Connect with us

Hi, what are you looking for?

သတင်း

ရခိုင်-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ပိုအဆင်ပြေ​​​အောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့အိန္ဒိယလုပ်ငန်းရှင်​တွေMOUလက်မှတ်ထိုး

ကုန်သွယ်ရေးအဆင်ပြေ​​​အောင်၊သယ်ယူစရိတ်တွေသက်သာ​​အောင်လုပ်ဖို့သဘောတူ

(ULA/AA နယ်စပ်တာ၀န်ရှိသူတွေနဲ့ မီဇိုလုပ်ငန်းသုံးယာဉ်ပိုင်ရှင်များအသင်းတို့ အတူတွေ့ရစဉ်။ ဓါတ်ပုံ - Zothlifim)

နိုဝင်ဘာ-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သည်တွေ ကုန်သွယ်ရတာ ပိုမိုအဆင်ပြေချောမွေစေဖို့ ရည်ရွယ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟာခရိုင် မီဇီုလုပ်ငန်းသုံးယာဉ်ပိုင်ရှင်များအသင်း(MCVOA)တို့ နှစ်ဘက်သဘောတူ နားလည်မှုစာလွှာ(MOU)ရေးထိုးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ၂၉ ရက်နေ့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ နယ်စပ်ရေးရာတာဝန်ရှိသူတွေနဲ့ ယာဉ်ပိုင်ရှင်များအသင်းတို့ ဆိုင်းဟာမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

“အဓိကတော့ ကုန်သွယ်ရေးတွေပိုအဆင်ပြေဖို့လုပ်ကြတာပါပဲ၊သယ်ယူပို့ဆောင်ရေးစရိတ်တွေတပြေးညီ၊ သက်သာအောင်လုပ်ကြတာပါ။ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်တာတွေ မရှိအောင်၊ နားလည် မှုလွဲတာတွေမဖြစ်အောင်ပေါ့” လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဝန်ထမ်းတဦးက လူထု​​နွေဦးကိုပြောပါတယ်။နယ်စပ်လမ်းတလျှောက် ရေလမ်း၊ ကုန်လမ်းတွေမှာ သယ်ယူပို့ဆောင်စရိတ်တွေ တပြေးညီဖြစ်စေဖို့၊ သင့်တင့်မျှတ တဲ့စျေးနှုန်းဖြစ်စေဖို့၊ နယ်စပ်ဂိတ်တွေကို နေ့စဉ် ည ၈ နာရီထိ ပုံမှန်ဖွင့်လှစ်ဖို့၊ အချင်းချင်းကြား နားလည်မှုလွဲမှားတာတွေမဖြစ်​အောင် စောင့်ထိန်းကြဖို့ စတဲ့အချက်​တွေကိုသဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မီဇိုရမ်ပြည်နယ်အတွင်းက အခြားသော အဖွဲ့အစည်းတွေနဲ့လည်း တွေ့ ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

ရခိုင်ကုန်သည်တွေနဲ့ မီဇိုပြည်အတွင်းရှိ ကားသမားတွေ၊ မရာလူငယ်အဖွဲ့တို့နဲ့ အချင်းချင်းနားလည်မှုလွဲတာတွေ မကြာခဏဖြစ်ပြီး အဲဒီလိုဖြစ်တိုင်းလည်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားရတာကြောင့် အိန္ဒိယ နိုင်ငံက ကုန်စည်တွေကို အားထားနေရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ ကုန်စျေးနှုန်းတက်တာတွေ ကြုံရပါတယ်။

အဲဒီလိုအခက်အခဲတွေဖြစ်ပြီးနောက်ပိုင်းအခုလို အပြန်အလှန်ညှိနှိုင်းကာ သဘောတူညီချက်ရေးထိုးခဲ့ကြတာဖြစ် ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မီဇိုဒေသခံလူငယ်တွေနဲ့ ကုန်သည်တွေကြေား အငြင်းပွားမှုဖြစ်ခဲ့ပြီး ကုန်သွယ် ရေးလမ်းကြောင်း ယာယီပိတ်နေခဲ့ကာ မရာလူငယ်အစည်းအရုံး(MTP)နဲ့ နယ်စပ်တာဝန်ရှိသူတို့ ညှိနှိုင်းပြီးနောက် ပြန်အဆင်ပြေသွားခဲ့ကြပါတယ်။

