ဇွန်- ၂၆၊ ၂၀၂၅။ဇေအောင်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဘုရားပြင်ဖို့ဆိုပြီး အကြောင်းပြကာ အိမ်ဆောက်ဖို့အတွက် သယ်လာတဲ့ ပျူခေါင်းဆောင်ရဲ့ ဘိလပ်မြေကားကို PDF တွေက သိမ်းဆည်းလိုက်ပါတယ်။
ဇွန်လ (၂၃)ရက်နေ့ ညနေ (၃) နာရီခန့်က မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းပေါ်မှာ ဆင်ချောင်းရွာပျူခေါင်းဆောင် လင်းထင်ဆိုသူရဲ့ ဘိလပ်မြေတင်ဆောင်လာတဲ့ကားကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း Southern YSO PDF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
ဘိလပ်မြေ သယ်ယူခွင့်ဟာ ဘုရားစေတီပြင်ဖို့အတွက်လို့ မျှောစာမှာ တွေ့ရပေမဲ့ တကယ်တော့ ပျူခေါင်းဆောင်လင်းထင်ရဲ့တပည့် ပျူစောထီးတင်မိုးရဲ့အိမ် ဆောက်ဖို့အတွက် သယ်လာတာလို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement
“ပျူတင်မိုးက ဆင်ချောင်း ပျူခေါင်းဆောင် လင်းထင်ရဲ့ အိမ်အနီးမှာ အိမ်ဝိုင်းဝယ် တိုက်ဆောက်နေပါတယ်။ဘိလပ်မြေတွေက ဘုရားတည်ဖို့ အကြောင်းပြပြီး ပျူကောင်ကို အိမ်ဆောက်ပေးဖို့ အတွက်သယ်နေတာ။”လို့ Southern YSO PDF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ဘိလပ်မြေအိတ်အရေအတွက်ကိုတော့ Southern YSO PDFက ထုတ်ပြန်ထားခြင်းမရှိပါဘူး။
အရင်ကလည်း ပခုက္ကူ-ရေစကြိုလမ်းပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးအတွက်သယ်လာတဲ့ စားဆီတွေကိုလည်း သိမ်းဆည်းခံရဖူးတယ်လို့ သိရပါတယ်။


















































