မြောက်ကိုရီးယားရဲ့ ဒုံးကျည် စွမ်းရည်ဟာ ရန်သူတွေကို ပြုတ်ပြုတ်ပြုန်းအောင် ချေမှုန်းပစ်နိုင်တယ်လို့ ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။
မြောက်ကိုရီးယား စစ်တပ်အတွက် အတွဲလိုက်ပစ် ဒုံးကျည်စနစ် (MLRS)တွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုကို သွားရောက် စစ်ဆေးချိန်မှာ ကင်မ်က အခုလို ပြောကြားခဲ့တာလို့ အစိုးရပိုင် KCNA သတင်းဌာနက ဒီဇင်ဘာ ၃၀ မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ မတိုင်ခင် တစ်ရက်ကလည်း KCNAဟာ ကင်မ်က မြောက်ကိုရီးယား တာဝေးပစ် ခရုစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်မှုကို သွားရောက် ကွပ်ကဲ စောင့်ကြည့်ခဲ့တဲ့အကြောင်း သတင်းဖော်ပြခဲ့ပါသေးတယ်။ ကင်မ်ဟာ နိုင်ငံရဲ့ တိုက်ခိုက်ရေး စွမ်းရည် အသင့်ရှိမှုနဲ့ ပြည်ပ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စွမ်းကို ဆန်းစစ်ဖို့အတွက် MLRSတွေ ထုတ်လုပ်ရာ စက်ရုံကို သွားရောက် စစ်ဆေးခဲ့တာလို့ KCNAက ဆိုပါတယ်။
သတင်းဌာနက ထုတ်ပြတဲ့ ဓာတ်ပုံတွေထဲမှာတော့ ကင်မ်ဟာ စစ်ဖက် အရာရှိကြီးတွေ ခြံရံပြီး မိုးလုံလေလုံ ခန်းမကျယ်ကြီးထဲက ဒုံးကျည်တင် ထရပ်ကားတွေကို စစ်ဆေးနေတာ တွေ့ခဲ့ရပါတယ်။ ကင်မ်က အဲဒီ ဒုံးကျည်စနစ်သစ်တွေဟာ မြောက်ကိုရီးယား စစ်တပ်ရဲ့ ပင်မကျောရိုး တိုက်ခိုက်ရေး ယန္တရားတွေ ဖြစ်လာစေဖို့ မျှော်မှန်းထားတယ်လို့ ပြောခဲ့ကြောင်းလည်း ဖော်ပြထားပါသေးတယ်။

Public Service Announcement
မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေဟာ အထူးစွမ်းဆောင်ရည်မြင့်တဲ့ စစ်လက်နက်တွေ ဖြစ်ကြောင်း၊ ရန်သူကို လက်ဦးမှုယူပြီး အရမ်းတိကျတဲ့၊ ကြောက်ခမန်းလိလိ အစွမ်းမျိုးနဲ့ ပြုတ်ပြုတ်ပြုန်းအောင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေကြောင်း ကင်မ်က ပြောကြားခဲ့ကြောင်း KCNAရဲ့ သတင်းအရ သိရပါတယ်။
ပြီးတော့ မြောက်ကိုရီးယားဟာ အဲဒီ MLRS အသစ်တွေကို အရေအတွက် အမြောက်အမြား ထုတ်လုပ်ပြီး စစ်ဆင်ရေးတွေမှာ ရန်သူ့ ခံစစ်ကို ဖြိုဖျက်ဖို့ အဓိက အသုံးပြုမယ်လို့လည်း KCNAရဲ့ သတင်းမှာ ပါရှိခဲ့ပါတယ်။
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၃ ခုနှစ် ကျွန်းဆွယ်စစ်ပွဲမှာ အပစ်ရပ်ခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ် မချုပ်ဆိုခဲ့တာကြောင့် လက်ရှိ အချိန်ထိ စစ်ဖြစ်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။ မြောက်ကိုရီးယားရဲ့ အမြောက်တပ်ဟာ ခေတ်မမီတော့ဘဲ သက်တမ်းအိုဟောင်းနေပေမယ့် တောင်ကိုရီးယားကိုတော့ အကြီးအကျယ် ခြိမ်းခြောက်နိုင်တဲ့ ပစ်အားမျိုး ရှိနေဆဲလို့ စစ်ရေး သုတေသီတွေက သုံးသပ်ထားပါတယ်။ အခုအခါမှာ ကင်မ်ဟာ အဲဒီ လက်နက်ကြီး ပစ်အားကို နည်းပညာ ပိုမြင့်တဲ့ MLRSတွေနဲ့ ပံ့ပိုးအားဖြည့်ဖို့ စီစဉ်လာနေတာပါ။
၂၀၂၀ ပြည့်နှစ်တုန်းက စစ်ရေး သုတေသနဌာန RANDရဲ့ ဆန်းစစ်မှုအရ ဆိုးလ်လိုမျိုး လူစည်ကားရာ မြို့ကြီးတွေကို မြောက်ကိုရီးယားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့မယ်ဆိုရင် တစ်နာရီအတွင်း အနည်းဆုံး လူ ၁၀၀၀၀ လောက် သေကြေပျက်စီးနိုင်ခြေ ရှိနေတယ်လို့ သိရှိရပါတယ်။
ကိုးကား – AFP


















































