Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေပုံ App မှာ မက္ကဆီကို ပင်လယ်ကွေ့ နာမည်ကို ပြောင်းလဲခဲ့တဲ့အတွက် Googleကို မက္ကဆီကို အစိုးရ တရားစွဲ

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို မြေပုံ appထဲမှာ ပြောင်းလဲ ဖော်ပြခဲ့တဲ့အတွက် Googleကို မက္ကဆီကိုက တရားစွဲလိုက်ပါတယ်။

The New York Times

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို မြေပုံ appထဲမှာ ပြောင်းလဲ ဖော်ပြခဲ့တဲ့အတွက် Googleကို မက္ကဆီကိုက တရားစွဲလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး မြေပုံapp တစ်ခုဖြစ်တဲ့ Google Mapဟာ မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို အမေရိက ပင်လယ်ကွေ့လို့ ပြောင်းလဲ သုံးနှုန်းထားတဲ့အတွက် အခုလို တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းက ပြောပါတယ်။ အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

မက္ကဆီကို ပင်လယ်ကွေ့ဟာ အမေရိကန်၊ မက္ကဆီကို ကမ်းရိုးတန်းတွေနဲ့ ထိစပ်နေတဲ့ ကျယ်ပြောတဲ့ ရေပြင်ဖြစ်ပြီး နာမည်ပြောင်းဖို့ ကိစ္စကိုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဇန်နဝါရီလမှာ အထူးအမိန့်နဲ့ ညွှန်ကြားထားခဲ့တာပါ။ ပြီးတော့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က အဲဒီ နာမည် အပြောင်းအလဲ ကိစ္စကို တရားဝင် ဆောင်ရွက်ဖို့ မေလ ၈ ရက်နေ့မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ ရေပြင်မှာ ဖြစ်သမျှ အကြောင်းကိစ္စ အများစုကို အမေရိကန်ကပဲ ကိုင်တွယ် ဖြေရှင်းနေကြောင်း၊ အဲဒီရေပြင်ဟာ အမေရိကန်နဲ့ ပိုဆိုင်ကြောင်း ထရမ့်က ပြောဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ရှိန်ဘွမ်းရဲ့ မက္ကဆီကို အစိုးရကတော့ အမေရိကန်ဟာ နာမည်ပြောင်းချင်ရင်တောင် အမေရိကန် ကမ်းရိုးတန်းနဲ့ ဆက်စပ်တဲ့ အပိုင်းတွေကိုသာ ပြောင်းခွင့် ရှိမယ်လို့ ပြောပါတယ်။

ရှိန်ဘွမ်းဟာ ဇန်နဝါရီလ ကတည်းက Googleဆီ စာရေးသား ပေးပို့ပြီး မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို ပြောင်းမဖြစ်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီလမှာတော့ အခုကိစ္စကို တရားရုံးက စကားပြောမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး အခုတော့ တရားစွဲတဲ့ အဆင့်ကို ရောက်လာတာပါ။

ဖေဖော်ဝါရီလတုန်းကတော့ Googleဟာ နေရာဒေသတွေရဲ့ အမည်သတ်မှတ်ချက်တွေကို အစိုးရရဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေနဲ့ အညီသာ လုပ်ဆောင်တာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။ နောက်ပြီး မက္ကဆီကိုမှာ Google Map သုံးစွဲသူတွေဟာ မက္ကဆီကို ပင်လယ်ကွေ့ဆိုတဲ့ နာမည်နဲ့ပဲ တွေ့မြင်ရမှာဖြစ်ပြီး တစ်ကမ္ဘာလုံးကတော့ အမေရိက ပင်လယ်ကွေ့ဆိုတဲ့ နာမည် သတ်မှတ်ချက်ကို မြင်ရအောင် စီစဉ်ထားကြောင်း Googleက ပြောပါတယ်။

အဲဒီ နာမည် အပြောင်းအလဲ ကိစ္စဟာ ကျယ်ပြန့်တဲ့ ရိုက်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။ ဥပမာ AP သတင်းဌာနဟာ အမေရိက ပင်လယ်ကွေ့ဆိုတဲ့ အသုံးအနှုန်းကို လက်ခံပြောင်းလဲဖို့ ငြင်းဆိုတာကြောင့် အမေရိကန် အစိုးရနဲ့ အငြင်းပွားခဲ့ပြီး အိမ်ဖြူတော်ဖက်က APရဲ့ သတင်းယူပိုင်ခွင့် တချို့ကို ကန့်သတ်ခဲ့ပါတယ်။

သတင်းတွေအရ ထရမ့်ဟာ သူ့ရဲ့ လာမယ့် အရှေ့အလယ်ပိုင်း ခရီးစဉ် အတောအတွင်းမှာ ပါရှန်းပင်လယ်ကွေ့ကို အာရေးဘီးယား ပင်လယ်ကွေ့အဖြစ် အမေရိကန်က ပြောင်းလဲ ခေါ်ဝေါ်မယ့်အကြောင်း ကြေညာသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ပါရှန်း ဆိုတာဟာ ခေတ်သစ် အီရန်နိုင်ငံနဲ့ တိုက်ရိုက်ဆက်နွှယ်တဲ့ နာမည် ဖြစ်ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကတော့ ဒီကိစ္စဟာ အခြေအမြစ်မရှိတဲ့ ကောလာဟလမျိုးလို့သာ မှတ်ချက်ပေးခဲ့ပြီး တကယ်သာ နာမည်ပြောင်းမယ်ဆိုရင် အီရန်ပြည်သူ တစ်ရပ်လုံးက အကြီးအကျယ် ဒေါသထွက်ကြလိမ့်မယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ရွှေ့ပြောင်း အခြေချသူတွေကို တောင်ဆူဒန်ဆီ နယ်နှင်ခဲ့တဲ့အပေါ် အမေရိကန် တရားသူကြီး သတိပေး

နိုင်ငံတကာ

တောင်တရုတ်ပင်လယ် ရေပြင်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန် ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် နှစ်နိုင်ငံ ကမ်းခြေစောင့် တပ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ဆန်းသစ်တဲ့ အနာဂတ် လေကြောင်း ကာကွယ်ရေး အစီအမံအဖြစ် ရွှေသား အမိုးခုံး (Golden Dome) စနစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

မက္ကဆီကို ရေတပ်ရဲ့ ရွက်သင်္ဘော တစ်စီးဟာ နယူးယောက်မြို့မှာ ဘရွတ်ကလင်း တံတားနဲ့ ငြိမိပြီး လူအသေအပျောက် ဖြစ်ခဲ့တဲ့ ကိစ္စကို အမေရိကန် အာဏာပိုင်တွေက ကိုင်တွယ် စုံစမ်းနေပါတယ်။

Facebook