နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ အီရန်တို့ အရှေ့အလယ်ပိုင်း ဒေသမှာ စစ်ခင်းတိုက်ခိုက်နေတာ အခုဆိုရင် သတ္တမမြောက် လထဲကို ဝင်ရောက်လာနေပါပြီ။ အဲဒီလို အခြေအနေမျိုး ရှိနေပေမယ့်လည်း နယူးယောက်မြို့ဆီ အီရန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ လာရောက်ဖို့ကို အမေရိကန်က ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
သတင်းတွေအရ အီရန် ကိုယ်စားလှယ် အဖွဲ့မှာ သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းနဲ့ နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီတို့ ဦးဆောင်လာဖွယ် ရှိတယ်လို့ သိရပါတယ်။
အီရန် ကိုယ်စားလှယ် အဖွဲ့ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့အတွက် ပြည်ဝင်ခွင့်ပေးမယ့် အမေရိကန် အစိုးရ ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။

Public Service Announcement
ကုလသမဂ္ဂ ဌာနချုပ် အိမ်ရှင်နိုင်ငံက လေးစားလိုက်နာရမယ့် ကျင့်ဝတ် စည်းမျဉ်းတွေကို အမေရိကန်က လေးစား လိုက်နာမှာဖြစ်ပြီး အီရန် ကိုယ်စားလှယ် အဖွဲ့ရဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တက်ရောက်ခွင့်ကို တားဆီး ပိတ်ပင်မှာ မဟုတ်ဘူးလို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားသွားပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ မူဝါဒအရ အဲဒီ ကိုယ်စားလှယ် အဖွဲ့ဟာ အသွားအလာ ကန့်သတ်မှုတွေအောက်မှာ ရှိနေမှာဖြစ်ပြီး တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းတွေ ဝယ်ယူခွင့်လည်း ရမှာမဟုတ်ကြောင်း အဲဒီအရာရှိက ဆိုပါတယ်။ မနှစ်ကနဲ့ ယှဉ်ရင် အီရန် ကိုယ်စားလှယ် အဖွဲ့ဟာ ဒီနှစ်မှာ လူပိုနည်းသွားနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
မနှစ်တုန်းကလည်း အမေရိကန်ဟာ အီရန် ကိုယ်စားလှယ် အဖွဲ့ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ခွင့် ပြုခဲ့ပေမယ့် Costcoလို လက္ကား စတိုးဆိုင်ကြီးတွေဆီ သွားရောက်ခွင့် တားမြစ်ထားခဲ့သလို လက်ဝတ်ရတနာ၊ အရက်နဲ့ ကားတွေ အပါအဝင် တန်ဖိုးကြီး ပစ္စည်းတွေ ဝယ်ယူရင် အမေရိကန် အာဏာပိုင်တွေဆီ ခွင့်တောင်းရမယ်လို့ စည်းမျဉ်း ကြပ်မတ်ထားခဲ့ပါတယ်။
အီရန်မှာ ပြည်သူတွေဟာ အစိုးရရဲ့ ကြမ်းကြုတ် ရက်စက်တဲ့ ဖိနှိပ်မှုတွေကို ခံရပြီး ရေနဲ့ ဓာတ်အား ပြတ်တောက်မှုတွေ၊ မတန်တဆ ကုန်စျေးနှုန်း မြင့်တက်မှုတွေကို ရင်ဆိုင်နေရတဲ့အချိန် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့က အမေရိကန်မှာ အလည်အပတ် စျေးဝယ်ထွက်နေတာမျိုး ခွင့်ပြုမပေးနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တော်မီ ပစ်ဂေါ့က ဆိုပါတယ်။
ဒါပေမဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့ကလည်း အမေရိကန်မှာ တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်ထားတယ် ဆိုတာမျိုးတော့ တိတိကျကျ သတင်းရမထားကြောင်း သူက အတည်ပြုသွားပါတယ်။
အီရန်သမ္မတ ပက်ဇက်ရှ်ခန်းဟာ စက်တင်ဘာ ၂၃ ရက်နေ့ကျရင် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပြီး အဲဒီမတိုင်ခင် အီရန် ကိုယ်စားလှယ် အဖွဲ့က နယူးယောက်ကို ရောက်လာမှာပါ။
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လက်ရှိမှာ စတင်ကျင်းပနေပြီ ဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်းနဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်တို့လည်း မိန့်ခွန်းပြောဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ကိုးကား: BBC


















































