Connect with us

Hi, what are you looking for?

သတင်း

CI ဖျက်သိမ်းရေးဆန္ဒပြပွဲ အကြမ်းဖက်သူတွေကို ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ ထပ်မံတိုင်ကြား

အမှုလက်ခံပြီး ရဲတပ်ဖွဲ့ဖိအားပေးသွားမယ်လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင် ပြော

(ဘန်​ကောက်မြို့ရှိ ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနေတဲ့ Bright Future မှ ဆူရတ်ဂ်ျဂီရီ ကို​တွေ့ရစဥ်။ ဓါတ်ပုံ - ပေးပို့ )

နိုဝင်ဘာ-၃၊ ၂၀၂၆။နေ့သစ်/People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ မြန်မာလုပ်သားအ​ရေးဆန္ဒပြပွဲကိုလာ​​ရောက်​နှောက်ယှက်ပြီး အကြမ်းဖက်ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသားရေးသမားဆိုသူ​တွေကို ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ သွားရောက်တိုင်ကြားခဲ့တယ်လို့ ကျူးလွန်ခံရသူ Bright Future က ဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့ နိုတင်ဘာ ၃ရက် မနက်ပိုင်းမှာ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ သွားရောက်တိုင်ကြားခဲ့တာလို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

“သူတို့လည်း အမှုဖြစ်စည်ကို သိထားပြီပေါ့။ အမှုကို လက်ခံတယ်။ လူ့အခွင့်အရေးမှာ ဥက္ကဌ ခုနစ်ယောက်ရှိတာ အဲဒီထဲက တစ်ယောက်က လက်ခံလိုက်တယ်။ သူတို့အနေနဲ့ ရဲတပ်ဖွဲ့ကို ဖိအားပေးလုပ်ဆောင်မယ်လို့ ပြောလိုက်တယ်။ အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ပုံတွေ၊ ကိုင်တွယ်ပုံတွေကို စောင့်ကြည့်ပြီး အမှုမြန်မြန်တည်ဆောက်နိုင်အောင် ဖိအားပေးသွားမယ်လို့ ပြောလိုက်တယ်”လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁ရက် မနက်ပိုင်းမှာ ထိုင်း​ရောက်မြန်မာလုပ်သား​တွေစုစည်းထားတဲ့ Bright Future ရဲ့ဆူရတ်ဂ်ျဂီရီအပါအဝင် မြန်မာလုပ်သား​တွေက CIဖျက်သိမ်း‌ပေးရေး၊ ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့ နေထိုင်လုပ်ကိုင်ခွင့်ပေးရေး၊ စစ်တပ်ဆီ အခွန်မ​ဆောင်​ရေး၊ ဖက်ဒရယ်ဒီမိုက​ရေစီရရှိ​ရေး၊ စစ်အာဏာရှင်စနစ်ကျရှုံး​ရေး စတဲ့​ကြွေး​ကြော်သံ​တွေ ​ကြွေး​​ကြော်ပြီး ဘန်ကောက်မြို့က UN ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

စတင်ဆန္ဒပြလို့ မိနစ် ၂၀ ​​ကျော်အကြာမှာ ထိုင်းအမျိုးသားရေးအစွန်း​ရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေးလို့ လူသိများသူရဲ့ အဖွဲ့က လူ ၁၀ဦးလောက်ဟာ ကားနဲ့​ရောက်လာပြီး ဆန္ဒပြပွဲဦး​ဆောင်သူ ဆူရတ်ဂ်ျဂီရီကို အကြမ်းဖက်ထိုးကြိတ်ခဲ့ကြတယ်လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

တရားဝင်ခွင့်ပြုချက်နဲ့ တရားဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်မှုအပေါ် အကြမ်းဖက်ခဲ့ကြသူတွေကို ဥပဒေအရ တိုင်ကြားတာလို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

ဒါ့ကြောင့် မနေ့က နိုဝင်ဘာ ၂ရက်ကလည်း ဘန်ကောက်မြို့က Nanglerng ရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့်တိုင်ကြားရာ ထိုင်းရဲတပ်ဖွဲ့က အမှုကို လက်ခံလိုက်တယ်လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

” လူ့အခွင့်အရေးကော်မရှင်က မေးတယ်ပေါ့။ ဥပဒေအတိုင်း ဆန္ဒထုတ်ဖော်တာကို အကြမ်းဖက်ခ့ရတာဆိုတော့ လူ့အခွင့်အရေးအရ သူတို့ ကူညီမယ်ပေါ့။ နောက်ပြီး CI ကို ဘာကြောင့် ဖျက်သိမ်းချင်တာဆိုတာ မေးတယ်။ CI ဆိုတာ မြန်မာစကစက လုပ်တဲ့ အခွန်ပေါ့။ ထိုင်းနဲ့မသက်ဆိုင်ဘူးပေါ့။ ကျနော်တို့က ထိုင်းအစိုးရကိုပဲ ပန်းရောင်ကတ်လုပ်ပြီး အခွန်ဆောင်ချင်တယ်ပေါ့။ အခုက အခွန်နှစ်ထပ်ဖြစ်နေတယ်ဆိုတာ ရှင်းပြခဲ့တယ်။ အဲဒါကို သူတို့လည်း လက်ခံတယ်”လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအပေါ် အကြမ်းဖက်ရန်ပြုနဲ့ ပတ်သက်ပြီး ထိုင်းအတိုက်အခံပါတီက လွှတ်တော်အမတ်တစ်ဦးက အပြင်းအထန်ရှုတ်ချခဲ့ပြီး နိုင်ငံရေးအမြင် သဘောထားကွဲလွဲမှုတွေကြောင့် အကြမ်းဖက်ရိုက်နှက်ခွင့် မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ တာဝန်ရှိသူတွေကိုလည်း လူမျိုးမခွဲခြားဘဲ စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့ တိုက်တွန်းထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ -MWGကလည်း ကန့်ကွက်ကြောင်း စာထုတ်ပြန်ထားပါတယ်။

