ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်က မြေအောက် ရထားတစ်စီးပေါ်မှာ ဓားကိုင်ရမ်းကား တိုက်ခိုက်ပြီး မီးရှို့မှုကြောင့် လူ ၁၇ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရာဇဝတ်မှု ကျူးလွန်သူဟာ Batman ဇာတ်လမ်းတွေမှာ ပါဝင်တဲ့ ဗီလိန်လူဆိုး Jokerလိုမျိုး တုပ ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။
လူတွေ တော်တော်များများက ဟောလိုဝင်း ပါတီတစ်ခုကို သွားရောက်ဖို့ ထူးထူးဆန်းဆန်း ပုံစံတွေ ဝတ်စား ဆင်ယင်လာချိန်မှာ အဲဒီ အမျိုးသားကလည်း ရောနှော ပါဝင်လာခဲ့ပါတယ်။ သူက ရထားတွဲထဲမှာ အရည်တစ်မျိုးကို မှုတ်ဆေးဘူးနဲ့ လိုက်ဖြန်းပြီး မီးရှို့ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒါ့အပြင် အသင့်ယူလာတဲ့ ဓားနဲ့လည်း တွေ့ရာလူကို လိုက်လံ ရန်ပြုခဲ့ပြန်ပါတယ်။
အခင်းဖြစ်ပွားတဲ့ နေရာက ဗီဒီယို မှတ်တမ်းတွေအရ ရထားတွဲထဲကနေ ခရီးသည်တွေ ကြောက်လန့်တကြား ထွက်ပြေးလာတာကိုလည်း တွေ့နိုင်ပါတယ်။ အောက်တိုဘာ ၃၁ ရက် ညပိုင်းက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အစောပိုင်းမှာ လူတွေက ဇဝေဇဝါ ဖြစ်နေခဲ့ကြပါတယ်။ ဒါဟာ ဟောလိုဝင်းကာလ စတန့်လုပ်ကွက် တစ်ခုလို့ ထင်မိခဲ့ကြောင်း မျက်မြင် တစ်ဦးက ပြောပါတယ်။

Public Service Announcement
လတ်တလောမှာတော့ ဒဏ်ရာရထားသူတွေကို ဆေးရုံ တင်ပို့ခဲ့ပြီး ၃ ဦးရဲ့ အခြေအနေက ဆိုးတယ်လို့ သိရပါတယ်။ သက်ကြီးရွယ်အို အမျိုးသားကြီး တစ်ဦးဆိုရင် လုံးဝ သတိလည်မလာဘဲ မေ့မြောနေတယ်လို့ ဆိုပါတယ်။
တရားခံကို ဖမ်းမိချိန်မှာ သူက လူများများသတ်မှ သူ့ကို သေဒဏ်စီရင်မှာမို့လို့ အခုလို လုပ်ခဲ့တာလို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ ကျူးလွန်သူရဲ့ စိတ်ကျန်းမာရေး အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဂျပန်မှာ သွေးထွက်သံယို မှုခင်းတွေ ဖြစ်ပွားတာမျိုး နည်းပေမယ့် မကြာသေးခင် နှစ်ပိုင်းတွေမှာတော့ ဓားကိုင်ရမ်းကားမှု သတင်းတွေ ပိုမို ကြားသိလာရပါတယ်။ ဩဂုတ်လတုန်းကလည်း တိုကျိုက ရထားတစ်စီးပေါ်မှာ ဓားနဲ့ တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၁၀ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ၂၀၁၉ မှာ ဘတ်စ်ကား စောင့်နေတဲ့ ကျောင်းသူကျောင်းသားတွေကို လူတစ်ယောက်က ဓားနဲ့ ရန်ပြုခဲ့တာကြောင့် ၂ ဦးသေပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ကြောင်း သိရပါတယ်။


















































