မေ ၁၉၊၂၀၂၅။ထားမြတ်/People’s Spring
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁)တပ်ရင်းက ယမန်နေ့(မေလ၁၈ရက်) နံနက်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာနက ယနေ့(မေလ ၁၉ရက်) ထုတ်ပြန်သည်။
မေလ ၁၈ရက် နံနက် ၂နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ G-4 (၂)လက်၊ G-3 (၂)လက်၊ G-2 (၁)လက်၊ M-1 ကာဘိုင် (၉)လက်နှင့် ခဲယမ်းများ၊ ဆက်စပ်စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ဟု ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်နှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိမှု ရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement
ပဲခူးဒေသ စစ်ရေးအခြေအနေအပါအဝင် ဇီးတောကျေးရွာ စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက် မရသေးပေ။
စခန်းသိမ်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ် ကာကင်းစခန်းကို ရှင်းလင်းဖျက်စီးခဲ့သည်ဟု အသိပေးထားသည်။
ပဲခူးဒေသခံအချို့ကလည်း ဇီးတောရွာ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ဟု အသိပေးထားသကဲ့သို့စစ်ကောင်စီ ဝါဒဖြန့်သူအချို့ကလည်း ဇီးတောကျေးရွာ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရကာ အဆောက်အဦး မီးရှို့ခံရဟု လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။
အမှတ်(၂)စစ်ဆင်ရေးနယ်မြေရှိ PDF တပ်ရင်းတပ်ဖွဲ့များသည် အခြားသောတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် ခမရ(၅၉၈)တပ်ရင်းကို မေလ ၈ရက်တွင် သိမ်းပိုက်ခဲ့ပြီး နတ်တလင်းမြို့နယ် ဒမငယ်ရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းထားသည့် ရဲကင်းစခန်းကိုလည်း မေလ ၂ရက်က တိုက်ခိုက်ခဲ့သည်။


















































