Connect with us

Hi, what are you looking for?

ကဗျာ

ဆင်ခြေဖုံးရပ်ကွက်ထဲက ငါ့သူငယ်ချင်း’

◼️ကိန်း (ခရမ်း)

ဒီကောင်က ကြောင်တောင်တောင်ကောင်
အိမ်ကပေးတဲ့ ကျောင်းမုန့်ဖိုး တစ်ရာတန်အပြဲကလေးကို
ဘိန်းမုန့်ကြီးကြီး ဝယ်စားချင်တဲ့ကောင်၊

ဒီကောင်က ငကြောက်
မြို့မကကောင်တွေနဲ့ကျောင်းကြီးက ကောင်တွေချတော့
သူများလက်သီးကြား
ခေါင်းငုံ့ပြီး အထိုးခံနေကျ
အော်ငိုပြီး အိမ်ပြန်နေကျ ကောင်၊

ဒီကောင်က ဝမ်းနည်းတတ်တယ်
အထက်တန်းရောက်လို့ သူငယ်ချင်းတွေ အတန်းမတူကြတော့
စာသင်ခုံမှာထိုင်ဆွေးပြီး
အခန်းပြောင်းချင်တယ်လို့
ဆရာမရှေ့ တကိုယ်တော်ဆန္ဒပြတတ်တဲ့ကောင်၊

Public Service Announcement

Public Service Announcement

ကျောင်းဆင်းလို့ အိမ်ရောက်ရင်
သူ့အမေရဲ့ အသုပ်ဆိုင်မှာ
ပန်းကန်ထဲ ဟင်းခါးတွေဖြည့်
ခုံတွေသုတ်
အသွားပြန် ၁နာရီလောက်ဝေးတဲ့ မုန့်ဖိုကို
မုန့်ဖက်ကုန်ရင် ကုန်းကြောင်းသွားဝယ်သေးတယ်၊

စစ်အာဏာသိမ်းတော့
ဒီကောင်က လူပျိုဝင်စကို ကျော်လွန်တဲ့အရွယ်
ဆန္ဒပြပွဲတွေရှေ့ ဒိုင်းကာကြီးကိုင်ပြီး
Tigrealလိုလို ဘာလိုလို
ဘောင်းဘီတိုမှာ အပေါက်တွေ
အကျီမှာ ပါတဲ့စာတန်းက ဂျီအက်…တဲ့
သူ့အဖေရဲ့ဆောက်လုပ်ရေးဦးထုပ်ကြီးဆောင်းလို့
ဒီမိုကရေစီကို ပြန်တောင်းသတဲ့လေ၊

ဒီမိုကရေစီ အသာထား
ရော်ဘာကျည်ရာ ဗလပွ
ခြေထောက်လေး ထော့နဲ့ထော့နဲ့ နဲ့
ဆင်ခြေဖုံးရပ်ကွက်ငယ်ထဲက အိမ်ကလေးဆီ
အမောတကော သုတ်ခြေတင်ခဲ့ပေါ့၊

မြို့က​လေးမှာ ယမ်းနံ့တွေ
လွတ်လပ်ခြင်းတွေကို ယမ်းငွေ့တွေငုံလိုက်တော့
တခါတလေ
မြို့ကလေးရဲ့ရင်အုံတည့်တည့်မှာ
ပေါက်ကွဲသံအစုံ တုန်ခါနေသတဲ့၊

ဒီကောင်က မိုက်ရူးရဲဆန်တယ်
လက်နက်ကိုင်လမ်းစဥ်ကို
မိသားစုဆန္ဒခံယူပွဲမလုပ်ပဲ ရွေးသွားတယ်၊

ဒီကောင်
ပေါင်ချိန် ၁၂၀နဲ့ နိုင်ငံကို နိုင်သလောက်ဝင်ထမ်းမဲ့ကောင်
အိမ်ကို စစ်တပ်လာဝိုင်းသွားတာ သူမသိဘူး
သူ့အကို စစ်တပ်ကဖမ်းသွားတာလဲ သူမသိဘူး
သူ့အဖေ ကင်ဆာရောဂါနဲ့ဆုံးတာ သူမသိလိုက်ဘူး
သူ့အမေရဲ့ အသုပ်ဆိုင်လေးပိတ်လိုက်တာ မသိရှာဘူး
အိမ်ဘေးကအရက်သမား ဥက္ကဋ္ဌဖြစ်တာ
တရပ်ကွက်ထဲသူငယ်ချင်း စစ်တပ်ထဲဝင်တာ
ကျောင်းနားပြီး သူ့ညီမလေး အထည်ချုပ်ဆင်းတာ
သူ ဘာဆိုဘာမှ မသိဘူး၊

၅နာရီ PTထပြေးမယ်
သစ်သားသေနတ်လေးကို စကုတ်တပ်မယ်
မျှစ်ပြုတ်နဲ့ ထမင်းတုတ်မယ်
ရေကြဲကြဲထဲ
စူပါကော်ဖီတစ်ထုပ်ထည့်ဖျော်ပြီး
ငါးယောက် ဝိုင်းဖွဲ့သောက်မယ်
ဒီကောင်က နေသားကျ​လို့ပေါ့၊

မိုဘိုင်းလိ့ဂျန့်ဟီးရိုးတွေ ဒီကောင်မမှတ်မိတော့ဘူး
အဲ့ဒီမြေမှာ အင်တာနက်ဆိုတာ မရှိဘူး
စည်းကမ်းဖောက်ရင်
ခြောက်ပေါက်ကို စောင့်ရှောက်ရသတဲ့၊

ငှက်ဖျားဆိုတာ
ငယ်ချစ်ဦးလို ရင်းနှီးသတဲ့
တောင်ထန်းမိုး ကြမ်းခင်းထဲ ဝါးလုံးတွေဆီပုခတ်ချည်ရင်း
သူ့မှာ အိမ်ကိုလွမ်းနေရတယ်တဲ့၊

မင်းတို့အိမ်ဘေးက အရက်သမားဥက္ကဋ္ဌဖြစ်ပြီးတော့
စစ်မှုထမ်းအတွက် ပိုက်ဆံတွေကောက်ပြီး ပြေလည်နေတယ်ပြောတော့
သူခွက်ထိုးခွက်လန် ရယ်တယ်
မင်းအကို ဆိုက္ကားနင်းနေတယ်
အထည်ချုပ်က မင်းညီမလေး လစာကောင်းတယ်
မင်း အမေဆုံးပြီလို့ ပြောတော့
ဒီကောင် ငိုကြီးချက်မနဲ့ ငိုတယ်၊

ငါ့သူငယ်ချင်းရေ…
ဆင်ခြေဖုံးရပ်ကွက်လေးထဲက လက်တွေဟာ
နိုင်ငံကို ဘယ်လောက်ထမ်းပေးနိုင်ကြောင်း
အမှန်တရားကို
မူးယစ်ဆေးလို စွဲမြဲတတ်ကြောင်း
အသံတိတ်တိတ် မင်းပြောပြ​နေတာပဲ
ကမ္ဘာဟာ အမှန်တကယ်လည်နေတာဆိုရင်
ခေါင်းသုတ်ငှက်တွေရဲ့အသံဟာ ချိုလာအုံးမှာပါ သူငယ်ချင်း။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ကိန်း(ခရမ်း)’ ရေးဖွဲ့တဲ့ “ဆင်ခြေဖုံးရပ်ကွက်ထဲက ငါ့သူငယ်ချင်း” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...