မင်းသွင်
အချစ်နဲ့ ဝေးနေပါတယ် ဆိုမှ
မလွမ်းစေချင်ဘူး … တဲ့လား။
စစ်တိုက်နေရပါတယ် ဆိုမှ
Gun တွေ မလိုပါဘူး …တဲ့လား။
ဘယ်သူမှ မမှားပါဘူး၊
ဒီလို တိုင်းပြည်မှာ မွေးခဲ့တည်းက
ငါတို့အားလုံး သားကောင်တွေပါ..မေရီဆိုင်းနွယ် ။
Internet သုံးဖို့
တောင်ပေါ် အတူတူ တက်ရတဲ့နေ့ကို
နင် … မမေ့သေးဘူး မဟုတ်လား
အညာမှာလည်း internet သုံးချင်ရင်
ခရီးထွက်ရတယ်၊
အံ့ဩသွားသလား…. မေရီဆိုင်းနွယ် ။
မိုင်ဂျာယာန်ကို လွမ်းတဲ့အခါ၊
လိုင်ဇာကို လွမ်းတဲ့အခါ
ဂျေယန်းက စစ်ရှောင်စခန်းကို အတူတူသွားခဲ့တဲ့နေ့
ငါ ဘယ်တော့မှ မမေ့ဘူး။
စစ်ပွဲတွေကို ရှောင်ရင်း
စစ်ပွဲထဲကို တည့်တည့်ကျမိတဲ့ ကောင်ပါ
နင် … လှောင်ရယ် ရယ်နေသလား မေရီဆိုင်းနွယ် ။

Public Service Announcement
မိုးတွေ ညို့လာရင်
ဟိုအဝေးကြီးက ဘွမ်စော့ တောင်ကုန်းမှာ
ပျောက်ဆုံးသွားတဲ့ နှင်းတွေကို
အတူတူငေးကြည့်ခဲ့တဲ့နေ့ တွေ လွမ်းသလို
အညာဒေသမှာတော့ လွမ်းစရာ မကောင်းသလိုလိုနဲ့
နွမ်းနေတဲ့ကြားကပဲ လွမ်းရပါတယ် မေရီဆိုင်းနွယ် ။
ပုန်းခိုစရာ တောမရှိဘူး။
ခိုလှုံစရာ သျှို၊ မြောင် မရှိဘူး။
အညာရင်ခွင်ရဲ့ ဗလာလွင်ပြင်မှာ
မဆင်မခြင် စစ်တိုက် နေရသလား လို့
(ဆရာမကြီး လေသံနဲ့ )
နင် … ပြောနေမှာ မြင်ယောင်တယ် မေရီဆိုင်းနွယ် ။
အညာမှာလည်း ဆရာကြီးတွေ များတယ် ။
စစ်ကိုင်းနဲ့ ကချင်ဆိုတာ
နန့်စီးအောင် ချောင်းလေးပဲ ခြားတဲ့
ရင်ခွင် အတူတူရဲ့ လူတွေပဲ မဟုတ်လား
မမေ့ပါဘူး ဆိုင်းနွယ်ရေ…
မသေလို့ တွေ့ကြရင်
စစ်ပွဲတွေရဲ့ အလွဲတွေ အကြောင်း
ရယ်ရယ်မောမော ပြန်ပြောကြတာပေါ့ …။
ပါးစပ်က ဖက်ဒရယ် အကြောင်းပြောပြီး
လက်က ဖက်ဆစ်စော်နံနေတဲ့ ကောင်တွေ
လက်မထောင်နေတဲ့ စစ်ပွဲတွေကြား
နေရာမှားပြီး ရောက်နေတဲ့ ငါ့ကို
နင် … စိုးရိမ်တာ မမှားဘူး မေရီဆိုင်းနွယ်
မကြာခင်မှာ အညာဒေသဟာ
ဆန်ကွဲနဲ့ ပြောင်းဆံ ပြုတ်သောက်ရတော့မှာ ။
စပါး မစိုက်နိုင်ဘဲ
စစ်တိုက်နေရတဲ့ တိုင်းပြည်မှ မငတ်ရင်
ဘယ်သူငတ်မှာလဲ … မေရီဆိုင်းနွယ်
အခုမှ သေနတ်ကိုင်တဲ့ ကောင်တွေကို
ဗိုလ်လုပ်ရတာလည်း လွယ်တော့ မလွယ်ဘူး
(တချို့ကလည်း….)
စစ်ပွဲကို ဆွဲဆန့်ချင်နေလေရဲ့ ။
နောက်ဆုတ်မရတော့လို့
ရှေ့တိုးရင်း… နင် နဲ့ ကချင်မြေကို
ဝေးသထက် ဝေးခဲ့ပေမဲ့ …
အလင်းစက်တွေ တွေ့နေရပါပြီ
မကြာခင်မှာ ရောင်နီလာတော့မယ် ။
ဟောဟိုက…
ဟောင်ဂေါ် တောင်ကုန်းတွေ ဖြတ်ပြီး
ငါ ပြန်လာနိုင်ပါစေ…ဆုတောင်းရင်း
နင် စောင့်နေမယ် မဟုတ်လား မေရီဆိုင်းနွယ် … ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’မင်းသွင်’ရေးဖွဲ့တဲ့ “To….Mary Seng Noi” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































