ဩဂုတ်-၂၂၊၂၀၂၅။အိမ်သွင်/People’s Spring
တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ခါမ်းပါတ်မြို့သို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို ကလေးနှင့် ခါမ်းပါတ်မြို့ကြားတွင် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်။
ကလေးမြို့နယ်မြောက်ပိုင်း နေရာအချို့တွင် တိုက်ပွဲပြင်းထန်နေပြီး သြဂုတ် ၂၀ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
” စစ်ကောင်စီက ကလေးဝနဲ့ ကလေးဘက်ကနေ ဝင်လာတာ။ သူတို့က ခါမ်းပါတ်ကို ဦးတည်ဖို့ ကြိုးစားနေတာပါ။ တိုက်ပွဲဆက်ဖြစ်နေတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ယနေ့(ဩဂုတ် ၂၂ရက်)တွင် ပြောသည်။

Public Service Announcement
စစ်မှုထမ်းသင်တန်းဆင်းအများဆုံးပါဝင်သည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် သြဂုတ်လဆန်းမှစတင်၍ ကလေးမြို့နယ်မြောက်ပိုင်းမှ ဝင်ရောက်လာခြင်း ဖြစ်သည်။
” ချင်းတွင်းမြစ်ကြောင်းကနေ စစ်သင်္ဘောတွေနဲ့လာပို့သွားတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေက ကလေးဝကို ပို့တယ်။ အဲ့ဒီကနေ အခု စစ်ကြောင်းထွက်လာတာ”ဟု တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဇူလိုင်က
စစ်သင်္ဘောသုံးစီးအပါအဝင် စုစုပေါင်းသင်္ဘော အစီးရေ ၃၀ဖြင့် မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဟုမ္မလင်းမြို့နယ်တို့ကို ရိက္ခာနှင့်လူအင်အားပို့ဆောင်ခဲ့သည်။
ကလေးဝမြို့နယ်တွင် စစ်ကား၁၂စီးဖြင့် စစ် ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ခန့်နှင့် ရိက္ခာများထားခဲ့ကာ ယခုအခါ စစ်ရေးလှုပ်ရှားလာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိတိုက်ပွဲမှာ ကလေးမြို့နယ်နှင့် တမူးခရိုင်၊ ခါမ်းပါတ်မြို့ကြားတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃နိုဝင်ဘာ ၇ရက်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ယနေ့(ဩဂုတ် ၂၂ရက်) အထိထိန်းချုပ်ထားသည်။
တမူးမြို့နယ် နန်မွန်းတားကျေးရွာတွင်လည်း သြဂုတ်လဆန်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးသေဆုံးကာ သေနတ် ၉လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ခဲ့သည်။
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။


















