အခုလို နှစ်ဘက်သဘောတူညီချက်ရေးထိုးနိုင်ခဲ့ကြတာဟာ နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်အကျိုးရှိတယ်လို့ ရခိုင်-အိန္ဒိယကုန်သွယ်နေတဲ့ ကုန်သည်တဦးက ပြောပါတယ်။

“အစိုးရနှစ်ရပ် တရားဝင်လက်မှတ်ထိုးတာမဟုတ်ပေမယ့်သူတို့ဆီမှာက အရပ်ဖက်အဖွဲ့တွေဩဇာရှိတယ်။သူတို့ နဲ့အဆင်ပြေရင် တော်တော်ကြီးကို အဆင်ပြေနေပြီ။ အခုလို လုပ်လိုက်တဲ့အခါကျတော့ ကားခတွေ၊ လှေခတွေသက်သာသွားမယ်။ အရင်ကဆိုရင်စျေးပိုတောင်းတာတွေနဲ့ ကြုံရတယ်” လို့အထက်ပါကုန်သည်က ဆက်​ပြောပါတယ်။

အခုလိုသယ်ယူပို့ဆောင်ခတွေညှိနှိုင်းသဘောတူခဲ့ကြတာကြောင့် ရခိုင်နဲ့ ချင်းပြည်ဆီ တင်သွင်းမယ့်ကုန်စည်တွေ ဟာလည်း စျေးကျလာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်အတွင်းက ဒေသခံပြည်သူတွေဟာ ဒေသတွင်းတိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်းစစ်တပ်ကပြည်မဘက်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်လိုက်တာကြောင့် ကုန်စည်၊ ဆေးဝါးအခက်အခဲတွေကြုံခဲ့ ကြရပါတယ်။ဒါ့​ကြောင့် နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကတွေ အတိုင်းအတာတခုထိ တင်သွင်းခွင့်ရနေခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနယ်စပ်ကုန်သွယ်ရေးဟာ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းတခုမဟုတ်သေးတာကြောင့် ပိတ်လိုက်၊ ဖွင့်လိုက်အခြေအနေဖြစ်နေတာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ တရားဝင်ကုန်သွယ်ခွင့်ရရှိဖို့ ကြိုးစားနေပြီး လက်ရှိမှာလည်းအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ်တွေ၊ လူငယ်အဖွဲ့တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ပုံမှန်ဆက်တံရေးရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“အစိုးရနှစ်ရပ်ကြားဆက်ဆံရေးသဘောမဟုတ်ပေမယ့် အတိုင်းအတာတခုထိတော့ AA က ဆက်ဆံရေးထူထောင် ထားနိုင်တယ်လို့ ပြောလို့ရတယ်။ AA ကလည်း ကုလားတန်စီမံကိန်းကိစ္စတွေ၊ကုန်သွယ်ရေးကိစ္စတွေမှာ အိန္ဒိယနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားနေတာတွေ့ရတယ်”လို့ AA နဲ့နီးစပ်တဲ့ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အိန္ဒိယနယ်စပ်အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်က နေလည်း ဒေသတွင်းပြည်သူတွေအတွက် ကုန်စည်၊ ဆေးဝါးတွေ တင်သွင်းနေပါတယ်။ စစ်တပ်ဟာ ရခိုင်ပြည်အတွင်းကို ကုန်စည်၊ ဆေးဝါးတင်သွင်းခွင့်နဲ့ လမ်းကြောင်းတွေ ပိတ်ဆို့၊ ဖြတ်တောက်ထားသလို ရခိုင်ဒေသတွင်း စျေးတွေ၊ ကုန်သွယ်ရေးလမ်းကြောင်းနေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။

လက်ရှိမှာ AA ဟာရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက် ထိန်း ချုပ်ထားပြီး လက်ကျန် စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့ကိုသိမ်းပိုက်နိုင်ဖို့လည်း ထိုးစစ်ဆင်နေပါတယ်။

ဆက်စပ်သတင်းများ

Facebook