နိုဝင်ဘာ-၁၀၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
စစ်ကိုင်းမြို့နယ်၊ ငါးထပ်ကြီးဘုရားရဲ့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ မင်္ဂလာဆောင်ကို ဝင်စီးကာ သတို့သမီးအပါအဝင် ဒေသခံတွေကိုဖမ်းဆီးခဲ့ပြီး တဲကြီးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ရက်က စစ်ကိုင်းမြို့နယ်မှာ အမှတ်(၇၂)သံချပ်ကာတပ်ရင်းမှ ဒုတိယ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို လင်းယုန်ညီနောင်ပြောက်ကျားတပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဲဒီဖြစ်စဥ်အပြီး အောက်တိုဘာ ၁၉ ရက်မှ စတင်ကာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်ကြောင်းတွေထိုးနေတာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ နိုဝင်ဘာ ၇ရက်မှာ ကျွဲလူးရွာ မင်္ဂလာဆောင်ကို ဝင်ရောက်စီးနင်းချိန်မှာ သတို့သားက ထွက်ပြေး လွတ်မြောက်သွားပြီး သတို့သမီး အပါအဝင် အမျိုးသမီးတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တဲကြီးရွာဘက်ကို ဆက်ထွက်လာချိန် မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုဟာ တဲကြီးရွာကို ဝင်ရောက်မီးရှို့သွားတာလို့ ဆိုပါတယ်။

Public Service Announcement
“တဲကြီးက အိမ် ၃လုံးလောက်တော့ပါသွားတယ်ဗျ။ ဒီစစ်ကြောင်းက အဲဒီသူတို့ဘက်က ဗိုလ်မှူးကြီးအဖမ်းခံရကတည်းကပဲ ဒီအနောက်တာဘက်ကို စစ်ကြောင်းထိုးနေတာ။ အခုထိရှိသေးတယ်”လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိအဲဒီစစ်ကြောင်းဟာ ဇီးချောင်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်က အစောင့် တော်လှန်ရေး ရဲဘော်ရဲ့ သေနတ်ကို ဆွဲလုကာ ထွက် ပြေးဖို့ ကြိုးစားတာကြောင့် အောက်တိုဘာ ၁၉ရက်မှာ ရှင်းလင်းခဲ့ရတယ်လို့ လင်းယုန်ညီနောက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။




















































