Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ မုတ်သုံမိုးတွေ သည်းထန်လို့ ၂၄ နာရီအတွင်း ၆၀ ကျော် သေဆုံး

ပါကစ္စတန် နိုင်ငံရဲ့ ပန်ဂျပ်ပြည်နယ်ထဲမှာ သည်းသည်းထန်ထန် ရွာသွန်းတဲ့ မုတ်သုံမိုးကြောင့် ၂၄ နာရီအတွင်း ၆၀ ကျော်သေပြီး ၃၀၀ နီးပါး ဒဏ်ရာတွေ ရခဲ့ပါတယ်။

Getty Images

ပါကစ္စတန် နိုင်ငံရဲ့ ပန်ဂျပ်ပြည်နယ်ထဲမှာ သည်းသည်းထန်ထန် ရွာသွန်းတဲ့ မုတ်သုံမိုးကြောင့် ၂၄ နာရီအတွင်း ၆၀ ကျော်သေပြီး ၃၀၀ နီးပါး ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဇူလိုင် ၁၆ ရက် မနက်ပိုင်းကစလို့ ပန်ဂျပ်ပြည်နယ်ရဲ့ အစိတ်အပိုင်း အများအပြားမှာ မိုးတွေ သည်းကြီးမည်းကြီး ရွာချခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ရေကြီးတာ၊ မြေပြိုတာ၊ တံတားကျိုးတာ၊ သစ်ပင်တွေ ပြိုလဲတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စုစုပေါင်း သေဆုံးသူ ၆၃ ဦး ရှိတဲ့ထဲက အများစုဟာ ဒေသတွင်းက တံတားတွေ ကျိုးရာက ရေထဲ မျောပါခဲ့ကြတာဖြစ်ပြီး ရေနစ်လို့၊ သစ်ပင်ပိလို့၊ ဓာတ်လိုက်လို့ သေဆုံးခဲ့သူတွေလည်းရှိကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနက ကြေညာခဲ့ပါတယ်။ ဒဏ်ရာရသူကတော့ ၂၉၀ လောက်ထိ ရှိခဲ့ပါတယ်။

အစ္စလာမ်မာဘတ် မြို့တော်နားက ရာဝယ်လ်ပင်ဒီ မြို့မှာတော့ မြို့အာဏာပိုင်တွေက ဇူလိုင် ၁၇ ရက်နေ့ကို ရုံးပိတ်ရက်အဖြစ် အရေးပေါ် ကြေညာပေးခဲ့ပြီး လူတွေကို အိမ်မှာပဲ နေကြဖို့ အကြံပြုခဲ့ပါတယ်။ ပြီးတော့ တဟုန်ထိုး ရေတက်လာနေတဲ့ မြစ်တွေရဲ့ ကမ်းနဖူးမှာ နေထိုင်သူတွေကို ချက်ချင်း ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန်မှာ မုတ်သုံမိုးရာသီ စတင်ဝင်ရောက်ချိန် ဇွန်လ နှောင်းပိုင်းကကစပြီး အခုဆိုရင် ရာသီဥတုကြောင့် သေဆုံးသူ ၁၈၀ ဝန်းကျင်လောက်ထိ ရှိလာခဲ့ပါပြီ။ အဲဒီထဲက ထက်ဝက်လောက်ဟာ ကလေးတွေပါ။

ပန်ဂျပ်မှာတော့ ရေကြီးမှုတွေကြောင့် ရထားလမ်း၊ ကားလမ်းတချို့ကို ပိတ်ထားရပြီး လေယာဉ် ခရီးစဉ်တွေ ဒါဇင်နဲ့ချီ နှောင့်နှေးတာတွေ ကြုံခဲ့ရပါတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာတော့ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး မာယက်နာဝက်ဇ်က ပြည်နယ်ရဲ့ အစိတ်အပိုင်း တချို့မှာ ရာသီဥတု အရေးပေါ် အခြေအနေတွေ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်နယ်အစိုးရရဲ့ အဖွဲ့အစည်း အသီးသီးဟာ အခြေအနေတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ အစွမ်းရှိသမျှ ကြိုးစားနေတယ်လို့ သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပြီး ပြည်သူတွေ အနေနဲ့ တာဝန်ရှိသူတွေ ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားခဲ့ပါတယ်။

လူဦးရေ သန်း ၂၅၀ နီးပါးရှိတဲ့ ပါကစ္စတန် နိုင်ငံဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို အဆိုးဆုံး ခံစားရတဲ့ နိုင်ငံတွေထဲက တစ်ခုအဖြစ် ပညာရှင်တွေက သတိပေး ထောက်ပြထားပါတယ်။ အထူးသဖြင့် ပါကစ္စတန်ဟာ လွန်ကဲတဲ့ ရာသီဥတု အခြေအနေ နှစ်ရပ်ကို အဆိုးဆုံး ခံစားရနိုင်ခြေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ တစ်ခုက အပူချိန် အရမ်းမြင့်ပြီး မိုးခေါင်တာ၊ နောက်တစ်ခုကတော့ မုတ်သုံရာသီမှာ မိုးတွေ အလွန်အကျွံ ရွာသွန်းတာမျိုးလို့ သိရပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ အပြန်အလှန် အမွှန်းတင် ချီးကျူးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေကို လှောင်ပြောင်သရော်တဲ့ ပိုးဟပ်ပါတီ နိုင်ငံရေး လှုပ်ရှားမှုဟာ အိန္ဒိယကနေ ပါကစ္စတန်ကို ကူးစက်သွားပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ စစ်လေယာဉ်တွေ အမေရိကန် တိုက်ခိုက်ဖျက်ဆီးတာ ခံရမှာစိုးလို့ ပါကစ္စတန်က လက်ခံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ CBS သတင်းဌာနက ပါကစ္စတန်ဟာ နိုင်ငံရဲ့ လေတပ်စခန်းတွေ၊ လေယာဉ်ကွင်းတွေမှာ အီရန် စစ်လေယာဉ်တွေ ပြောင်းရွှေ့ အခြေစိုက်မှုကို လက်ခံပေးထားတာ ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ပါကစ္စတန်ဟာ အီရန်နဲ့...