Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီလွန်မတ်စ်ခ်ရဲ့ Tesla ကုမ္ပဏီထုတ် လျှပ်စစ်ကားတွေ စံချိန်တင် ရောင်းအားကျဆင်းမှုကြုံ

အီလွန်မတ်စ်ခ် ပိုင်ဆိုင်ထားတဲ့ အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ Teslaဟာ နှစ်အလိုက် နှိုင်းယှဉ်မှုတွေအရ စံချိန်တင် အရောင်းကျဆင်းတဲ့ ကာလ အပိုင်းအခြား တစ်ခုကို ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။

Getty Images

အီလွန်မတ်စ်ခ် ပိုင်ဆိုင်ထားတဲ့ အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ Teslaဟာ နှစ်အလိုက် နှိုင်းယှဉ်မှုတွေအရ စံချိန်တင် အရောင်းကျဆင်းတဲ့ ကာလ အပိုင်းအခြား တစ်ခုကို ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။

ဇူလိုင် ၂ ရက်နေ့က ကုမ္ပဏီ ထုတ်ပြန်ချက်အရ ၂၀၂၅ ဒုတိယ ၃ လပတ် အတောအတွင်း Teslaရဲ့ လျှပ်စစ်ကား အစီးရေ ၃၈၄၁၂၂ စီး ရောင်းချခဲ့ရကြောင်း သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူ ၃ လပတ် ကာလနဲ့ ယှဉ်ရင် အစီးရေ ၆၀၀၀၀ နီးပါး ရောင်းအားကျသွားတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

နောက်ပြီး နှစ်အလိုက် နှိုင်းယှဉ်မှုတွေအရ ၁၃.၅ ရာခိုင်နှုန်း အနုတ်လက္ခဏာ ပြသွားခြင်းဟာ ကုမ္ပဏီအတွက် စံချိန်တင် ရောင်းအားကျဆင်းမှု ဖြစ်လာပါတယ်။ ဒါပေမဲ့ ၂၀၂၅ ရဲ့ ပထမ ၃ လပတ်နဲ့ ယှဉ်ရင်တော့ ဒုတိယ ၃ လပတ် ရောင်းအားဟာ ၁၄.၁ ရာခိုင်နှုန်း တက်ရိပ်ပြန်ပြလာပါတယ်။

ရောင်းအားကျဆင်းမှု ပြဿနာတွေနဲ့ ကြုံနေရပေမယ့် ဇူလိုင် ၂ ရက်နေ့ ရှယ်ယာစျေးတွေမှာ ကုမ္ပဏီရဲ့ ရှယ်ယာတွေက တန်ဖိုး ၄ ရာခိုင်နှုန်းလောက် တက်ရိပ်ပြပြီး စဖွင့်ခဲ့တာကို တွေ့ရပါတယ်။ အဲဒါကလည်း ဒီထက်ပိုဆိုးတဲ့ ရောင်းအား ကျဆင်းမှုမျိုးကို လေ့လာသူ တချို့က ကြိုတင် မှန်းဆထားပေမယ့် အခြေအနေ အဲဒီလောက် မပြင်းထန်ခဲ့တာကြောင့်ပါ။

Public Service Announcement

Public Service Announcement

Teslaရဲ့ လျှပ်စစ်ကား ရောင်းအားတွေ ကျဆင်းနေမှုရဲ့ အဓိက အကြောင်းရင်း နှစ်ခုကတော့ မတ်စ်ခ်ဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရ အဖွဲ့ထဲမှာ ပါဝင်ပြီး နိုင်ငံရေး ကဏ္ဍမှာ လှုပ်ရှားခဲ့ပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်တွေကို လူကြိုက်နည်းခဲ့တာ၊ ပြီးတော့ တရုတ်အပါအဝင် နိုင်ငံတကာ လျှပ်စစ်ကား စျေးကွက်မှာ အားကောင်းတဲ့ ယှဉ်ပြိုင်မှုတွေ ကြုံလာနေရတာတွေကြောင့် ဖြစ်ပါတယ်။

မတ်စ်ခ်ဟာ အစိုးရ အသုံးစရိတ် လျှော့ချရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖက်ဒရယ် အစိုးရ ဝန်ထမ်းတွေ ထောင်သောင်းချီ အလုပ်ပြုတ်အောင် ဦးဆောင် လှုပ်ရှားခဲ့တာကြောင့် အကြီးအကျယ် လူမုန်းခံခဲ့ရပါတယ်။ အခုတော့ သူဟာ ထရမ့်နဲ့ပါ ပြဿနာတက်ပြီး အစိုးရ အဖွဲ့ထဲမှာလည်း ဆက်ရှိမနေတော့ပါဘူး။

မတ်စ်ခ်ရဲ့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားမှုတွေကို အဓိက ဆန့်ကျင် ဝေဖန်မှုတွေ ရှိခဲ့တဲ့ အမေရိကန်၊ ဥရောပ စျေးကွက်နှစ်ခုမှာ Teslaရဲ့ ကားရောင်းအားက သိသိသာသာ ကျဆင်းခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ တစ်ဖက်မှာတော့ အဲဒီစျေးကွက် နှစ်ခုစလုံးမှာ လျှပ်စစ်ကား ရောင်းအားက ပိုမိုတိုးလာတာကြောင့် Teslaရဲ့ ပြိုင်ဘက်တွေက စျေးကွက်ဝေစု ပိုရလာနေတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Teslaဟာ လျှပ်စစ်ကား ကုမ္ပဏီတစ်ခု အနေနဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပေမယ့် အနောက်နိုင်ငံတွေရဲ့ အစဉ်အလာ ကြီးမားတဲ့ ကားကုမ္ပဏီတွေကပါ အဲဒီစျေးကွက်ထဲ ပါဝင်ယှဉ်ပြိုင်လာနေသလို တရုတ် ကုမ္ပဏီတွေဆီကလည်း အားကောင်းတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် Teslaရဲ့ မဟာဗျူဟာ စျေးကွက်ဖြစ်တဲ့ တရုတ်မှာ ပြည်တွင်း ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေက သိသိသာသာ ရောင်းအားတက်လာပြီး Teslaရဲ့ စျေးကွက်ဝေစုကိုပါ ထိခိုက်လာစေပါတယ်။

ဒါ့အပြင် Teslaဟာ နှစ်စဉ် လျှပ်စစ်ကားရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်ခဲ့တဲ့ ဂုဏ်ပုဒ်ကိုပါ တရုတ်ပြိုင်ဘက် BYDဆီ ဆုံးရှုံးရတော့မယ့် အခြေအနေ ကြုံနေရပါတယ်။ အခုနှစ် ပထမ နှစ်ဝက်အတွင်း BYDဟာ လျှပ်စစ်ကား အစီးပေါင်း ၁ သန်းကျော် ရောင်းချထားပြီး ဖြစ်ပေမယ့် Teslaကတော့ အစီးရေ ၇၂၁၀၀၀ လောက်သာ ရောင်းထွက်ထားသေးကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။