်ခဲ့ပြီး အဆင့် ၆ ကနေ ၁၀ ထိမှာတော့ လစ်သူယေးနီးယား၊ ဟောင်ကောင်၊ စိန့်ကစ်နဲ့ နီဗစ်၊ ချက်၊ မော်လ်တာတို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။
ဥရောပ နိုင်ငံအများစုဟာ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းအတွက် အများစု အမှတ်ကောင်းကောင်း ရကြပါတယ်။ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံ တချို့လည်း ဒီစာရင်းမှာ အခြေအနေ ကောင်းခဲ့ပြီး စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ဘရူနိုင်း၊ ဂျပန်တို့ဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းထဲ ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာကတော့ ရမှတ် ၄၇.၉ မှတ်နဲ့ အဆင့် ၁၇၅ မှာ ရပ်တည်နေပါတယ်။ Rumaviရဲ့ စာရင်းအရ နေထိုင်ဖို့ မသင့်တော်တဲ့ နိုင်ငံ ၂၀ ထဲမှာ အာရှတိုက် အရှေ့ပိုင်း ဒေသတွေကဆိုလို့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ပဲ ပါဝင်နေပါတယ်။
ကမ္ဘာပေါ်မှာ နေပျော်စရာ အကောင်းဆုံး စာရင်းမှာ အမှတ်အနည်းဆုံးသာရတဲ့ နိုင်ငံအများစုမှာ တူညီတဲ့ အချက်တစ်ခုကတော့ အာဏာရှင် အစိုးရတွေ အုပ်စိုးနေခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ၁၉၂ နိုင်ငံ စာရင်းမှာ အာဖဂန် နစ္စတန်ကတော့ ၃၉.၅ မှတ်နဲ့ အောက်ဆုံးရောက်နေကြောင်းလည်း သိရပါတယ်။
ကိုးကား: Rumavi



















































