နိုဝင်ဘာ – ၃ ၊၂၀၂၆
အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ စစ်သံမှူးကို ထိုင်းစစ်တပ် အကြီးအကဲ လက်ခံတွေ့ဆုံခဲ့ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့တုန်းက ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယူကရစ် ဘွန်တာနွန်ဟာ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးရဲ့ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းကို တော်ဝင်ထိုင်း စစ်တပ်ရဲ့ ဌာနချုပ်မှာ တွေ့ဆုံခဲ့တာလို့ သိရပါတယ်။
အဲဒီ တွေ့ဆုံမှုအတွင်း ထိုင်းနဲ့မြန်မာ စစ်တပ်တွေကြား ဆက်ဆံရေးအပေါ် နှစ်ဖက် အမြင်ဖလှယ်ခဲ့သလို အပြန်အလှန် နားလည်မှု တည်ဆောက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်သွယ်ရေး ကိစ္စတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးတွေက အထူးအရေးပါတယ် ဆိုတာကို သဘောတူ လက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

Public Service Announcement
ပြီးတော့ ရှိရင်းစွဲ ဆက်သွယ်မှုဆိုင်ရာ လမ်းကြောင်းတွေကနေ နှစ်ဖက်ကြား ယုံကြည်မှု မြှင့်တင် တည်ဆောက်ဖို့၊ နားလည်မှု လွဲမှားတာတွေ ဖြစ်ပေါ်နိုင်ခြေကို ရှောင်လွှဲဖို့ပါ ဆွေးနွေးခဲ့ကြောင်း ထိုင်းစစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒီတွေ့ဆုံမှုရဲ့ တကယ့် အကြောင်းရင်းကတော့ ထိုင်းနဲ့ နယ်စပ်နားက မြန်မာပိုင်နက်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ထိုင်းပြည်သူတွေ အထိတ်တလန့် ဖြစ်နေရတဲ့ကိစ္စ ဖြစ်နိုင်ပါတယ်။
မြန်မာစစ်တပ်ဟာ ကရင် တော်လှန်ရေးတပ်တွေနဲ့ တိုက်ခိုက်ရာမှာ နယ်စပ်နားထိ ဗုံးကြဲခဲ့တာကြောင့် ထိုင်းစစ်တပ်ရဲ့ F-16 တိုက်လေယာဉ် နှစ်စီးကိုတောင် နယ်စပ်ထိ စေလွှတ်ပြီး ကင်းလှည့် ပျံသန်းစေခဲ့ရပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်လောက်အတွင်း နယ်စပ်နားမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ မြန်မာဖက်က စစ်ရေး လုပ်ဆောင်မှုတွေဟာ ထိုင်းပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်မှု မရှိတာ သေချာအောင် သတိထား ဆောင်ရွက်ဖို့ ထိုင်းစစ်တပ်က အထူးအလေးအနက် ဆွေးနွေးပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
အခု တွေ့ဆုံမှုမှာတော့ အိမ်နီးချင်း နှစ်နိုင်ငံဟာ လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတယ် ဆိုတာကို ပြသနေပြီး နှစ်နိုင်ငံ စစ်တပ်တွေကြား ဆက်ဆံရေးကောင်းကို မြှင့်တင်မယ့် လမ်းကြောင်းသစ်တွေကိုလည်း ဆက်လက် ဖော်ထုတ်သွားမယ်လို့ ထိုင်းစစ်တပ် ဌာနချုပ် Facebook စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: Royal Thai Armed Forces Headquarters’s Post





















































