နိုဝင်ဘာ ၃၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့၊ ဝေယံထွန်းစျေး (၄၁ လမ်း ကုန်စိမ်းတန်းညစျေး)က ပျံကျစျေးသည်တွေကို နေရာရွှေ့လိုက်ပြီး ချပေးတဲ့နေရာကျဥ်းမြောင်းတာကြောင့် စျေးသည်တွေ အခက်တွေ့နေကြပါတယ်။
မဟာအောင်မြေမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနားလမ်းရှိ ဝေယံထွန်းစျေး(ခ)၄၁ လမ်း ကုန်စိမ်းတန်းညစျေးက ပျံကျစျေးသည်တွေ၊ သုံးဘီးစျေးသည်တွေကို လမ်းအနောက်ခြမ်း၊ သင်္ဘောကျင်းအနီးက မြောကွက်လပ်မှာ နေရာချထားဖို့ မန္တလေးစည်ပင်က စီစဥ်နေကြောင်း ဒေသခံအချို့က ပြောပါတယ်။
အဲဒီလို ရွှေ့ပြောင်းဖို့ စီစဥ်ရာမှာ ပျံကျစျေးသည်တစ်ဦးကို ၄ ပေ ၆ ပေ အကျယ်ပမာဏသာ ပေးထားပြီး နေရာကျဥ်းလွန်းနေတာကြောင့် စျေးသည်တွေ အခက်အခဲရှိနေကြောင်း စျေးသည် အချို့က ပြောပါတယ်။

Public Service Announcement
“နှစ်ဗန်းလည်း ခင်းမလောက်ဘူး။ ရောင်းတာက ကုန်စိမ်း။ ဝန်ကျယ်တယ်။ ပေးတဲ့နေရာက ကျဥ်းကျဥ်းလေး”လို့ စျေးသည်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စျေးရောင်းချရမယ့် ဘေးတန်းနေရာတွေဟာ ချိုင့်တွေနဲ့နီးတာ၊ လမ်းကျဥ်းတာတွေကြောင့် အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ သုံးဘီးသမား စျေးသည်တွေကိုတော့ ရှေ့မျက်နှာစာ ၆ ပေ၊ အနောက်မျက်နှာစာ ၉ ပေ ပေးထားတယ်လို့ သိရပါတယ်။
၄၁ လမ်း ကုန်စိမ်းတန်းညစျေးဟာ အထက်မြန်မာပြည်ရဲ့ အကြီးဆုံး ကုန်စိမ်းစျေးကြီးဖြစ်ပြီး မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းထဲက ကုန်စိမ်းတွေအများဆုံး ဖြန့်ဖြူးရောင်းချနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မတ်လအတွင်းကလည်း အဆိုပါ ကုန်စိမ်းတန်းညစျေးဝန်းကျင် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့လို့ ဝေယံထွန်းဆိုတဲ့ ကုန်စိမ်းတန်းညစျေးက ပျံကျအလုပ်သမားလေး ကျဆုံးခဲ့ရဖူးပါတယ်။ ဒါ့ကြောင့် အဲဒွစျေးကို ဝေယံထွန်းစျေးဆိုပြီး ဂုဏ်ပြုခေါ်ဝေါ်ခဲ့ပါတယ်။





















