ထိုင်းအတိုက်အခံပါတီဖြစ်တဲ့ People’s Party ဘန်ကောက်လွှတ်တော်အမတ်ကလည်းဆန္ဒပြသူ​တွေကို ​နှောက်ယှက်တိုက်ခိုက်တဲ့ဖြစ်ရပ်မျိုးဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ လုံးဝမဖြစ်သင့်ဘူးလို့ ပြောဆိုပြီး ရှုတ်ချထားပါတယ်။

ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်ကို သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ အကြမ်းဖက်ခံရသူဟာ ထိုင်းနိုင်ငံသားဖြစ်စေ၊ ရွှေ့ပြောင်းအလုပ်သမားဖြစ်စေ လူတိုင်းဟာဥပဒေအောက်မှာတန်းတူညီမျှတဲ့ အကာအကွယ်ရပိုင်ခွင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။ ဆန္ဒပြပွဲမှာ ဥပဒေချိုးဖောက်မှုရှိတယ်လို့ ယူဆရင် ဥပဒေနဲ့အညီ မျှမျှတတ ဖြေရှင်းရမှာဖြစ်ပြီး လမ်းပေါ်မှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်တာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေဟာ ရိုက်နှက်မှုကို တားဆီးပြီး အဲဒီနေရာကနေ အကြမ်းဖက်ခံရသူကို ခေါ်ထုတ်ပေးရုံနဲ့ တာဝန်ပြီးဆုံးသွားတာ မဟုတ်ဘူးလို့လည်း ထိုင်းလွှတ်တော်အမတ်က ထောက်ပြခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာက CCTV မှတ်တမ်းတွေနဲ့ အခြားဗီဒီယိုမှတ်တမ်းတွေကို စစ်ဆေးဖို့၊ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့နဲ့ သူတို့ရဲ့ ရာထူး၊ လူမျိုး၊ နိုင်ငံသားဖြစ်မှု၊ နိုင်ငံရေးအမြင်တွေကို မကြည့်ဘဲ ဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ သူက ဆက်လက်တိုက်တွန်းထားပါတယ်။

ဒါအပြင် ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ (PP)ကငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြန်မာ အလုပ်သမားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ထိုင်းအမျိုးသားရေး ဝါဒီ နာမည်ခံ အဖွဲ့ရဲ့လုပ်ရပ်ကိုရှုတ်ချ​ကြောင်းထုတ်ပြန်လိုက်ပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုဘက်မလိုက်ဘဲမျှမျှတတလုပ်ဖို့လိုကြောင်း၊နိုင်ငံသားဖြစ်မှု၊တရားဝင်နေထိုင်မှုနဲ့ နိုင်ငံရေး အယူအစွဲ ဘာမှမပတ်သက်တဲ့ စစ်ဆေးမှုတွေ ဖြစ်ဖို့ အရေးကြီးကြောင်းလည်း PPက ဆိုပါတယ်။အမြင်တူတဲ့ သူကိုပဲ ကာကွယ်ပေးပြီး အမြင်ကွဲပြားသူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုကို မျက်ကွယ် ပြုထားမယ်ဆိုရင် နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုဆိုတာ အဓိပ္ပါယ် မဲ့သွားလိမ့်မယ်လို့လည်း PPက ထုတ်ပြန်သွားပါတယ်။

ဆန္ဒပြပွဲကို လာရောက်ရန်ရှာသူတွေဟာ အာဏာသိမ်းစစ်အုပ်စု နဲ့ CI စခန်းတွေ လုပ်ကိုင်ခွင့်ရထားသူတွေရဲ့ စေခိုင်းမှုတွေကြောင့် လာ​ရောက်ရန်ရှာတာလို့ ဆူရတ်ဂ်ျဂီရီက သုံးသပ်ပါတယ်။

Bright Future ကွန်ယက်ဟာ လတ်တလောမှာ ထိုင်းရောက်မြန်မာလုပ်သားတွေကို စစ်တပ်က လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ပွဲစားတွေဖမ်းဆီးအရေးယူပေးရေး ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်က ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီဆီသွားရောက်တောင်းဆိုခဲ့ပါတယ်။

Bright Futureအဖွဲ့ နဲ့ဆူရတ်ဂ်ျဂီရီဟာထိုင်းရောက်မြန်မာလုပ်သားတွေအရေး စဥ်ဆက်မပြတ်တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook