နိုဝင်ဘာ-၁၇၊ ၂၀၂၅။ ပုရစ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြန်မာ-ထိုင်းနယ်စပ်က မောတောင်မြို့ကို စစ်တပ်က ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားလျက်ရှိရာ လေကြောင်းက အင်အားဖြည့်တာ၊ ဗုံးကြဲတိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်က စစ်ကောင်စီစခန်းကို KNUပူးပေါင်းတပ်က နိုဝင်ဘာ ၁၁ရက်မှာ ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာ ၁၄ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၃ဦးနဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းဖမ်းဆည်းရရှိခဲ့ပါတယ်။
မောတောင်မြို့ကို လက်လွှတ်လိုက်ရပြီးတဲ့နောက်နေ့ နိုဝင်ဘာ ၁၅ရက်မှာပဲ စစ်ကောင်စီဟာ တနင်္သာရီမြို့နယ် သိန်ခွန်းအနီး သဲဖြူရွာကို ရဟတ်ယာဉ်နဲ့ စစ်အင်အား ၁၀၀ကျော် လာချသွားသလို တနင်္သာရီမြို့နယ် သူးလေပလောရွာကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement
” ၁၆ရက်နေ့က သူးလေပလောကျေးရွာကို ဗုံးသွားကြဲတာ။ တနေ့လုံး အကြိမ်ရေမနည်းဘူးဗုံးကြဲတာ။ Y12နဲ့လည်းကြဲတယ်။ များအားကြီးလို့ ကျနော်တို့ မမှတ်မိတော့ဘူး။ လေယာဉ်နဲ့ အသုံးပြုပြီး ဗုံးကြဲတာ။ စစ်ကူလိုက်တာ”ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်းကနေဗုံးကြဲမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာမရှိဘူးလို့ အသိပေးပါတယ်။
သူးလေပလောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကို KNU မြိတ်ထားဝယ်ခရိုင်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လေကြောင်းကနေအင်အားလာဖြည့်တဲ့ စစ်သားတွေထဲက အချို့ဟာ တော်လှန်
ရေးအင်အားစုတွေထံ လက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။
စစ်တပ်ဟာ အာဏာဆက်လက်တည်မြဲနိုင်ဖို့ သူတို့ အုပ်ချုပ်ရာနယ်မြေတွေမှာ အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ အထူးကြိုးပမ်းနေသလို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေဖြစ်တဲ့ KNU အုပ်ချုပ်ရာ ဒေသတွေက ပြည်သူတွေအကြောက်တရားဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဖော်ပြထားပါတယ်။
လေကြောင်းဗုံးကြဲတာဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက စစ်ကောင်စီက မောတောင်လမ်းပိုင်းထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေတဲ့ သိန်ခွန်းရွာအနီးဝန်းကျင်ကို ဗုံးကြဲနေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
” သိန်ခွန်းဘက်က စစ်ကြောင်းက မောတောင်ကို တက်လို့ရအောင် သူက တောက်လျှောက်ဗုံးကြဲပေးနေတာ”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း မောတောင်မြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ခွင့်မရစေဖို့ နည်းမျိုးစုံနဲ့ ခုခံသွားဖို့ရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မောတောင်မြို့ဟာ အရင်က KNU တနင်္သာရီမြို့နယ် ဌာနချုပ်နယ်မြေဖြစ်ပြီး ၁၉၉၀ မှာ စစ်တပ်က သိမ်းပိုက်ခဲ့ရာ ၃၅နှစ်အကြာမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


















































