Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစုမြို့နယ်မှာ လက်နက်ခဲယမ်းသယ်တဲ့ စစ်အုပ်စုယာဉ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ရဲနဲ့ ပျူစောထီး ၅ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းရဟု ကျွန်းစုပကဖ ထုတ်ပြန်

ကျွန်းစုမြို့နယ်မှာ ပျူစောထီးစခန်းအတွက် လက်နက်ခဲယမ်းသယ်လာတဲ့ ကားအတွင်းက သိမ်းရတဲ့ ပစ္စည်းတွေ။ ဓာတ်ပုံ - ကျွန်းစု ပကဖ

နိုဝင်ဘာ-၂၅၊၂၀၂၅။ပုရစ်/People’s Spring

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းအတွက် လက်နက်ခဲယမ်းသယ်လာတဲ့ကားကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မြိတ်ခရိုင် ပကဖ ပူးပေါင်းအဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ကျွန်းစုပကဖက ထုတ်ပြန်ပါတယ်။

ပကဖ ပူးပေါင်းတပ်ဖွဲ့က ကျွန်းစုမြို့နယ်ရဲ့ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ၊ယမုံကျေးရွာတွေကို နယ်မြေကွင်းဆင်းစဉ် ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား ၂စီး ဝင်ရောက်လာတာ စုံစမ်းသိရလို့ နိုဝင်ဘာ ၂၃ရက် မနက် ၁၀နာရီ ခန့်မှာ ယမုံကျေးရွာအနီး လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

တိုက်ပွဲမှာ ပျူစောထီးနဲ့ ရဲတွေ ကားပေါ်က ဆင်းပြေးစဉ် ပကဖ ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ခဲ့လို့ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျွန်းစုမြို့နယ်မှာ ပျူစောထီးစခန်းအတွက် လက်နက်ခဲယမ်းသယ်လာတဲ့ ကားအတွင်းက သိမ်းရတဲ့ ပစ္စည်းတွေ။ ဓာတ်ပုံ – ကျွန်းစု ပကဖ

ပျူစောထီးတွေ ထားခဲ့တဲ့ ကားကို စီးနင်းထိန်းသိမ်းခဲ့သလို နောက်ကလိုက်လာတဲ့ ကားကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်ဆင်ရေးအတွင်း ပျူစောထီးနဲ့ ရဲတွေ ၅ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့တာကို မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ သိရကြောင်း ကျွန်းစုပကဖက ထုတ်ပြန်ပါတယ်။

” အခုလို တိုက်ပွဲဖြစ်တာတို့ အသံကြားရင် ပျူတွေ ရဲတွေနဲ့ ဝေးဝေးနေပေးပါ”လို့ ကျွန်းစုပကဖ တာဝန်ရှိသူ ရဲဘော်ငါးမန်းက ဒေသခံ ပြည်သူတွေကို ပြောပါတယ်။

ပျူစောထီးနဲ့ ရဲတွေဆီက သိမ်းရတဲ့ကားအတွင်းက လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်းကိုလည်း ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ပါတယ်။ သိမ်းရတာတွေက (၆၀)မမ မော်တာပြောင်း တစ်ခု၊ (၆၀)မမ ကျည် သီး ၅ လုံး ၊9မမ ကျည် (၃၈)တောင့်၊ နာနတ်သီးလက်ပစ်ဗုံး (၂ )လုံး၊ အူဇီကျည်ဘောက် ၂ ဘောက်၊ဓါးမြှောင် ၁ ချောင်း၊ဖုန်း ၁ လုံး၊ပျူစောထီးယူနီဖောင်း (၁) စုံ တို့ဖြစ်ကြောင်း အသိပေးပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့ ကားမောင်းသူနဲ့ ပျူစောထီးအဖွဲ့ဝင်ဟောင်းဆိုသူ ၂ဦး ကို စစ်ဆေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။

ကျွန်းစု ပကဖ အနေနဲ့ စစ်ရေးသတင်းတွေကို လိုအပ်ရင် လိုအပ်သလို အသိပေးထုတ်ပြန်လျက်ရှိတယ်လို့လည်း ရဲဘော်ငါးမန်းက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။