Connect with us

Hi, what are you looking for?

သတင်း

ချင်း – ကချင်ညီအကိုများအကြား တွေ့ဆုံမှုနှင့် လက်တွဲတိုက်ပွဲဝင်နေဟု KIOနှင့် CNFပြော

ချင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)အကြားတွေ့ဆုံဆွေးနွေးမှုရှိကြောင်း KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောကြားသကဲ့သို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း KIOနှင့်အတူလက်တွဲ တိုက်ပွဲဝင်နေကြောင်း ပြောကြားသည်။

ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ချင်းညီနောင် ခေါင်းဆောင်များ ဇူလိုင်တတိယပတ်က တွေ့ဆုံစဉ်နှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့် CNF ခေါင်းဆောင်များ တွေ့ဆုံနေစဉ်(CNF ဌာနချုပ်၌ ယခုနှစ်ဇူလိုင်လက တွေ့ဆုံမှုဟု ချင်းသတင်းရင်းမြစ်အချို့က ပြောပြသော်လည်း နှစ်ဖက်က သတင်းထုတ်ပြန်ခြင်း မရှိပေ)။ ဓာတ်ပုံ - MTC၊ CJ

ဩဂုတ်-၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)အကြားတွေ့ဆုံဆွေးနွေးမှုရှိကြောင်း KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောကြားသကဲ့သို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း KIOနှင့်အတူလက်တွဲ တိုက်ပွဲဝင်နေကြောင်း ပြောကြားသည်။

ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ချင်းညီနောင်အဖွဲ့၊ CNFတို့နှင့်တွေ့ဆုံခဲ့မှုကို ဩဂုတ် ၁၁ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် လက်ရေးမူဖြင့် ရေးသားထားသောစာကို ဖော်ပြအသိပေးခဲ့ခြင်းဖြစ်သည်။ BBC၏ မေးခွန်းမေးမြန်းမှုအပေါ် မေးခွန်းနှင့်အဖြေ ၂ခုလုံးကို ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

KIOအနေဖြင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များနှင့် အမြဲလိုလို တွေ့ဆုံမှု ရှိကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

Public Service Announcement

Public Service Announcement

ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ချင်းညီနောင် ခေါင်းဆောင်များ ဇူလိုင်တတိယပတ်က တွေ့ဆုံစဉ်နှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့် CNF ခေါင်းဆောင်များ တွေ့ဆုံနေစဉ်(CNF ဌာနချုပ်၌ ယခုနှစ်ဇူလိုင်လက တွေ့ဆုံမှုဟု ချင်းသတင်းရင်းမြစ်အချို့က ပြောပြသော်လည်း နှစ်ဖက်က သတင်းထုတ်ပြန်ခြင်း မရှိပေ)။ ဓာတ်ပုံ – MTC၊ CJ

“CB(ချင်းညီနောင်)နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံမှုကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ CBနဲ့ ဖြစ်စေ၊CNFနဲ့ ဖြစ်စေ ချင်း၊ကချင်ညီအကိုများ တွေ့ဆုံမှု ဖြစ်သလို တော်လှန်ရေး အဖွဲ့အချင်းချင်း တွေ့ဆုံမှု ဖြစ်ပါတယ်”ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

ချင်းညီနောင်ကလည်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်အပါအဝင် KIO/KIA အရာရှိများနှင့် ဇူလိုင်တတိယပတ်တွင် တွေ့ဆုံကာ တော်လှန်ရေးတွင်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း အသိပေးထားသည်။

ဒုဗိုလ်ချုပ်ကြီးဂွန်မော် ရေးသားခဲ့သည့် ချင်း-ကချင်ဆက်ဆံရေးနှင့်ပတ်သက်၍ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံ မေးမြန်းရာ ၎င်းက “လူမျိုးဆင်းသက်လာပုံ သမိုင်းကြောင်းအရ ချင်းနဲ့ ကချင်ဟာ တအူတုံဆင်း ညီအကိုတွေ ဖြစ်တယ်။ CNF/CNA ဟာ ကချင် KIO/KIAမှာပဲ တော်လှန်ရေး နို့စို့ပြီး ယနေ့အထိ ရပ်တည်နိုင်ခဲ့တာပါ”ဟု ဩဂုတ် ၁၂ရက်တွင် ပြောကြားသည်။

KIOနှင့် CNFသည် အမြဲထိတွေ့ဆက်ဆံနေသကဲ့သို့ ယနေ့အထိအတူတိုက်ပွဲဝင်နေကြောင်း၊ CNF အနေဖြင့် ကချင်ပြည်၊ ချင်းပြည်ခွဲခြားခြင်းမရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။

ယုံကြည်ချက်တူညီသည့် အခြား ညီနောင်တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲသွားမည်ဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

KIOနှင့် CNFက သတင်းထုတ်ပြန်မှုမပြုသော်လည်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်သည် ဇူလိုင်အတွင်းက CNF ဌာနချုပ်သို့ လာရောက်ခဲ့ကြောင်း ချင်းရင်းမြစ်အချို့က လူမှုကွန်ရက်တွင် ဓာတ်ပုံမှတ်တမ်းဖော်ပြမှုအချို့ရှိခဲ့သည်။

“ကျနော်တို့ ချင်းနဲ့ ကချင်ကတော့ သမိုင်းမှာ ညီအကိုပေါ့။ တကယ့်အရင်းညီအကိုလိုပဲ သဘောထားတယ်”ဟု ချင်းသတင်းရင်းမြစ်တဦးက ပြောပြသည်။

ဒုဗိုလ်ချုပ်ကြီးဂွန်မော်သည် ယောတပ်တော် နှင့်လည်း နွေဦးတော်လှန်ရေး အစောဆုံးအချိန်ကတည်းက လက်ရှိအချိန်ထိ အမြဲတွေ့ဆုံနေသည့် အခြေအနေရှိဟု အသိပေးသည်။

“ကိုယ့်ခြေထောက်ပေါ် ရပ်တည်ရေးဆိုတာ လူမျိုး၊ နိုင်ငံတိုင်း ထားရှိရမယ့် သဘောထားပါ။ တြားသူတွေရဲ့ လက်ထဲကို မိမိတို့ရဲ့ ကံကြမ္မာ ၀ကွက်အပ်ထားတာမျိုး မဟုတ်ဘဲ မိမိတို့ ကိုယ်တိုင် ကြိုးစားဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် နယ်မြေခြင်း ဆက်စပ်သလို ရည်မှန်းချက်ခြင်းတူတဲ့ အဖွဲ့များ စုစည်းပြီး မိမိတို့ ခြေထောက်ပေါ်မိမိ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ဦးတည်ဆွေးနွေးကြတာဖြစ်ပါတယ်”ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးနေမှု အခြေအနေအပေါ် ရှင်းပြသည်။

KIO/KIAသည် လက်ရှိ စစ်ကောင်စီကိုအထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် အာရက္ခတပ်တော်(AA)၊ တအာင်းတပ်မတော်(TNLA)တို့ကိုလည်း စစ်သင်တန်းပေး ၊ထောက်ပံ့မှုများ ပေးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို တော်လှန်လိုသည့် မြန်မာနိုင်ငံတဝန်းရှိ လူငယ်များကို စစ်သင်တန်းများပေးခြင်း၊ ထောက်ပံ့ပေးခြင်းများပြုလုပ်ကာ အတူလက်တွဲတိုက်ပွဲဝင်လျက်ရှိသည်။

အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် KIO တို့ အားကောင်းစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စစ်ကောင်စီကို အတူလက်တွဲတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။