ဖေဖော်ဝါရီ-၁၊၂၀၂၆။သတိုး/People’s Spring
စစ်ကောင်စီ အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်မှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေက သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး အချက်သုံးချက် တောင်းဆိုခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။
“အမှုကြီး၉မှု ပယ်ကာဖျက်သိမ်းရေး၊ အကျဥ်းသား/အကျဥ်းသူ တန်းတူအချိုးရရှိရေးနဲ့ အာ
ဏာရှင် အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး” ဆိုတဲ့ အချက်သုံးချက်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုခဲ့တာလို့ သိရပါတယ်။
အဲဒီလှုပ်ရှားမှုကို ဖောင်းပြင်မြို့မှ အကျဥ်းသူ မခင်နွဲ့လှိုင်က ဦးဆောင်ခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကဖော်ပြထားပါတယ်။

Public Service Announcement
တောင်းဆိုထားတဲ့ပထမနှစ်ချက်ကိုလာမယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နောက်ဆုံးထားသဘောတူပေးဖို့နဲ့ မလုပ်ဆောင်ရင်နှစ်ဆန်း၂ ရက်မှာ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာသပိတ်နေ့လုပ်ဆောင်မယ်လို့ကြေညာထားတယ်လို့သိရပါတယ်။
ဒါကြောင့် နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းကအကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေး၊ ညှင်းပန်းနှိပ်စက်ခံရမှုများ ပပျောက် စေရေးနဲ့အလျင်အမြန်လွတ်မြောက်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးဆန့်ကျင်ကန့်ကွက်ရုံနဲ့ မလုံလောက်ဘဲသက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးနဲ့ချိတ်ဆက်ပြီးထိရောက်မှုရှိတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ဖို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကတောင်းဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသူ ၂၀၀ နီးပါးက ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီးဦးဆောင်သူ ၁၅ဦးကို စစ်ကောင်စီထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။ သွေးသစ္စာသီချင်းသီဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ အကျဉ်းသူတွေထဲက အကျဉ်းသူ ၁၅ ယောက်လောက် တိုက်ပိတ်ခံထားရတယ်လို့ သိရပြီး အကျဉ်းသူအားလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လို့ ပြည်သူတွေ ၊လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တွေအနေနဲ့အလေးထားစောင့်ကြည့်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ကအရေးပေါ် သတိပေးထားပါတယ်။နောက်ဆက်တွဲအခြေအနေကို PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကို People’s ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့်ဆက်သွယ်လို့မရသေးပါဘူး ။

















































