Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေပုံ App မှာ မက္ကဆီကို ပင်လယ်ကွေ့ နာမည်ကို ပြောင်းလဲခဲ့တဲ့အတွက် Googleကို မက္ကဆီကို အစိုးရ တရားစွဲ

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို မြေပုံ appထဲမှာ ပြောင်းလဲ ဖော်ပြခဲ့တဲ့အတွက် Googleကို မက္ကဆီကိုက တရားစွဲလိုက်ပါတယ်။

The New York Times

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို မြေပုံ appထဲမှာ ပြောင်းလဲ ဖော်ပြခဲ့တဲ့အတွက် Googleကို မက္ကဆီကိုက တရားစွဲလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး မြေပုံapp တစ်ခုဖြစ်တဲ့ Google Mapဟာ မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို အမေရိက ပင်လယ်ကွေ့လို့ ပြောင်းလဲ သုံးနှုန်းထားတဲ့အတွက် အခုလို တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းက ပြောပါတယ်။ အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

မက္ကဆီကို ပင်လယ်ကွေ့ဟာ အမေရိကန်၊ မက္ကဆီကို ကမ်းရိုးတန်းတွေနဲ့ ထိစပ်နေတဲ့ ကျယ်ပြောတဲ့ ရေပြင်ဖြစ်ပြီး နာမည်ပြောင်းဖို့ ကိစ္စကိုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဇန်နဝါရီလမှာ အထူးအမိန့်နဲ့ ညွှန်ကြားထားခဲ့တာပါ။ ပြီးတော့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က အဲဒီ နာမည် အပြောင်းအလဲ ကိစ္စကို တရားဝင် ဆောင်ရွက်ဖို့ မေလ ၈ ရက်နေ့မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ ရေပြင်မှာ ဖြစ်သမျှ အကြောင်းကိစ္စ အများစုကို အမေရိကန်ကပဲ ကိုင်တွယ် ဖြေရှင်းနေကြောင်း၊ အဲဒီရေပြင်ဟာ အမေရိကန်နဲ့ ပိုဆိုင်ကြောင်း ထရမ့်က ပြောဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ရှိန်ဘွမ်းရဲ့ မက္ကဆီကို အစိုးရကတော့ အမေရိကန်ဟာ နာမည်ပြောင်းချင်ရင်တောင် အမေရိကန် ကမ်းရိုးတန်းနဲ့ ဆက်စပ်တဲ့ အပိုင်းတွေကိုသာ ပြောင်းခွင့် ရှိမယ်လို့ ပြောပါတယ်။

ရှိန်ဘွမ်းဟာ ဇန်နဝါရီလ ကတည်းက Googleဆီ စာရေးသား ပေးပို့ပြီး မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို ပြောင်းမဖြစ်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီလမှာတော့ အခုကိစ္စကို တရားရုံးက စကားပြောမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး အခုတော့ တရားစွဲတဲ့ အဆင့်ကို ရောက်လာတာပါ။

ဖေဖော်ဝါရီလတုန်းကတော့ Googleဟာ နေရာဒေသတွေရဲ့ အမည်သတ်မှတ်ချက်တွေကို အစိုးရရဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေနဲ့ အညီသာ လုပ်ဆောင်တာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။ နောက်ပြီး မက္ကဆီကိုမှာ Google Map သုံးစွဲသူတွေဟာ မက္ကဆီကို ပင်လယ်ကွေ့ဆိုတဲ့ နာမည်နဲ့ပဲ တွေ့မြင်ရမှာဖြစ်ပြီး တစ်ကမ္ဘာလုံးကတော့ အမေရိက ပင်လယ်ကွေ့ဆိုတဲ့ နာမည် သတ်မှတ်ချက်ကို မြင်ရအောင် စီစဉ်ထားကြောင်း Googleက ပြောပါတယ်။

အဲဒီ နာမည် အပြောင်းအလဲ ကိစ္စဟာ ကျယ်ပြန့်တဲ့ ရိုက်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။ ဥပမာ AP သတင်းဌာနဟာ အမေရိက ပင်လယ်ကွေ့ဆိုတဲ့ အသုံးအနှုန်းကို လက်ခံပြောင်းလဲဖို့ ငြင်းဆိုတာကြောင့် အမေရိကန် အစိုးရနဲ့ အငြင်းပွားခဲ့ပြီး အိမ်ဖြူတော်ဖက်က APရဲ့ သတင်းယူပိုင်ခွင့် တချို့ကို ကန့်သတ်ခဲ့ပါတယ်။

သတင်းတွေအရ ထရမ့်ဟာ သူ့ရဲ့ လာမယ့် အရှေ့အလယ်ပိုင်း ခရီးစဉ် အတောအတွင်းမှာ ပါရှန်းပင်လယ်ကွေ့ကို အာရေးဘီးယား ပင်လယ်ကွေ့အဖြစ် အမေရိကန်က ပြောင်းလဲ ခေါ်ဝေါ်မယ့်အကြောင်း ကြေညာသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ပါရှန်း ဆိုတာဟာ ခေတ်သစ် အီရန်နိုင်ငံနဲ့ တိုက်ရိုက်ဆက်နွှယ်တဲ့ နာမည် ဖြစ်ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကတော့ ဒီကိစ္စဟာ အခြေအမြစ်မရှိတဲ့ ကောလာဟလမျိုးလို့သာ မှတ်ချက်ပေးခဲ့ပြီး တကယ်သာ နာမည်ပြောင်းမယ်ဆိုရင် အီရန်ပြည်သူ တစ်ရပ်လုံးက အကြီးအကျယ် ဒေါသထွက်ကြလိမ့်မယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။