ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှိအထက(၁)ကျောင်းမှအထက်တန်းပြဆရာဦးမျိုးမင်းဦးသည် ကျောင်းဝင်းအတွင်းရှိ နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့သည်။
“ရုပ်အလောင်းကိုတွေ့တာက ၁၈ရက်နေ့မနက်က။ အဲ့ဒီနေ့ မနက်အစောပိုင်း သူ့ကိုယ်သူ ကြိုးဆွဲချပုံရတယ်။ စာအသင်အပြအရမ်းကောင်းတယ်။ အဓိကကတော့ သူစိတ်ကျနေတာ ကြာပြီ။ နောက်ပြီး Non CDM အနေနဲ့ ပညာရေးဝန်ထမ်းဘဝကိုလည်း သူ စိတ်ပျက်နေတာ ကျနော်တို့ သိတယ်။ အစစအရာရာ အဆင်မပြေတော့ သူ ဆုံးဖြတ်လိုက်ပုံရပါတယ်” ဟု ဦးမျိုးမင်းဦးနှင့် သိကျွမ်းသည့် အမျိုးသားတစ်ဦးကသူ၏ အမြင်ကိုပြောသည်။
အထက(၁)လသာဟု လူသိများသော လသာမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ အဆိုပါကျောင်းမှဦးမျိုးမင်းဦးသည် အသက်၃၆နှစ်အရွယ်သာရှိသေးပြီး အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ လစာနှင့် မလုံလောက်၍ ပြင်ပတွင် ကျူရှင်ပြနေသူလည်းဖြစ်သည်။ ၎င်း ကြိုးဆွဲချသေဆုံးသည့် ဖြစ်ရပ်က ကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများကြား အထိန့်တလန့်ဖြစ်စေသည်ဟု ကျောင်းသားမိဖတဦးကပြောသည်။

Public Service Announcement
စစ်တပ်အာဏာသိမ်းမှုကြောင့် ပညာ ရေးဝန်ထမ်းအများအပြား CDM လုပ်ခဲ့ကြပြီး Non CDM ဝန်ထမ်းများသည် မနိုင်ဝန်ထမ်းနေကြရသည်ဟု သတင်းများထွက်ပေါ်နေသည်။ ထို့အပြင် Non CDM ပညာ ရေးဝန်ထမ်းများကို ပတ်ဝန်းကျင်မှ အရိုအသေမရှိတော့သည့် အခြေအနေများလည်းကြုံနေသည်။
“ကျမတို့ကို သင်တန်းတွေ မျိုးစုံတက်ခိုင်းတယ်။ အဖြူအစိမ်းဝတ်ပြီးသွားရင် လူတွေက ထီမထင်ကြည့်ကြတယ်။ တစ်ဖက်မှာကျတော့ ကျောင်းဖွင့်ရက်မဟုတ်တာတောင်မှပဲ သင်တန်းမှာ အဖြူအစိမ်းမဖြစ်မနေဝတ်ခိုင်းတယ်။ ဘာတစ်ခုမှအဆင်ပြေမနေဘူး”ဟု အထက်တန်းပြဆရာမတစ်ဦးကပြောသည်။
စစ်ကောင်စီက ပညာရေးဝန်ထမ်းများကို ဖိနှိပ်ခြင်း ၊ လစာမလောက်ဘဲ စားဝတ်နေရေးကြပ်တည်းခြင်း နှင့် လူမှုပတ်ဝန်းကျင်က လူမှုရေးပြစ်ဒဏ်ခတ်ခြင်း စသည်တို့ကြောင့် စိတ်ကျရောဂါရပြီး မိမိကိုယ်ကိုသတ်သေခြင်းဖြစ်ကြောင်း ကျောင်းဆရာနှင့် နီးစပ်သူအချို့ကသုံးသပ်ပြောကြားသည်။
“ဆရာတယောက်ရဲ့လစာနဲ့မိသားစုရဲ့ စားဝတ်နေရေဖြေရှင်းရတာ လုံးဝအဆင်မပြေပါ။ပညာရေးဝန်ထမ်းတိုင်း အဲ့ဒီပြသနာရှိတယ်။ ဒီကြားထဲ လူမှုရေးပြစ်ဒဏ်ပါခံနေရတယ်” ဟု နေပြည်တော်မှ ကျောင်းဆရာတစ်ဦးကဆိုသည်။
ထို့အပြင်စစ်ကောင်စီသည် လာမည့်ပညာသင်နှစ်မှစတင်၍ ကျောင်းသင်ရိုးတွင် စစ်မှုထမ်းဥပဒေအကြောင်း ထည့်သွင်းမည်ဟုသတင်းများထွက်ပေါ်နေပြီး ထိုအခြေအနေဖြစ်လာမည်ကို ကျောင်းဆရာနှင့်ဆရာမများက စိုးရိမ်နေကြသည်။စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို နိုင်ငံရှိလူငယ်အရင်းအမြစ်များအား ဖျက်ဆီးနေသည့် ဥပဒေဖြစ်ကြောင်း ပညာရေးဝန်ထမ်းများကိုယ်တိုင် လက်ခံထားပြီး ၎င်းတို့၏သားသမီးများ စစ်သားစုဆောင်းခံရမည်ကို စိုးရိမ်နေချိန်၌ စစ်ကောင်စီက ယင်းကဲ့သို့ စီစဉ်မည်ဟု သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။
” ကြိုက်တဲ့ဝန်ထမ်းကိုမေး။သူတို့စိတ်ပျက်နေကြပြီ။ ကိုယ်အားကိုးတဲ့အစိုးရကလည်း အသုံးမကျ။ လူ့အသိုင်းအဝိုင်းမှာလည်းလူတောမတိုးတော့ဘူး” ဟု လသာမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် နိုင်ငံမှာဘက်ပေါင်းစုံ အထွေထွေအကြပ်အတည်းဆိုက်နေပြီး ယခုနှစ်ပိုင်းအတွင်းကိုယ့်ကိုယ်ကိုသတ်သေမှုများလာသည်။ထို့ကြောင့် စိတ်ကျန်းမာရေးပညာပေးသော အဖွဲ့အစည်းများ ၊ပုဂ္ဂိုလ်များက အဆုံးစီရင်မှုမှာပြသာနာ၏ အဖြေမဟုတ်ဘဲ အခက်အခဲများကို စိတ်ဓါတ်ခိုင်မာစွာဖြင့်ရင်ဆိုင်ဖြေရှင်းကြရန် ၊စိတ်ကျန်းမာရေးဂရုစိုက်ရန် ၊အချင်းချင်း မျှဝေစာနာကူညီပေးကြရန် ပညာပေးနေကြသည်။

















































