ဇန်နဝါရီ-၂၇ ၊၂၀၂၆။မိုမို/People’s Spring
အထူးလှုပ်ရှားတိုက်ခိုက်ရေး ရဲဘော်တွေနဲ့ အခြေခံစစ်သင်တန်း တက်ရောက်ခဲ့သူတွေ သင်တန်းဆင်း ပြီလို့ SOUTHERN YSO PDFတပ်ဖွဲ့ က ဒီကနေ့(ဇန်နဝါရီ ၂၇ရက်)မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့လွတ်မြောက်ရေး တော်လှန်ရေးရဲ့ အဓိကရည်မှန်းချက်တွေ လက်တွေ့အကောင် အထည်ဖော်နိုင်ဖို့နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးစွမ်းရည်၊ စည်းကမ်းလိုက်နာမှု၊နိုင်ငံရေးခံယူချက်တွေ ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ပြီး စနစ်တကျ စီမံခဲ့တာလို့ ဆိုပါတယ်။
အခြေခံစစ်သင်တန်း (မွမ်းမံ) သင်တန်းသား ၄၈ဦးနဲ့ အထူးလှုပ်ရှားတိုက်ခိုက်ရေး ရဲဘော် ၃၀ ဦးက သင်တန်းကို အောင်မြင်စွာပြီးစီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
“သင်တန်းက အပတ်စဉ် ၉ပါ။ လူ့အင်အား၊ စစ်ရေးစွမ်းရည်နဲ့ ခံယူချက်တွေကို ကို တိုးတက်ခိုင်မာစေဖို့ ရည်ရွယ်တယ်”လို့ SOUTHERN YSO PDF ဦးဆောင်တဲ့ ကိုအောင်မောင်းက လူထုနွေဦးကို ပြောပါတယ်။
သင်တန်းက လက်နက်ကိုင်စစ်ရေးနည်းပညာတွေအပြင် တော်လှန်ရေးရဲ့ အခြေခံအင်အားဖြစ်တဲ့ နိုင်ငံရေးသဘောတရား၊ ပြည်သူအပေါ် တာဝန်ယူမှု၊ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေကို အခြေခံအုတ်မြစ်အဖြစ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်တော်လှန်လာခဲ့တဲ့ ပြည်သူ့အစိတ် အပိုင်းတစ် ရပ်အဖြစ် SOUTHERN YSO PDF က ဆက်လက်ရပ်တည်မယ်လို့ဆိုပါတယ်။
တော်လှန်ရေးအယူဆအရ လူ၊လက်နက်၊အင်အား၊အာဏာကို အစားထိုးဖို့ မဟုတ်ဘဲပြည်သူ့ဆန္ဒနဲ့ ပြည်သူ့သဘောတူညီမှုအပေါ် အခြေခံတဲ့ ပြည်သူအသံကို လေးစားနားထောင်တာ၊ပြည်သူရဲ့လုံခြုံရေးကို ကာကွယ်တာကို တပ်ရဲ့အခြေခံမူဝါဒအဖြစ် တိတိကျကျ သတ်မှတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ရေးအချက်အလက်တွေအရ SOUTHERN YSO PDF က ပခုက္ကူ နဲ့ ရေစကြိုနယ်ကက စစ်တပ်အထိုင်စခန်းတွေကို တိုက်ခိုက်မှုတွေအပြင် စစ်တပ်ရဲ့ ရိက္ခာလမ်း ကြောင်းအချို့ကိုပါ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။


















































