ဇူလိုင်-၂၄၊၂၀၂၅။လူအေး/People’s Spring
ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့များဖြစ်သောမြဝတီနှင့်တာချီလိတ်မြို့တွင်သောင်ရင်းနှင့် မဲဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်၌ကျော်လွန်နေ၍ရေဘေးကြုံတွေ့နေပြီးလက်ရှိတွင်ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းမှ မြစ်လေးစင်း စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေသည်။
သောင်ရင်းမြစ်ရေသည်မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့် နှင့် မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော် ကျော်လွန်နေခြင်းဖြစ်သည်။ ဆက်မြင့်တက်လာနိုင်၍ရေဘေးသတိပေးချက်များကို လူမှုကူညီအဖွဲ့များကဆက်လက်ထုတ်ပြန်ထားသည်။
သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၁၀ စုနှစ် တစ်စုအတွင်းအမြင့်ဆုံးစံချိန်ကိုရောက်ရှိနေပြီး၊မြစ်ရေဆက်တက်နိုင်သဖြင့် ဒေသခံပြည်သူများ အထူးသတိထားကြရန် လူမှုကူညီရေးအဖွဲ့အချို့ကသတိပေးနေသည်။

Public Service Announcement
အဆိုပါနယ်စပ်မြို့နှစ်မြို့တွင်မြို့ပေါ်ရပ်ကွက်များပါရေကြီးနေပြီး ကမ်းနားနှင့် မြေနိမ့်ပိုင်းနေပြည်သူများ ရေဘေးစတင်တိမ်းရှောင်နေကြရပြီဖြစ်သည်။ထိုကြောင့်ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားသည်။
လက်ရှိတွင်ပဲခူးတိုင်းအတွင်းရွှေကျင်မြစ်ရေသည် ရွှေကျင် မြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေကျော်၊ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၄ ပေခန့် ကျော်လွန်နေသည်။ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း မြို့တွင်ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ၃ လက်မခန့် ကျော်လွန်နေသည်။
ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်သည် ပုံမှန်ထက်မြင့်တက်နေသလို သံလွင်မြစ်ရေသည် ဘားအံမြို့ တွင်စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်။
မွန်ပြည်နယ်တွင် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အောက်၁ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ ပုသိမ်မြို့တွင်လည်း ငဝန်မြစ်ရေ ယင်းမြို့၏ စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်။တိုးမြစ်ရေသည်လည်း မအူပင်မြို့တွင်စိုးရိမ်ရေမှတ်အနီးရောက်ရှိနေပြီးအထက်ပါမြစ်များအားလုံးဆက်လက်မြင့်တက်နိုင်ကြောင်းသတိပေးထားသည်။
တောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ(Wipha) အရှိန်ကြောင့် ဇူလိုင်လ ၂၅ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌နေရာကွက်၍မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိပေးထားသည်။မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။
ဝီဖာမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် အားလျော့သွားသော်လည်း ထိုင်း၊ မြန်မာနိုင်ငံတို့တွင် မိုးဆက်ကြီးနေသည်။ မုန်တိုင်းကြောင့် တရုတ်၊ဖိလစ်ပိုင်နိုင်ငံတွင်လည်း ထိခိုက်မှုများပြားခဲ့သည်။
လက်ရှိရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ်အားလုံးနီးပါး၌မိုးကောင်းနေသည်။ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမိုင်းပေါက်မြို့တွင် ရေဘေးဆိုးရွားစွာ ကြုံတွေ့ခဲ့ပြီး လူသေဆုံးမှုအချို့ရှိခဲ့သည်။ ရန်ကုန်မြို့တွင်လည်း ယနေ့နံနက်ပိုင်း၌ လေပြင်းတိုက်ခိုက်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းတွင် လေဆင်နှာမောင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟုသတင်းရရှိသည်။






















































